ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့သည့် ကိုယ်စားလှယ်များက အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းမှုကို မတွေ့ဆုံနိုင်ကြောင်း NCA မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ ပူးပေါင်းထုတ်ပြန်

ယခင် ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့သည့် ကိုယ်စားလှယ်များက အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းမှုကို မတွေ့ဆုံနိုင်ကြောင်း NCA မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ ပူးပေါင်းထုတ်ပြန်
Published 26 April 2016

ယခင် အစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့သည့် ကိုယ်စားလှယ်များက အလွတ်သဘော တွေ့ဆုံရန် ကမ်းလှမ်းမှုကို မတွေ့ဆုံနိုင်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တအာင်း (PSLF/TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့က ဧပြီ ၂၆ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။
တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးနှင့် ယခင် UPWC (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) ကိုယ်စားလှယ်များနှင့် တအာင်း၊ ကိုးကန့်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ တွေ့ဆုံရန် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာမှတစ်ဆင့် မတ်လကုန်ပိုင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် မိမိတို့သုံးဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ NCCT/SD တို့တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အားလုံးဆွေးနွေး သဘောတူထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် NCA ကို အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုး လိုသော်လည်း တပ်မတော်နှင့် UPWC တို့က သဘောမတူခဲ့ကြောင်း၊ တပ်မတော်၏ တပ်ဖွဲ့များ ယခုအချိန်ထိ အများအပြား တပ်စွဲနေရာချထား လျက်ရှိကြောင်း၊ ထို့ကြောင့် ယခင် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ကိုယ်စားလှယ်များမှ အလွတ်သဘော တွေ့ဆုံရန် ဆက်သွယ်ညှိနှိုင်း ခဲ့သည့်အပေါ် မတွေ့ဆုံနိုင်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိသည်။
အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့အနက် တအာင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့သာလျှင် ယခင် ဦးသိန်းစိန်အစိုးရ ကိုယ်စားလှယ်များနှင့် တရားဝင် ဆွေးနွေးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကိုးကန့်နှင့် ရခိုင်အဖွဲ့တို့မှာ ယခင်အစိုးရနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်း မရှိပေ။
လက်ရှိတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း၊ အစိုးရသစ် အနေဖြင့်လည်း NCAတွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများ အားလုံးပါဝင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။  

Most Read

Most Recent