ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ကျူးလွန်သူများအား အရှေ့ပိုင်းခရိုင်တရားရုံး၌ ဆက်လက်ရုံးထုတ်

ရန်ကုန်မြို့ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ကျူးလွန်သူများအား အရှေ့ပိုင်းခရိုင်တရားရုံး၌ ဆက်လက်ရုံးထုတ်
Published 22 April 2016
ပြည့်ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်တို့မှ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှ ကျူးလွန်သူများကို ဧပြီ ၂၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
ယင်းနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်သိန်းအား ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားသော်လည်း နေပြည်တော်တွင် ရောက်ရှိနေသောကြောင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို မေ ၆ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
 
“ဒီနေ့က သင်္ကြန်မတိုင်ခင်က စစ်ခဲ့တဲ့ တရားလိုရဲမှူးကို မပြီးသေးလို့ ဆက်စစ်ဖို့ ခေါ်ထားတယ်။ ရဲမှူးက နေပြည်တော်ကို ပြန်သွားတာရယ် သမ္မန်စာက ကြိုလုပ်ရတာဆိုတော့ မစစ်ဖြစ်ဘူး။ ၆ ရက်နေ့မှာ စစ်ဆေးဖို့ ခေါ်ထားပါတယ်” ဟု မှုခင်းတပ်ဖွဲ့ (CID) မှအမှုစစ် ရဲအရာရှိတစ်ဦးက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
 
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က အရှေ့ပိုင်းခရိုင်အတွင်းရှိ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ် ဖြစ်စဉ်နှစ်ခုတို့မှ စံချိန်တင် စိတ်ကြွဆေးပြားအမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သော ကျူးလွန်သူများမှာ ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်၊ ထွန်းဇော်ဌေး၊ ထွန်းမင်း၊ အောင်တင်ဝင်း၊ သိန်းထွန်းအေးတို့ ၁၁ ဦးနှင့် ထွက်ပြေးလွတ်မြောက်နေသူ ၂၄ ဦးတို့အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန်အတွက် လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀ (က)/၂၁ ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံး၌ စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
 
ယင်းအမှုဖြစ်စဉ်များမှာ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြောက်ဒဂုံမြို့နယ်၌ စိတ်ကြွဆေးပြား ၁၅ သိန်းခန့် ဖမ်းဆီးရမိမှုဖြစ်စဉ်၊  ထို့ပြင် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာအတွင်း နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားနှစ်သန်း ဖမ်းဆီးရမိမှုနှင့် စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ပြားများ ထပ်မံဖမ်းဆီးရမိမှု ဖြစ်စဉ်များဖြစ်ကြောင်း မှုခင်းတပ်ဖွဲ့ (CID) မှသိရသည်။
 
အလားတူ မြောက်ပိုင်းခရိုင်အတွင်း မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီးရမိမှုဖြစ်စဉ်မှ ရေလုပ်ငန်းလုပ်ကိုင်သော KALADAN  DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ မင်းဦးခိုင်အပါအဝင် ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ၊ ညွန့်ဝင်း၊ ရန်ရှောက်ဟွာ၊ ရန်လုံရှင်း (ခေါ်) ချိုချိုဝင်း၊ မဝင်းငြိမ်းခိုင်နှင့် ထွတ်ပြေးလွတ်မြောက်နေသူ ၂၀ အား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရန်အတွက်  လက်ဝယ်ထားရှိမှု ပုဒ်မ ၂၀ (က)/၂၁ ဖြင့် မြောက်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားကြောင်း သိရသည်။
 
ရန်ကုန်မြို့၌ စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သော KALADAN  DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ်အတွင်းရှိ Arakan bay ဆောက်လုပ်ရေးကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

Most Read

Most Recent