အငှားယာဉ်မောင်းအား ဘောစေ့ထည့်ပစ်ရသော ဂက်စ်သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။မေ ၅ ရက်နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ပွင့်သစ်ဆန်းစားသောက်ဆိုင်ရှေ့တွင် အသက် ၄၀ ကျော်ခန့်ရှိ အမျိုးသားတစ်ဦးသည် အငှားယာဉ်တစ်စီးအား ငှားခဲ့ကြောင်း၊ ထို့နောက် အငှားယာဉ်မောင်းနှင့် စကားများ ရန်ဖြစ်ပြီး ၎င်းတွင်ပါလာသည့် ဘောစေ့ထည့်ပစ်ရသည့် ဂက်စ်သေနတ်ထုတ်၍ ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့သည်။“အငှားယာဉ်မောင်းနဲ့ စကားများတဲ့ အချိန်ကျတော့ သူကသေနတ်ထုတ်ပြီးချိန်တယ်။ ပြီးတော့ သူကပစ်လိုက်မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒါကို မြင်တဲ့သူတစ်ယောက်က စခန်းကို ဖုန်းဆက်အကြောင်းကြားတယ်။ အဲဒီအချိန်မှာ လှည့်ကင်းအဖွဲ့ကလည်း လှည့်နေတော့ ဖမ်းဆီးရမိတယ်။ သေနတ်က ဘောစေ့ထည့်ပစ်ရတဲ့ ဂက်စ်သေနတ်ပါ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ထို့နောက် ဖမ်းဆီးရမိသည့် အမျိုးသားအား စစ်ဆေးရာ ၎င်းမှာ ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် စိုင်းမိုးမြင့်ေ၀ (၄၃ နှစ်) ဆိုသူဖြစ်ပြီး ၎င်းထံမှ ဂက်စ်သေနတ်နှင့်အတူ ယင်းသေနတ်တွင် ထည့်ပစ်ရသည့် ဘောစေ့ အလုံး ၈၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အား ဗဟန်းမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်ထားသည်။
အငှားယာဉ်မောင်းအား ဘောစေ့ထည့်ပစ်ရသည့် ဂက်စ်သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်သော အမျိုးသားအား ဖမ်းဆီးရမိ