Bobby Soxer နှင့် တွေ့ဆုံခြင်း

Bobby Soxer နှင့် တွေ့ဆုံခြင်း
Published 19 April 2016
လင်းလင်းခိုင်

လူငယ်ဟစ်ဟော့ပ် အဆိုတော်များထဲမှ ရှားရှားပါးပါး လူငယ်အမျိုးသမီး အဆိုတော်တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှုများပြားသူတစ်ဦးမှာ Bobby Soxer ဖြစ်သည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပန်းတနော်မြို့၌ သွားရောက်ဖျော်ဖြေစဉ် ပရိသတ်များထဲမှ ပစ်ပေါက်လိုက်သည့် ခဲလုံးထိမှန်၍ မျက်လုံးတစ်ဖက်တွင် ထိခိုက်ဒဏ်ရာရရှိကာ အနုပညာအလုပ်များအား ရပ်နားထားခဲ့ရသူ Bobby Soxer သည် ပြီးခဲ့သည့် သင်္ကြန်ကာလတွင်မူ ပထမဆုံး အနုပညာ ပြန်လည်လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ Ve Ve မဏ္ဍပ်တွင် ပါဝင်ဖျော်ဖြေခဲ့သည်။ Bobby Soxer နှင့်တွေ့ဆုံ၍ လက်ရှိ မျက်လုံးဒဏ်ရာ အခြေအနေ၊ ဆက်လက် လုပ်ဆောင်သွားမည့် အနုပညာအလုပ်များအပေါ် ရည်ရွယ်သတ်မှတ်ထားမှု၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲပေါ်တွင် ရင်ဆိုင်ခဲ့သည့် စိတ်ဓာတ်ခွန်အားစသည့် သိလိုသည့် အကြောင်းအရာများကို မေးမြန်းဖြစ်ခဲ့ပါသည်။
 
မေး- ထိခိုက် ဒဏ်ရာရခဲ့တာကြောင့် နှစ်လလောက် အနားယူခဲ့ရတဲ့ ညီမလေးအနေနဲ့ အခုနှစ်သင်္ကြန်မှာ ပထမဆုံး ပြန်လည် ဖျော်ဖြေရတဲ့ ခံစားမှုလေး သိချင်ပါတယ်။
ဖြေ- ညီမလေး မျက်လုံးတစ်ဖက်မှာ ထိခိုက်ဒဏ်ရာ ရထားလို့ အိမ်မှာ နှစ်လလောက် အနားယူခဲ့ပါတယ်။ သင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က Ve Ve မဏ္ဍပ်မှာ ဖျော်ဖြေဖြစ်ခဲ့ပါတယ်။ နေ့ခင်းပိုင်း ဖျော်ဖြေရတာဖြစ်တဲ့အတွက် သဘာဝအလင်းရောင်နဲ့ ဖျော်ဖြေရတာဖြစ်ပြီး မီးထိုးထားတာတွေလည်း မရှိနေတော့ စင်ပေါ်မှာသီချင်းဆိုရတာ အဆင်ပြေပါတယ်။ အဲဒီလိုဆိုခွင့်ရတဲ့၊ ဆိုနိုင်တဲ့အချိန်လေးမှာတော့ ငါ့ဘဝလေးကိုပြန်ရပြီ ဆိုတဲ့ခံစားချက်လေးတော့ ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်လည်းချမ်းသာတယ်။ ပျော်လည်းပျော်ပါတယ်။
မေး- ညီမလေးရဲ့မျက်လုံး ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ပရိသတ်တွေကို အသိပေးထားတယ်နော်။ လက်ရှိအခြေအနေလေးကိုလည်း ထပ်ပြီးပြောပြပေးပါဦး။
ဖြေ- ညီမရဲ့ မျက်လုံးဒဏ်ရာ အခြေအနေကတော့ ခွဲစိတ်မှုပြုလုပ်မှ ပကတိ အကောင်းအတိုင်း ပြန်ဖြစ်မှာပါ။ အဲဒီလို ခွဲစိတ်နိုင်ဖို့အတွက် မျက်လုံးအရောင် ကျသွားမှဖြစ်ပါမယ်။ လက်ရှိကတော့ မျက်လုံးဒဏ်ရာက ရောင်နေဆဲ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ မျက်စဉ်းခတ်ရင်း၊ နည်းနည်းအနားယူရင်း စောင့်ရပါမယ်။ မျက်လုံးရဲ့မြင်ရတဲ့အနေ အထားကတော့ ခပ်ဝါးဝါးပေါ့။ ဒါကြောင့် ဒီကြားထဲကတော့ မျက်လုံးအတွင်းပိုင်းရောင်တာ ပျောက်သွားတဲ့အထိ  စောင့်ရဦးမှာပါ။
မေး- ဒီကြားထဲမှာရော အနုပညာအလုပ်တွေအတွက် ဘယ်လိုစဉ်းစားထားလဲ။
ဖြေ- သင်္ကြန်တုန်းကစပြီး အနုပညာအလုပ်တွေ စလုပ်နိုင်ပြီဆိုတော့ ဒီကြားထဲမှာတော့ အနုပညာအလုပ်တွေကို နည်းနည်းချင်းတော့ လုပ်ဖြစ်ပါမယ်။ အဓိကတော့ ကိုယ့်ကျန်းမာရေးအတွက်လည်း ငဲ့ညှာတဲ့အနေနဲ့ နဂိုစာချုပ်ရှိပြီးသား ပွဲတွေကိုတော့ ဖျော်ဖြေဖြစ်မယ်။ ကြားထဲ ထပ်ငှားတဲ့ပွဲတွေကိုတော့ လတ်တလောမှာ လက်ခံဖြစ်မှာမဟုတ်သေးပါဘူး။ ဒါကြောင့် လက်ခံစာချုပ်ချုပ်ထားပြီးသား ပွဲတချို့မှာ ဖျော်ဖြေဖြစ်မယ်။ MTV ရိုက်ဖို့ကလည်း ထက်ထက်အနေနဲ့ အပြည့်အ၀ ရာနှုန်းပြည့် မလုပ်နိုင်မှာစိုးလို့ ခဏနားထားပါတယ်။ အားတဲ့အချိန်တွေကတော့ သီချင်းရေး၊ ဂိမ်းဆော့၊ အင်တာနက်သုံးတဲ့ အလုပ်တွေပဲရှိပါမယ်။ ပွဲကတော့ နည်းမှာပါ။
မေး- အောင်မြင်နေတဲ့ လူငယ်အနုပညာရှင် တစ်ယောက်အတွက် အခုလိုထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုကို ကြုံရတဲ့အချိန်မှာ ဘယ်လိုစိတ်ဓာတ်ခွန်အား ပြန်တည်ဆောက်ခဲ့ရလဲ။
ဖြေ- ညီမ စစဖြစ်ချင်းကတော့ အရမ်းလည်း အားငယ်ရသလို ဝမ်းလည်းနည်းပါတယ်။ ကြောက်စိတ်လည်းဖြစ်မိတယ်။ ဒါပေမဲ့ ပရိသတ်တွေကရော အနုပညာရှင် မောင်နှမတွေကပါ ဝိုင်းအားပေးကြတဲ့အတွက် တော်တော်လေးကိုပြန်ပြီး ဖြေသိမ့်ခဲ့ရပါတယ်။ ပြီးတော့ ထက်ထက်တို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာက အတိတ်ဘဝက ဝဋ်ကြွေးလို့ပဲ သတ်မှတ်လိုက်တယ်။ အဲဒီအတွက် ပေးဆပ်ရတယ်လို့ပဲ ခံယူထားပါတယ်။ ညီမအခုလို ဖြစ်တဲ့အချိန်မှာ တချို့သိလိုက်တာ ခံစားလိုက်ရတာလေးတွေလည်း ရှိပါတယ်။ ဥပမာ ဂျာနယ်တချို့ဆိုရင် ညီမအခုလို ဖြစ်တဲ့ သတင်းခေါင်းစဉ်အောက်မှာ တခြားဖျော်ဖြေပွဲတစ်ခုခုမှာ ဆိုနေတဲ့ပုံ ထည့်တဲ့အခါမှာ တချို့ပုံလေးတွေက လူငယ်ဆန်ဆန် ဖြစ်နေတဲ့အတွက် အဲဒီလိုတွေဝတ်လို့ အခုလိုဖြစ်တာပေါ့ဆိုတာမျိုး အထင်အမြင် လွဲကြမလား ဆိုပြီး စိတ်မကောင်း ဖြစ်ရတာတွေရှိပါတယ်။
မေး-နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတဲ့ အချိန်မှာရော စိုးရိမ်စိတ်ကို ခံစားရသေးလား။
ဖြေ- ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတဲ့ စကားပုံလိုပေါ့။ စင်ပေါ်ရောက်တဲ့ အချိန်မှာ အနည်းနဲ့ အများဆိုသလို စိုးရိမ်ပူပန်စိတ်ကတော့ ရှိတာပါပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်မှာ ကြောက်လို့ဆိုပြီး နယ်ပွဲတွေ မဖျော်ဖြေတော့ဘူး ဆိုတာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ နယ်တွေမှာ ညီမကိုမျှော်နေမယ့် ပရိသတ်တွေလည်း အများကြီးရှိတယ်လေ။ ပြီးတော့ အခုလိုနယ်ပွဲတွေမှာ လိုက်ဆိုတာက လေးငါးနှစ်လောက်လည်း ရှိနေပြီ။ အခုလိုဖြစ်သွားတာကလည်း ခံရမယ့် ဝဋ်ကြွေး ပါလာတယ်ပဲ သဘောထားပါတယ်။ ဘော်ဒီဂတ်တွေ ခုနစ်ယောက် ရှစ်ယောက်လောက် ကာကွယ်ပေးထားလည်း ကိုယ်တိုင်ခံစားရမယ့် ကံပါရင်တော့ ရှောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ထက်ကတော့ လောလောဆယ် ကျန်းမာရေးအရ ပွဲတွေနည်းနည်း လောက်ပဲ ဖျော်ဖြေနိုင်မှာဖြစ်ပေမယ့် နောက်ပိုင်း ကျန်းမာရေး လုံးဝကောင်းသွားပြီဆိုရင်တော့ အရင်လိုပဲ ပုံမှန်အတိုင်းပဲ ဆက်လက် ဖျော်ဖြေသွားပါမယ်။ ရန်ကုန်ပွဲတွေရော၊ နယ်ပွဲတွေပါ ဆက်ပြီး သီဆိုဖြစ်သွားမှာပါ။
မေး- မြန်မာနှစ်သစ်မှာ ပရိသတ်တွေအတွက် ဆုတောင်းပေးချင်တဲ့ စကားများရှိဦးမလား။
ဖြေ- မြန်မာနှစ်သစ်မှာ ပရိသတ်အားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကြပါစေ။ မြန်မာနှစ်သစ်မှာ အားလုံးလည်း ပျော်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။      
    

Most Read

Most Recent