နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား မေ ၂ ရက် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းရန် စီစဉ်ထား

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား မေ ၂ ရက် ပြန်လည်ကျင်းပမည့် လွှတ်တော်၌ တင်သွင်းရန် စီစဉ်ထား
Published 28 April 2016
ငြိမ်းဇော်လင်း

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို မေ ၂  ရက်တွင် ပြန်လည်ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းရန်စီစဉ်ထားကြောင်း ဥပဒေကြမ်း ကော်မတီဝင်များထံမှ သိရသည်။အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ဧပြီ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ဥပဒေကြမ်း ကော်မတီဝင်များ၊ ရှေ့နေချုပ်၊ ရဲအရာရှိများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။“ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး မေ ၂ ရက်မှာလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ တင်ပြဖို့ ဖြစ်မယ်လို့ အကြမ်းဖျင်းသိထားပါတယ်။ ဒီနေ့ဆွေးနွေးချက်တွေတော့ အသေးစိတ်တော့ပြောပြလို့ မရပါဘူး”ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက ပြောကြားသည်။နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နိုင်ငံတော်၏လုံခြုံရေးကို ထိပါးနှောင့်ယှက်သည့် ဘေးအန္တရာယ်မှ ကာကွယ်ရန်လိုအပ်ပါက နိုင်ငံတော် ဒေသ တစ်ခုတွင်ဖြစ်စေ၊ ဒေသအချို့တွင် ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်စေ အရေးပေါ်အခြေအနေကြေညာပြီး ထိုဒေသများတွင် နေထိုင်သော နိုင်ငံသူနိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုလည်းကောင်း လိုအပ်သလို ကန့်သတ်ကြေညာနိုင်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါ ဥပဒေသည် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်ထားသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးသည့် ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည့်အတွက် ရုပ်သိမ်းရခြင်းဖြစ်ကြောင်း ကော်မတီဝင် ဦးကျော်စိုးလင်းက ပြောကြားသည်။“ဒီဥပဒေက ပယ်ဖျက်ရမယ့် ဥပဒေတွေထဲမှာ ပါဝင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအရသော်လည်းကောင်း၊ ဒီမိုကရေစီကို သွားနေတဲ့နိုင်ငံမှာ ဒီဥပဒေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့၊ မရှိသင့်တော့တဲ့ ဥပဒေလို့ ယူဆတယ်။ ဒီဥပဒေက ဖွဲ့စည်းပုံနဲ့ လည်း ဆန့်ကျင်နေတယ်။ ပြည်သူတွေအပေါ်မှာလည်း လိုသလို အပြစ်ပေးအရေးယူလို့ရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ဒါကြောင့် အုပ်ချုပ်သူလူတန်းစား လူတစ်စုရဲ့ ပြည်သူတွေအပေါ်မှာ အပြစ်ပေးအရေးယူလို့ရနေတဲ့ ဒီဥပဒေကို အမြန်ဆုံး ပယ်ဖျက်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်}}ဟု ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ပြောကြားသည်။“ဒီဥပဒေက ၁၉၇၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တာ။ ဥပဒေအရ လူတစ်ယောက်ကို ကြိုတင်ပြီး ချုပ်ထားလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီတုန်းက နိုင်ငံရေးလှုပ်ရှားမှု၊ ဒီမိုကရေစီလှုပ်ရှားမှု၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို နိုင်ငံရေးအရ ကြိုပြီးဖိနှိပ် ဖို့ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေလို့ ပြောလို့ရတာပေါ့။ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေထဲမှာ ထိပ်ဆုံးမှာရှိနေတယ်။ ဒီမိုကရေစီစနစ်ကို သွားတဲ့အခါမှာ အဟန့်အတားအဖြစ်ဆုံး ဥပဒေတွေထဲကမှ ဒီဥပဒေက ထိပ်ဆုံးမှာရှိနေတယ်။ ဒါကြောင့် ဒီဥပဒေကို အရင်ဆုံးပယ်ဖျက်ဖို့ ကျွန်တော်တို့ ကြိုးစားတာပါ” ဟု ဦးဉာဏ်လင်းက ဆက်လက်ပြောကြားသည်။အဆိုပါဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးရာတွင် အသုံးပြုခဲ့သည့် ဥပဒေတစ်ရပ် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent