ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၂ မိုင် ၁ ဖာလုံတွင် ယာဉ်တစ်စီး တိမ်းမှောက်ရာ ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၂ မိုင် ၁ ဖာလုံတွင် ယာဉ်တစ်စီး တိမ်းမှောက်ရာ ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ
Published 18 April 2016
နေရိုင်း၊ ဇေယျာထွန်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၂ မိုင် ၁ ဖာလုံတွင် ဧပြီ ၁၈ ရက်က Honda Foton ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ၁၃ ဦးအနက် ငါးဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ခြောက်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် အမျိုးသမီး တစ်ဦးမှာ ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ မန္တလေးဘက်သို့ မောင်းနှင်ခဲ့ရာ ဧပြီ ၁၈ ရက် နံနက် ၆ နာရီခန့်တွင် ယာဉ်မောင်း မျိုးလင်းအောင်မှာ အိပ်ငိုက်၍ လမ်းလယ်ကျွန်းအား ဝင်တိုက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် မသွယ်သွယ်ဦး၊ မသဲမွန်ခိုင်၊ ဒေါ်ရွှေညွန့်၊ နာမည်မသိ အမျိုးသမီးတစ်ဦးနှင့် အသက် ခုနစ်နှစ်ခန့် မောင်ဟိန်းစုအောင်တို့မှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်ခြောက်ဦးမှာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသလျက် ရှိကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်နေစဉ်နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် အမျိုးသမီး တစ်ဦးမှာ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ထပ်မံ သေဆုံးသွားကြောင်း ရဲမှူး ညီဝင်း ပြောကြားချက်အရ သိရသည်။“ကျွန်မတို့ စသိတဲ့ အချိန်မှာ နံနက် ၆ နာရီတောင် မထိုးသေးဘူး။ ကျွန်မတို့ အဲဒီကို ရောက်တော့ ကယ်ထုတ်ထားပြီးသား လူနာတွေကို ကြည့်ကြည့်တော့ အသက်ရှူတယ်။ အဲ့ဒါကြောင့် ရှေ့ပြေးအနေနဲ့ ခုတင် ၁၀၀၀ ကို ပို့လိုက်တယ်။ ကားအောက်မှာ ပိတဲ့သူတွေကို ရဲတွေနဲ့ ဝိုင်းတွန်းပြီး ထောင်လိုက်တယ်။ အဲဒီအောက်မှာ ရှိနေတဲ့ သူတွေကတော့ အကုန်သေနေတယ်။ ကျွန်မတို့လည်း ဘာမှလုပ်လို့ မရတော့ဘူး။ အဲ့ဒါကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကိုပဲ ပို့လိုက်တယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက ပြောကြားသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးလင်းအောင်အား ပလွေး အမြန်လမ်းမကြီး ရဲစခန်းတွင် ယာဉ် (ပ)၁၁/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်ထားကြောင်း အမြန်လမ်း ရဲစခန်းမှ သိရသည်။