သင်သေသွားသော်

သင်သေသွားသော်
Published 10 May 2016
ညီစေမင်း

သြော်-လူ့ပြည်လောက၊ လူ့ဘဝကားအိုရ နာရ၊ သေရဦးမည်မှန်ပေသည်တည်းသို့တပြီးကား၊ သင်သေသွားသော်သင်ဖွားသောမြေ၊ သင်တို့မြေသည်အခြေတိုးမြင့် ကျန်ကောင်းသင့်၏။ဆရာဇော်ဂျီတချို့ကတော့ သေသွားရင် ပြီးတာပဲကွာ။ ဇာတ်ထဲမှာတော့ စောစောသေရင် စောစောအိပ်ရတာပဲလို့ ခပ်ပေါ့ပေါ့ ဆိုကြတယ်။ တကယ်တော့ သေသွားရုံနဲ့ မပြီးပါ။ လူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြတာ။ ကိုယ်ရေးခဲ့တဲ့ သမိုင်းကောင်းရဲ့လား။ ဒါတွေ ပြန်စိစစ်ရဦးမယ်။ သမိုင်းကြောင်း မကောင်းသူ ဒါမှမဟုတ် သမိုင်းမှာ နာမည်ဆိုးနဲ့ ဟိုးဟိုးကျော်သူတွေဟာ အခါခါ သေကြရတယ်။ ကိုယ်က သေဆုံးသွားလို့ ကိုယ့်ကို ချီးမွမ်းတာ၊ ကဲ့ရဲ့တာ ဘာမှမသိတော့ဘူး ဆိုပေမယ့် မိမိရဲ့ သားသမီးများ၊ မြေးမြစ်များ ကျန်ခဲ့သေးတယ်။ ကိုယ့်လုပ်ရပ်တွေက ပြည်သူလူထု အများကြီးကို ငြိုငြင်စေတဲ့ လုပ်ရပ်မျိုး ဖြစ်ခဲ့မယ်ဆိုရင် ကျန်ရစ်သူ မိမိ သားသမီးများ၊ မြေးမြစ်များ၊ ဆွေမျိုးသားချင်းများမှာ ကိုယ်မတရား ရှာသွားခဲ့တဲ့ လောက စည်းစိမ်တို့ကို ဘယ်လိုပဲခံစား နေရနေရ လူတောထဲမှာ တိုးရဲမှာ မဟုတ်၊ ခေါင်းဖော်ရဲမှာ မဟုတ်။ ပြည်သူတွေရဲ့ တံတွေးခွက်ထဲ ပက်လက်မျော ကျန်ရစ်ခဲ့မယ့် အရေးကို မသေခင် စဉ်းစား ကြည့်သင့်တယ်။ဥပမာပြရရင် နိုင်ငံတော် ခေါင်းဆောင်ကြီးများကို လုပ်ကြံရာမှာ အဓိက ခေါင်းဆောင်ခဲ့တဲ့ ဂဠုန်ဦးစော။ သူ့မှာ သားသမီး မြေးမြစ်များ ကျန်ခဲ့ပေမယ့် ကျွန်တော်၊ ကျွန်မကဖြင့် ဂဠုန်ဦးစောရဲ့ သားပါ၊ သမီးပါလို့ လူပုံအလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်လိမ့်မည် မဟုတ်။ နောက်ပြီး လုပ်ကြံရာမှာပါတဲ့ ဖော်ကောင်ဘညွန့်။ တစ်ဖက်ကလည်း နိုင်ငံတော် ခေါင်းဆောင်ကြီးများကို လုပ်ကြံရာမှာ ပါဝင်ခဲ့တဲ့အပြင် အခြားတစ်ဖက်ကလည်း လုပ်ကြံရာမှာ ကိုယ်နဲ့အတူ ပါဝင်ခဲ့သူများကို သစ္စာဖောက် ဖော်ကောင် လုပ်ခဲ့တဲ့အတွက် တစ်ရှက်က နှစ်ရှက် ရနေသူအဖြစ် ယနေ့ထက်တိုင် နာမည်ပြောင်း ရုပ်ဖျက်ကာ ပုန်းလျှိုး ကွယ်လျှိုးနေခဲ့ရတယ်။ လူ့လောကထဲမှာ ထင်ထင်ပေါ်ပေါ် မလှုပ်ရှားရဲ။ဒီလိုပါပဲ။ နိုင်ငံကို အရှေ့တောင် အာရှမှာ အချမ်းသာဆုံး နိုင်ငံအဖြစ်ကနေ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် ရောက်အောင် တွန်းပို့ခဲ့တဲ့ ပုဂ္ဂိုလ်များမှာလည်း ရှင်လျက်နဲ့ သေနေကြရပြီးနောက် သေပြန်ရင်လည်း သို့မဟုတ် အရာကျသွားရင်လည်း တစ်ချိန်က မိမိဘေးမှာ ဝိုင်းဝန်း ခစားခဲ့တဲ့ သူများကအစ ကာပြန်တော့မယ်၊ ဘက်ပြန်တော့မယ်၊ အပြစ်မှန်သမျှ သူတို့အပေါ်ပုံချပြီး လက်ညှိုး ငေါက်ငေါက် ထိုးကြတော့မယ်။ သြော် သံဝေဂရစရာ ကောင်းလှပါဘိတော့တယ်။သံဝေဂမရသူ ကိုယ့်အကြောင်းကို ပြန်ပြောင်း မဆင်ခြင်သူ၊ ယခုထက်ထိ ရာထူးနဲ့ စည်းစိမ်မြဲနေသူ ကျန်ကောင်း ကျန်နိုင်ပါတယ်။ ဒီလိုလူမျိုးတွေက ငါအထက်က ပေးတဲ့အမိန့်ကို ဆောင်ရွက်ရတာပဲ။ ငါကတော့ ကောင်းအောင် လုပ်တာပဲ။ ငါ့အောက်ကလူတွေ မကောင်းလို့သာ ဒီလိုဖြစ်သွားတာပဲလို့ စဉ်းစား တွေးတောပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ကောင်း ဖြေသိမ့်နေကြလိမ့်မယ်။ ဘာဖြစ်ဖြစ် မကောင်းမှန်း သိလျက်နဲ့ အထက်က အမိန့်အရ လုပ်ရတာ ဆိုပေမယ့်လည်း ကိုယ်လည်း ကြံရာပါပဲ။ တရားခံပဲ။ နျူရင်ဘတ် စစ်ခုံရုံးမှာ တက်ကြရတဲ့ သူတွေဟာ အထက်အမိန့်အရ လုပ်ရတာပါလို့ ထုချေချက်ပေးတဲ့ လူတွေက အများစုပဲ။ ဒါပေမဲ့ အပြစ်ကတော့ ပြေးလွတ်မှာ မဟုတ်။ ဘာပဲဖြစ်ဖြစ် သမိုင်းကြောင်း မကောင်းတဲ့ လူတွေဟာ ကျီးလန့်စာစား ဘဝမှာ အသက်ရှင်ကြရမှာပါ။ တချို့ဆိုရင် ပြင်မရတော့ချိန်မှ သံဝေဂ ရကောင်း ရနေကြပါလိမ့်မယ်။ မသေခင် ကောင်းအောင် လုပ်သွားမယ် ဆိုရင်တော့ အတိတ်က ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ကြီးနေရင်တော့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ရမှာ မဟုတ်။တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို လက်မွန်မဆွ တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီး မော်စီတုန်းကတော့ သေခြင်းတရားကို ထိုက်တောင်ထက်လေးတဲ့ သေခြင်း၊ ငှက်မွှေးထက် ပေါ့တဲ့သေခြင်းလို့ နှစ်မျိုး ခွဲပြခဲ့တယ်။ ပြည်သူလူထု အများစုကြီးအတွက် အသက်စွန့် သွားသူများဟာ ထိုက်တောင်ထက်လေးတဲ့ သေခြင်းဖြစ်တယ်။ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက် ဖောက်ပြန်ရေး သမားများကို အလုပ်အကျွေးပြုရင်း သေဆုံးရတာဟာ ငှက်မွှေးစထက်ပေါ့တဲ့ သေခြင်းဖြစ်တယ်လို့ ခွဲခြားပြသွားခဲ့ပါတယ်။ ဖောက်ပြန်ရေး သမားတွေကို ရင်ဆိုင်အံတုရင်း အကျဉ်းထောင်ထဲမှာ ကျဆုံးသွားခဲ့တဲ့ ကဗျာဆရာ သူရဲကောင်း တစ်ယောက်ကတော့ . . .ငါ့သွေးတစ်စက်ငါ့သက်တစ်ချောင်းငါ့အလောင်းမှထောင်သောင်းမြောက်မြားသွေးသစ်ပွားသော်ငါကားဘယ်မှာ သေမည်နည်းတဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ အသက်ရှင်စဉ်မှာ ကြီးမြတ်ပြီး အသက်စွန့်တော့ ဂုဏ်ရောင်ပြောင်သူတွေပါ။

Most Read

Most Recent