အရေးပေါ် ပါတီညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလတွင် ခေါ်ယူကျင်းပပေးရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ဗဟိုကော်မတီဝင် ၁၃၆ ဦးတောင်းဆို

အရေးပေါ် ပါတီညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလတွင် ခေါ်ယူကျင်းပပေးရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ဗဟိုကော်မတီဝင် ၁၃၆ ဦးတောင်းဆို
Published 29 April 2016
မျိုးမင်းထက်

အရေးပေါ်ပါတီ ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ်မေလတွင် ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်ထံ ပါတီဗဟိုကော်မတီဝင် ၁၃၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
 
အဆိုပါ ၂၀၁၆ ခုနှစ် ဧပြီ ၂၉ ရက် ရက်စွဲပါ တောင်းဆိုချက်တွင် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၏ အပိုဒ် ၉၀ အပိုဒ်ခွဲ (ဃ) တွင် “ပါတီဗဟိုကော်မတီ အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူကျင်းပရမည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားရာ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ၂၀၁၆ ခုနှစ်မေလတွင် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပရမည် ဖြစ်သည်ဟု ပါရှိသည်။
 
ပါတီရှင်သန်ရေးအတွက် ပါတီတွင်း ဒီမိုကရေစီ ကျင့်သုံးပြီး ပြည်သူများက ပါတီအပေါ် ယုံကြည်သက်ဝင် အားပေးထောက်ခံအောင် အလေးထားဆောင်ရွက်ရန် လိုအပ်နေသော အချိန်အခါလည်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အရပ်ရပ်ကို ပါတီဗဟိုကော်မတီ အစည်းအဝေးသို့ အစီရင်ခံတင်ပြပြီး ပါတီဗဟိုကော်မတီ၏ အဆုံးအဖြတ်ခံယူကာ လိုအပ်လျှင် အရေးပေါ် ပါတီညီလာခံ ခေါ်ယူကျင်းပရန်ဖြစ်ကြောင်း၊ ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း အပိုဒ် ၉၆ အပိုဒ်ခွဲ (ခ) တွင် “ပါတီဗဟိုကော်မတီဝင် ထက်ဝက်ကျော်က တောင်းဆိုလျှင် အရေးပေါ် ပါတီညီလာခံ ခေါ်ယူကျင်းပနိုင်သည်” ဟု ပြဋ္ဌာန်းသတ်မှတ်ထားကြောင်း အဆိုပါ တောင်းဆိုချက်တွင် ပါရှိသည်။
 
၂၀၁၅ ခုနှစ် သြဂုတ် ၁၂ရက်ညအချိန် ပါတီဌာနချုပ်ရုံးတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်မှ အစပြုသည့် နောက်ဆက်တွဲ ကိစ္စရပ်များ၊ ၂၀၁၆ ခုနှစ် ဧပြီ ၂၂ ရက်က ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်၊ ဧပြီ ၂၇ ရက် မီဒီယာတွေ့ဆုံပွဲနှင့် ထုတ်ပြန်ကြေညာချက် စသည့်အကြောင်းအရာများနှင့် ပတ်သက်၍လည်း ပါတီဗဟိုကော်မတီ အစည်းအဝေးကို မဖြစ်မနေ ခေါ်ယူကျင်းပရမည့် အခြေအနေ အချိန်အခါဖြစ်ကြောင်း၊ သို့မှသာ ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်ဟု တောင်းဆိုထားသည်။
 
ထို့အတူ ပါတီတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ရေး၊ ပါတီ၏ ဆောင်ရွက်ချက်များသည် ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဖြစ်စေရေး၊ ပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး၊ ပါတီအမှုဆောင် အဆင့်ဆင့်အား ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးတို့အတွက် အရေးပေါ် ပါတီညီလာခံ ခေါ်ယူပေးရန် ပါတီဗဟိုကော်မတီဝင် ၂၁၉ ဦးတွင် ၆၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည့် ၁၃၆ ဦးတို့က လက်မှတ်ရေးထိုး တင်ပြတောင်းဆိုထားရှိရာ ထို့သို့အရေးပေါ် ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေနောက်ဆုံးပတ် (၂၈ ရက်နှင့် ၂၉ ရက်) တွင် ခေါ်ယူကျင်းပပေးပါရန် အလေးအနက် တောင်းဆိုတင်ပြအပ်ပါသည်ဟု တောင်းဆိုချက်တွင် ပါရှိသည်။
 
“ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ရေး၊ ပါတီတွင်းစည်းလုံး ညီညွတ်ရေး ခိုင်မာရေး၊ ပါတီညီညီညွတ်ညွတ်နဲ့ တင့်တောင့်တင့်တယ်နဲ့ ပြည်သူ့ပါတီကြီးအဖြစ် ရပ်တည်ရေး အဲဒီအတွက် ဦးတည်ပြီးလုပ်မယ်။ အဲဒီလုပ်တဲ့အခါမှာ ပါတီတွင်း စည်းလုံးညီညွတ်ရေး ပျက်ပြားရာ ပျက်ပြားကြောင်းတွေ သြဂုတ် ၁၂ ရက်နောက်ပိုင်းကစပြီး အကုန်ပေါ်နေတယ် ပြဿနာတွေက ပါတီရဲ့ချမှတ်ထားတဲ့ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနဲ့လည်း သွေဖည်ပြီးတော့ လုပ်နေတယ်။ အဲဒါတွေကို တည့်မတ်ပေးဖို့ဆိုရင် လူချင်းထပြီး ရန်ဖြစ်လို့ မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲနေလို့ မဖြစ်ပါဘူး။ တကယ့်ခုံသမာဓိက ပါတီဝင်ထုပါပဲ။ သက်ဆိုင်ရာ ပါတီထုကပဲ အမှားအမှန်ကို ဆုံးဖြတ်သွားလိမ့်မယ်။ ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ ပါတီဝင်ထုက အဆုံးအဖြတ်ကို ခံယူရမယ်။ အဲဒီအဆုံးအဖြတ်ကဘယ်က ပေးမလဲဆိုရင် ပါတီဝင်ထုကို ကိုယ်စားပြုသော ပါတီညီလာခံ သူကအမြင့်ဆုံးပဲ။ သူက အဆုံးအဖြတ်ပြုမယ်။ ဒါကြောင့်မို့လို အရေးပေါ်ညီလာခံ ခေါ်ပေးပါ။ အရေးပေါ် ပါတီညီလာခံမ ခေါ်ပေးခင်မှာ ပါတီဗဟိုကော်မတီ အစည်းအဝေးကို ခေါ်ရမယ်။ ပါတီ ဗဟိုကော်မတီ အစည်းအဝေးကလည်းပဲ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို ပြင်လို့မရဘူး။ CEC မပြောနဲ့ CC ကိုပြင်လို့မရဘူး။ ပြင်ချင်ရင် ပါတီညီလာခံ တစ်ခုကပဲ ပြင်လို့ရတယ်။ အဲဒီပါတီညီလာခံက သူတက်လာတဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက မဲပေးမှ ပြင်လို့ရတယ်။ အဲဒါတွေက အကုန်လုံး ပြဋ္ဌာန်းချက်တွေ ရှိပြီးသားလေ။ အခုဟာက တိုးတိုးတိတ်တိတ်တွေ ပြင်ထားတယ် ပါတီဖွဲ့စည်းပုံကို လိုချင်သလို။ အဲဒီလိုဆိုတဲ့ အခါကျတော့ ဒါတွေက ပါတီအတွက် အန္တရာယ်တွေ ရှိလာပြီလေ။ ဒီလို မြင်သာထင်သာ မလုပ်ဘူး။ အာဏာရှင်ဆန်ဆန်နဲ့ အမိန့်ပေးတဲ့ပုံစံ လုပ်လာတယ်လို့ဆိုရင် တိုင်းပြည်အတွက်လည်း မကောင်းဘူးပေါ့။ တိုင်းပြည်ရဲ့ အလားအလာလည်း မကောင်းဘူးပေါ့” ဟု အထက်ပါ တောင်းဆိုချက်တွင် ဗဟိုကော်မတီဝင်အဖြစ် လက်မှတ်ရေးထိုး တောင်းဆိုထားသူ ဦးဇော်မြင့်ဖေက The Daily Eleven သတင်းစာကို ပြောကြားသည်။
 
“အဲဒီလို ပါတီကြီးတစ်ရပ်ဟာ ပြိုကွဲပြီးတော့ ပျက်စီးသွားမယ်ဆိုလို့ရှိရင် ပြည်သူ့အတွက်ရော ပါတီဝင်တွေအတွက်ရော နာတာပေါ့။ ပါတီစုံမှာက ပါတီတစ်ရပ်တည်းက အားကြီးပြီးတော့ တစ်ပါတီတည်းပဲ လုပ်သွားရင် ပါတီစုံလို့ ဘယ်ခေါ်မတုန်း။ အင်အားရှိတဲ့ ပါတီကြီးတစ်ရပ်က ယှဉ်ပြိုင်ပြီး ရှိနေရမှာလေ။ အဲဒီတော့ အခုဟာက ရေမျောကမ်းတင်ပါတီ ဖြစ်တော့မှာလေ။ ပြည်ခိုင်ဖြိုးပါတီက ရေမျောကမ်းတင်ပါတီကြီး ဖြစ်ခါနီးနေလို့ ကိုယ်တို့က အရင်ဗဟိုကော်မတီဝင်တွေက ဒါတော့ဖြင့် အရေးပေါ် အစည်းအဝေး ခေါ်ပေးပါ။ အရေးပေါ် အစည်းအဝေးကျရင်လည်း သူတို့ဆုံးဖြတ်ပါလိမ့်မယ်။ ပါတီဝင်တွေက။ လူပုဂ္ဂိုလ်နောက်လိုက်ဖို့ မဟုတ်ပါဘူး။ မူအရ အဆုံးအဖြတ် ပေးကြပါ့။ ပါတီဝင်တွေ စေတနာမှန်ပြီး ရင့်ကျက်ရင်လည်း ပါတီက ရှင်သန်မှာပေါ့။ ဒါက ပါတီဝင်တွေရဲ့ ဆန္ဒပဲလေကိုယ်တို့က တောင်းဆိုပေးတာ။ လိုက်လျော့တဲ့ လူကရော လိုက်လျောပါ့မလား။ တောင်းတာကတော့ ပါတီဝင်တစ်ယောက်ရဲ့ ရပိုင်ခွင့်အရ တောင်းလိုက်ပြီလေ။ သူတို့ အာဏာရှိပါတယ်ဆိုတဲ့ လူတစ်စုက ပေးမလား။ မပေးဘူးလား။ မပေးရင် သူတို့မှားမှာပေါ့။ မပေးရင် ကိုယ်တို့က ဘာလုပ်မလဲဆိုတော့ စောင့်တော့ကြည့်ရမှာပေါ့။ တရားဥပဒေနဲ့ မညီဘဲနဲ့ response လုပ်ရင်တော့လည်း သူတို့ရဲ့ အခြေအနေရော ပါတီရဲ့အခြေအနေရော မကောင်းဘူးပေါ့။ အမှန်တရားအတိုင်းပဲ ဆောင်ရွက်သင့်တာပေါ့။ အဲဒါပါပဲ ကျန်တာကတော့ ပုဂ္ဂိုလ်ရေးဘာမှ မရှိဘူး” ဟု ဦးဇော်မြင့်ဖေက ဆက်လက်ပြောကြားသည်။
 
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမှုနှင့် ပတ်သက်၍ ဦးဇော်မြင့်ဖေက “လက်မှတ်ထိုးတာက ၁၃၆ ဦးရှိတယ်။ ဟုတ်တယ်။ နောက်ထပ်ထိုးထားတဲ့ လူတွေလည်း ရှိသေးတယ်။ အဲဒီအထဲမှာ မပါတဲ့ လူတွေလည်း ရှိသေးတယ်။ ကိုယ်တို့ အရင်က လက်မှတ်ထိုးထားတဲ့ လူတွေလောက်ပဲ ပြထားတာ။ ဒါပေမဲ့ ကြည့်ချင်တယ်ဆိုရင် ကိုယ်တို့က ထုတ်ပြလိုက်ဦးမယ်။ အခုက ပြည့်နေပြီ။ ဗဟိုကော်မတီ ထက်ဝက်ကျော် တောင်းဆိုရင် ခေါ်ပေးရမယ်” ဟု ပြောကြားသည်။
 
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူကျင်းပရေးအတွက် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ထံ လက်မှတ်ရေးထိုး တောင်းဆိုမှုနှင့် ပတ်သက်၍ အခြားဗဟိုကော်မတီဝင်အချို့ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ပြီး ပထမအကြိမ် ပါတီညီလာခံကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ကာ ပါတီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းကို ၎င်းညီလာခံက အတည်ပြု ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ ပထမအကြိမ် ညီလာခံက ရွေးချယ်တင်မြှောက်ခဲ့သော ဗဟိုကော်မတီဝင်များနှင့် ဗဟိုကော်မတီ အစည်းအဝေးကို ပုံမှန်ပြုလုပ်ခဲ့ရာ စတုတ္ထအကြိမ် ပါတီဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ မေ ၃၀ ရက်က ကျင်းပခဲ့ကြောင်း တောင်းဆိုချက်တွင် ပါရှိသည်။
 
ပြီးခဲ့သည့် ဧပြီ ၂၂ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း အပါအဝင် ပါတီဝင် ၁၇ ဦးအား အဆိုပါပါတီမှ ပါတီဝင်အဖြစ်မှ အနားပေးခဲ့ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု သိရသည်။

Most Read

Most Recent