ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ဧပြီ ၂၄ ရက် ညနေ ၆ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တောင်ရပ်ကွက်၊ သိမ်ဖြူလမ်း၊ ရွှေပြည်စိုး စားသောက်ဆိုင်ဘေးရှိ ပီတိဆေးခန်းမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရွှေပြည်စိုး စားသောက်ဆိုင်သို့ ဆက်လက်ကူးဆက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ထို့နောက် ရွှေပြည်စိုး စားသောက်ဆိုင်မှ တဆင့်ဆိုင်ဘေးရှိ ၈ ထပ်တိုက် ဒုတိယထပ်နှင့် တတိယထပ်တို့အား ဆက်လက် မီးကူးဆက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“မီးစပြီး လောင်တာက သွားဆေးခန်းကနေ စပြီး လောင်တာပါ။ ၅ နာရီခွဲ ကျော်ကျော်လောက်မှာ စလောင်တာပါ။ လောင်တော့ ဆေးခန်းထဲက ပစ္စည်းတွေကို ကျွန်တော်တို့ ဝိုင်းပြီး လဲသယ်တယ်။ မီးကိုလည်း ဝိုင်းငြိမ်းတယ်။ ဒါပေမယ့် မီးက ဆက်လောင်ပြီးတော့ ဘေးက စားသောက်ဆိုင်ကို ကူးသွားတယ်။ အဲ့ဒီ စားသောက်ဆိုင်ကနေတဆင့် ဘေးက တိုက်ခန်းတွေကို မီးကူးသွားတာပါ” ဟု သိမ်ဖြူလမ်းအတွင်း နေထိုင်သူ ဦးလှဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။အဆိုပါ မီးလောင်ရာနေရာသို့ မီးသတ်ယာဉ် ၃၈ စီး၊ ရေသယ်ယာဉ် ၉ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးသတ်ယာဉ် စေလွှတ်မှု အဆင့် ၃ သတ်မှတ်ထားကာ ည ၇ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် ဆေးခန်းတစ်ခန်း၊ စားသောက်ဆိုင် တစ်ဆိုင်နှင့် ၈ ထပ်တိုက်ရှိ နေအိမ် တိုက်ခန်းနှစ်ခန်း မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၁၄၆ သိန်းခန့်ရှိကြောင်းလည်း သိရသည်။“ကျွန်တော်တို့ မီးလောင်တာကို စပြီး သိတာ ၆ နာရီ ၁၅ လောက်မှာ စသိတာပါ။ သိသိချင်းဘဲ ကျွန်တော်တို့ သွားရောက် ငြိမ်းသတ်ခဲ့တယ်။ ပီတိဆေးခန်းက စလောင်ပြီးတော့ ဘေးက ရွှေပြည်စိုး စားသောက်ဆိုင်နဲ့ ၈ ထပ်တိုက်က နှစ်လွှာနဲ့ သံုံးလွှာ အတွင်းပိုင်းတွေကို ကူးဆက် လောင်ကျွမ်းခဲ့တာပါ။ ကျွန်တော်တို့ မီးသတ်ယာဉ် ၃၆ စီး ရေသယ်ယာဉ် ၉ စီးနဲ့ အခြား သူနာပြု တပ်ဖွဲ့ယာဉ်တွေနဲ့ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ပါတယ်။ မီးလောင်တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါဘဲ။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ပီတိဆေးခန်းက လူတွေကလည်း ခုလောလောဆယ် ထွက်ပြေးနေပါတယ်။ သူတို့နဲ့ အဆက်အသွယ်လဲ မရသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါက မီဒီယာများသို့ ပြောကြားခဲ့သည်။ထို့အပြင် ဧပြီ ၂၄ ရက်၌ပင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့အနီး၊ အင်ကြင်းမြိုင် တည်းခိုခန်းတွင်လည်း ဧပြီ ၂၄ ရက် နံနက် ၁၁ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုအား မီးငြိမ်းသတ်ယာဉ် စေလွှတ်မှု အဆင့် (၁) ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း၊ အလားတူ မြောက်ဒဂုံမြို့နယ်၊ ၁၆ ရပ်ကွက်၊ မောင်းမကန် လမ်းမဘေးရှိ အမှိုက်ပုံတွင်လည်း ဧပြီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် မီးလောင်ကျွမ်းခဲ့ပြီး မီးမှာ အနီးရှိ သစ်တောဝင်း အတွင်းမှ မြက်ခြောက်များနှင့် သစ်ပင်များအား ကူးဆက်လောင်ကျွမ်းခဲ့ကာ မီးငြိမ်းသတ်ယာဉ် စေလွှတ်မှု အဆင့် (၂) ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်းလည်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းတွင် ဆေးခန်း၊ စားသောက်ဆိုင်နှင့် နေအိမ်တိုက်ခန်းနှစ်ခန်း မီးလောင်ကျွမ်းခဲ့ပြီး ရန်ကုန်တိုင်းအတွင်း တစ်ရက်ထဲ မီးလောင်ကျွမ်းမှု သုံးကြိမ် ဖြစ်ပွား