ငြိမ်းစုစီဥပဒေ၊ ရပ်ကျေးဥပဒေတို့အပါ အဝင် ဥပဒေပေါင်း ၈၀ ကျော်ကို လူထုအတွက် မလိုအပ်သည့် အချက်များ ပြင်ဆင်ရန်၊ ပယ်ဖျက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီကို လေ့လာခိုင်းထားကြောင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းခိုင်က The Daily Eleven သတင်းစာကို ပြောကြားသည်။
အဆိုပါဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထုအတွက် မလိုအပ်သည့် အချက်များကို ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ခေတ်နှင့် လျော်ညီရန်အတွက် စတင်လေ့လာနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
"ကျွန်တော်တို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ ကျွန်တော်တို့ကို ပေးထားတဲ့ ဥပဒေပေါင်း ၈၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ သက်ဆိုင်တာပေါ့။ ငြိမ်းစုစီဥပဒေ၊ ရပ်ကျေးဥပဒေတို့ပါတယ်။ ငွေကြေးခဝါချမှုတို့ အဲဒါလေးတွေပါပါတယ်။ ပြောရရင်တော့ အများကြီးပေါ့" ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းခိုင်က ပြောကြားသည်။
တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်၊ ရုပ်သိမ်းရန်၊ အသစ်ပြန်လည် ရေးဆွဲရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရသည့် ဥပဒေ ၁၄၂ ခု တွေ့ရှိရပြီးဖြစ်ကာ ဆက်လက်လေ့လာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ဆဲဥပဒေသာရှိပြီး နည်းဥပဒေ မရှိခြင်း၊ နည်းဥပဒေရှိပြီး အမိန့်ကြော်ငြာစာများ မထုတ်ပြန်နိုင်သေးခြင်း၊ ထုတ်ပြန်ပြီးသော အမိန့်ကြော်ငြာစာများမှာလည်း မူလဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ လက်တွေ့လုပ်ဆောင်၍ မရခြင်း စသည့်ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က လွှတ်တော်သို့ သုံးသပ်အကြံပြု တင်ပြထားသည်။
"လွှတ်တော်ဥက္ကဋ္ဌက ကျွန်တော်တို့ကို အဲဒီဥပဒေတွေ ပေးလိုက်တယ်။ လေ့လာထားဖို့ပေါ့။ ပြင်ဆင်ဖို့၊ မလိုအပ်တာတွေ ပယ်ဖျက်ဖို့၊ လူထုအတွက် မလိုအပ်ဘူးဆိုရင် ပယ်ဖျက်ပေါ့။ ဥပဒေတွေကို စလေ့လာနေပြီ}} ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းခိုင်က ဆက်လက်ပြောကြားသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၄ ခုနှစ်အတွင်းက အတည်ပြု ပြဋ္ဌာန်းထားသည်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားသည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်က ဧပြီ ၆ ရက်တွင် ပြောကြားသည်။
"ငြိမ်းစုစီနဲ့ပတ်သက်လို့ ပုဒ်မ ၁၈ တို့၊ (၅)ညတို့ စသဖြင့် အဲဒါတွေကတော့ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း အကြံပြုထားတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် အကျိုးမဖြစ်တဲ့ ဥပဒေတွေကို ရုပ်သိမ်းသင့်ပါတယ်။ ပုဒ်မ ၁၈ လိုမျိုး၊ ပုဒ်မ ၅ (ည)လိုမျိုး၊ အရေးပေါ် စီမံမှုအက်ဥပဒေတွေလိုမျိုး အဲဒါတွေဟာ ရုပ်သိမ်းသင့်တယ်လို့ အကြံပြုထားတယ်" ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ အဖွဲ့ဝင်ဦးစောလှထွန်းက The Daily Eleven သတင်းစာကို ပြောကြားထားသည်။
"လွှတ်တော်ထဲမှာ ဒီဥပဒေ (ငြိမ်းစုစီဥပဒေ) နဲ့ပတ်သက်လို့ ပြန်လည်ဆွေးနွေးတဲ့ အခါကျတော့ အဲဒီပုဒ်မ ၁၈ ကို အန်တီတို့က ဖြုတ်ပေးဖို့အတွက် ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ပြင်လို့မရခဲ့ဘူး။ အခုလွှတ်တော်မှာ ဒီဥပဒေက ပြန်လည်ပြင်ဆင်ဖို့ စာရင်းထဲမှာ ပါတယ်။ သူရဦးရွှေမန်းတို့ ကော်မရှင်က အကြံပြုထားတဲ့ ဥပဒေ ၁၄၂ ခုထဲမှာလည်း ဒီဥပဒေ ငြိမ်းစုစီဥပဒေ ပြင်ဖို့ပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားထားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ငြိမ်းစုစီဥပဒေ၊ ရပ်ကျေးဥပဒေတို့ အပါအဝင် ဥပဒေပေါင်း ၈၀ ကျော်ကို လူထုအတွက် မလိုအပ်သည့် အချက်များ ပြင်ဆင်ရန်၊ ပယ်ဖျက်နိုင်ရန်အတွက် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီကို လေ့လာခိုင်းထားကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား















