ရန်ကုန်မြို့ မြို့နယ်ရှစ်ခုအတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေခိုးထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦးအား လသာမြို့နယ် တရားရုံးတွင် ရုံးထုတ်

ရန်ကုန်မြို့ မြို့နယ်ရှစ်ခုအတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေခိုးထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦးအား လသာမြို့နယ် တရားရုံးတွင် ရုံးထုတ်
Published 6 May 2016
ဝေလင်းအောင်၊ မြင့်သူ

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ရှစ်မြို့နယ် အတွင်းရှိ ATM ငွေထုတ်စက်များမှ ငွေခိုးထုတ်ခဲ့သည့် ဗြိတိန်နိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသား သုံးဦးတို့အား မေ ၆ ရက်တွင် လသာမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။၂၀၁၄ ခုနှစ်အတွင်းက ဒဂုံမြို့နယ်၊ ပြည်လမ်းစိန်ဂေဟာရှိ CB ဘဏ် ATM စက်မှ ကျပ်ငါးသိန်းအား နိုင်ငံခြားသားများက ခိုးထုတ်မှု ဖြစ်ပွားခဲ့သည်ကို CB ဘဏ်တာဝန်ရှိသူ တစ်ဦးက CCTV မှတ်တမ်းများအရ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ဒဂုံမြို့နယ်ရှိ CB ဘဏ် ATM စက်အပြင် လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် အတွင်းရှိ ATM စက်များမှ ယင်းနိုင်ငံခြားသားများပင် ငွေထုတ်ကတ်အတုဖြင့် ငွေခိုးထုတ်ယူမှုများ ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ထို့နောက်ရဲတပ်ဖွဲ့မှ CCTV မှတ်တမ်း ဓာတ်ပုံများအရ ကျူးလွန်သူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်နေသော ဗြိတိန်နိုင်ငံသား Mr.Niranian Pasaljn-gam (၂၈ နှစ်)၊ အိန္ဒိယနိုင်ငံသားများဖြစ်သော Mr.Balu (၂၅ နှစ်)၊ Mr.Rajkumar (၂၃နှစ်) နှင့် Mr. Direeh Kuman (၃၂ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ပြီး အိန္ဒိယနိုင်ငံသား Mr. Mor-hamed Arif (၃၄ နှစ်) မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းတို့အား အခင်းဖြစ်ပွားရာ မြို့နယ်တရားရုံး အသီးသီးတို့တွင် ပြစ်မှုပုဒ်မ ၃၈၀/၄၆၅ ဖြင့်လည်းကောင်း၊ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄(က) (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုထားကြောင်း သိရပြီး စွပ်စွဲခံရသူများကလည်း တရားစွဲဆိုထားမှုများအတွက် တရားရုံးတစ်ခုတည်းတွင် ပူးပေါင်းစစ်ဆေးရန် ခရိုင်တရားရုံးသို့ တင်ပြထားကြောင်း သိရသည်။“ဒီနေ့ရုံးချိန်းက သူတို့ကို လသာမှာ အထိုင်ထားပြီးတော့ ကျန်တဲ့မြို့နယ်တွေကနေ ရုံးချိန်းရမန်ရယူတာပါ။ မစစ်ဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို တရားစွဲထားတဲ့ မြို့နယ်တွေက များတဲ့အတွက် တရားရုံးတစ်ရုံးတည်း ပေါင်းပြီးစစ်ဆေးဖို့ လျှောက်ထားတာက ပြန်မကျသေးဘူး။ ဘယ်ရုံးမှာ ပေါင်းပြီးတော့ စစ်ဆေးရမယ်ဆိုတာလည်း မသိရသေးဘူး။ ရုံးချိန်းကတော့ တရားရုံးအားလုံးအတွက် မေ ၂၀ ရက်ကို ရုံးပြန်ချိန်းထားပါတယ်” ဟု ဒဂုံမြို့နယ် တရားရုံးမှ ရဲအရာရှိတစ်ဦးက မေ ၆ ရက်တွင် ပြောကြားသည်။ထို့ပြင် အမှုဖြစ်စဉ်မှ လွတ်မြောက်နေသော အိန္ဒိယနိုင်ငံသား Mr.Morhamed Arif (၃၄ နှစ်) အား သက်ဆိုင်ရာမြို့နယ် တရားရုံးအသီးသီးက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။အလားတူ နိုင်ငံခြားသားက ATM စက်မှ ငွေခိုးထုတ်ယူသည့် ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့၌ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူဟုယူဆရသည့် ဘူဂေးရီးယားနိုင်ငံသားအား သက်ဆိုင်ရာ မြို့နယ်တရားရုံးတို့တွင် တရားစွဲဆို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent