သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဦးသိန်းစိန်အစိုးရ နှုတ်ထွက်ပေးရန် ရန်ကုန်မြို့ရှိ မြို့နယ်များတွင် လှည့်လည်၍ စာဝေငှခြင်း၊ ဆန္ဒပြ ဟောပြောခြင်းများ ပြုလုပ်သဖြင့် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် မြို့နယ်တရားရုံး အသီးသီးက ထောင်ဒဏ် ၁၃ နှစ် ခြောက်လ ချမှတ်ခံရသူ ကိုထင်ကျော်သည် သမ္မတသစ် ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုဖြင့် ဧပြီ ၁၇ ရက်က အင်းစိန် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ထိုသို့ ပြန်လည်လွတ်မြောက်လာခဲ့ရာ တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်၏ အစိုးရသစ်အပေါ် ထားရှိသည့် အမြင်သဘောထားများ၊ အစိုးရသစ် လက်ထက်တွင် တက်ကြွလှုပ်ရှားသူတို့၏ အခန်းကဏ္ဍများ၊ သတင်းမီဒီယာအပေါ် ထားရှိသည့် ၎င်း၏ အမြင်များကို မေးမြန်းဖြစ်ခဲ့ပါသည်။“သတင်း စီးဆင်းနေမယ်။ သတင်းသိခွင့် ရှိနေမယ်။ ပြောခွင့်ဆိုခွင့် လွတ်လပ်စွာ ရနေမယ်ဆိုရင် ဆန္ဒပြမှုတွေ လျော့နည်းသွားပါမယ်”တက်ကြွလှုပ်ရှားသူ ကိုထင်ကျော်နှင့် တွေ့ဆုံခြင်းမေး ■ လွတ်မြောက်လာတဲ့အပေါ် ဘယ်လို ခံစားရလဲ အရင် ပြောပေးပါဦး။ဖြေ ■ ပြည်သူလူထု တင်မြှောက်တဲ့ အရပ်သား အစိုးရက ကျွန်တော်တို့ကို လွှတ်ပေးတဲ့အတွက် အင်မတန်မှ ဝမ်းလည်းသာပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ ထောင်ထဲမှာ အာဏာရှင်ရဲ့ သားကောင်တွေဖြစ်တဲ့ ကျန်တဲ့ ခံစားခွင့်တွေကို တန်းတူညီမျှစွာ ပေးဖို့ လိုအပ်ပါတယ်။ အချို့ဆိုရင် ၁၀ နှစ်နဲ့ ၁၀ နှစ်ကျော် နေလာရတဲ့ အကျဉ်းသားတွေ ရှိပါတယ်။ ဒီနိုင်ငံသားတွေ အတွက်လည်း လက်ရှိ ပြည်သူ့ အစိုးရဟာ ငဲ့ညှာမယ်လို့ ယူဆပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ လွတ်လာပေမယ့်လည်း တခြားနစ်နာနေတဲ့ အကျဉ်းသားတွေကိုလည်း စိစစ်ပြီး ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။မေး ■ အစိုးရသစ် လက်ထက်မှာ ရှိနေမယ့် ကိုထင်ကျော်တို့ တက်ကြွလှုပ်ရှားသူတွေရဲ့ အခန်းကဏ္ဍကိုလည်း ပြောပြပေးပါ။ဖြေ ■ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ မဏ္ဍိုင်သုံးရပ်ကို ပြည်သူလူထု တင်မြှောက်တဲ့ ပြည်သူ့အစိုးရ၊ ဒီမိုကရေစီ အစိုးရကို ကျွန်တော်တို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်။ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ ဥပဒေ ပြဋ္ဌာန်းထားတဲ့အတိုင်း အညီအညွတ် ဆောင်ရွက်သွားမယ်။ နောက်တစ်ခုက မီဒီယာရဲ့ လွတ်လပ်ပွင့်လင်းမှုကို လက်ရှိ အစိုးရက ဆောင်ရွက်ပေးလိမ့်မယ်လို့ ယူဆပါတယ်။မေး ■ အစိုးရသစ် လက်ထက် မီဒီယာကဏ္ဍ အပေါ် ဘယ်လိုမြင်လဲ။ဖြေ ■ မီဒီယာနဲ့ ပြည်သူနဲ့ ပူးပေါင်းမှသာ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်။ တရားဥပဒေ စိုးမိုးရေးတွေ ပြုလုပ်လို့ ရနိုင်မှာ ဖြစ်တဲ့အတွက် အစိုးရသစ်သည် ပြည်သူနဲ့ မီဒီယာကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ကြေညာပေးဖို့ လိုတယ်။ ထုတ်ပြန်ပေးဖို့ လိုတယ်။ အရင် စနစ်ဟောင်းလို ဖုံးကွယ်ထားပြီး အမြဲတမ်း ပြည်သူကို မျက်စိ၊ နား ပိတ်ထားမယ်ဆိုရင် နောက်ထပ် စနစ်ဆိုးတစ်ခု သံသရာ လည်သွားမယ်လို့ မြင်ပါတယ်။မေး ■ ကိုထင်ကျော် တစ်ဦးတည်း အနေနဲ့ရော ဘယ်လိုလှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမလဲ။ဖြေ ■ ကျွန်တော်တို့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုအဖွဲ့က နှစ်စဉ် မူဝါဒ ပြောင်းလဲ ရေးဆွဲထားတာ ရှိပါတယ်။ အခု ၂၀၁၅ မှာ ကျွန်တော်တို့အဖွဲ့ရဲ့ မူအတိုင်း အရပ်သား အစိုးရ ပေါ်ပေါက်ရေး ဆောင်ရွက်မှု အောင်မြင်သွားပြီဖြစ်တဲ့အတွက် ၂၀၁၆ မှာတော့ တရားဥပဒေ စိုးမိုးရေးအတွက် မူချမှတ်ထားပါတယ်။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာ အရပ်သားဝန်ကြီး ပေါ်ပေါက်ရေးနဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်မှာ လိုအပ်ချက်တွေကို ကျွန်တော်တို့မြင်တဲ့ ရှုထောင့်တွေကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။မေး ■ ကိုထင်ကျော်တို့ မူတွေက အစိုးရချမှတ်တဲ့ မူတွေနဲ့ ကိုက်ညီမှု မရှိဘဲ ဖြစ်လာရင်ရော အရင်လို ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ဖို့ ရှိလား။ဖြေ ■ ဖြစ်နိုင်တယ်။ အဲဒီလို ဆန္ဒပြတာတွေလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ ပြည်သူတွေအပေါ် တုံ့ပြန်မှု အပေါ်မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆန္ဒပြတာကလည်း ရုတ်တရက် ထလုပ်တာ မဟုတ်ပါဘူး။ အချက်အလက်တွေ စုဆောင်းရတယ်။ ပြည်သူကြားထဲကို ကွင်းဆင်းရပါတယ်။ ပြီးရင် သက်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တွေ၊ အုပ်ချုပ်ရေး အဖွဲ့တွေကို အကြောင်းကြားပြီး ညှိနှိုင်းဖြေရှင်းဖို့ အကြောင်းကြားရပါတယ်။ အဲဒါတွေကို မလုပ်တဲ့ အတွက်သာ လမ်းပေါ်ထွက်ပြီး လူတွေရဲ့ ဘဝတွေ ရင်းပြီး ဆန္ဒပြပါတယ်။ ကျွန်တော်တို့က ဥပဒေကို ချိုးဖောက်ရမှာ အင်မတန်မှ ဝန်လေးပါတယ်။ ဥပဒေဘောင်နဲ့ အညီဆိုတာ အစိုးရပေါ်မှာပဲ မူတည်ပါတယ်။ ပြည်သူအပေါ်မှာ မမူတည်ပါဘူး။မေး ■ အဲဒီတော့ အစိုးရသစ် အပေါ်မှာ ဘာတွေ အကြံပြုချင်လဲ။ဖြေ ■ ပြည်သူကို အစိုးရက အမြဲတမ်း ပွင့်လင်းဖို့ လိုတယ်။ သတင်းထိန်ချန်ဖို့ မလိုဘူး။ အမြဲတမ်း ပွင့်လင်းလွတ်လပ်စွာ သိနေမယ်။ သတင်း စီးဆင်းနေမယ်။ သတင်းသိခွင့် ရှိနေမယ်။ ပြောခွင့်ဆိုခွင့်တွေ လွတ်လပ်စွာ ရနေမယ်ဆိုရင် စောစောကပြောတဲ့ ဆန္ဒပြမှုတွေဟာ လျော့နည်းသွားပါမယ်။ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ချင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်ခင်ဗျ။မေး ■ တခြားရော ဘာပြောစရာ ကျန်ဦးမလဲ ခင်ဗျ။ဖြေ ■ အဓိကကတော့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေ၊ ဆန္ဒပေါင်းစုံပေါ့ဗျာ။ ကျဆင်းနေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံးကို စနစ်တကျ ဖြည်းဖြည်းချင်း ဖော်ဆောင်ဖို့လိုတယ်။ ကျွန်တော်တို့ ဒီနိုင်ငံရေး အဖွဲ့အစည်း သာမက၊ မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်လာတာက မီဒီယာ ဖြစ်ပါတယ်။ မီဒီယာရဲ့ ပွင့်လင်းမှုအပေါ်မှာ ဒီအကျိုးအမြတ်တွေ ခံစားလာရတယ်လို့လည်း ယူဆပါတယ်။ ကျွန်တော်တို့ မူအရတော့ ၂၀၀၇ ကတည်းက ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု လုပ်တဲ့အချိန်မှာ အဓိကကတော့ မီဒီယာက ပြည်သူ့ဘက်က ရပ်ပြီးတော့ အမှန်တရား ဖော်ထုတ်ပေးတဲ့အတွက် ဒီလို ပွင့်လင်းလာတယ်လို့ ယူဆတယ်။ ဒါက ကျွန်တော်တို့ အယူအဆပါ။ အဲဒီအတွက် ဆက်လက်ပြီး မီဒီယာ ပွင့်လင်းမှုအတွက်ကို တောင်းဆိုပါတယ်။ မီဒီယာကို လွတ်လပ်စွာ ဘက်မလိုက်ဘဲ မီဒီယာဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတယ်။ မီဒီယာကို အကာအကွယ်ပေးဖို့ လိုတယ်။ အဲဒီလို ပွင့်လင်းမယ်ဆိုရင် ဒီမိုကရေစီဟာ အမြဲတမ်းရှင်သန် စီးဆင်းသွားလိမ့်မယ်။ လက်ရှိ အရပ်သား အစိုးရဟာ လိုအပ်တဲ့ သတင်းမှန်သမျှ မထိန်ချန်ဘဲ ထုတ်ပြန်ပေးဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို စနစ်တကျ ဖြေရှင်းပေးဖို့ တောင်းဆိုလိုပါတယ် ခင်ဗျ။
“သတင်း စီးဆင်းနေမယ်။ သတင်းသိခွင့် ရှိနေမယ်။ ပြောခွင့်ဆိုခွင့် လွတ်လပ်စွာ ရနေမယ်ဆိုရင် ဆန္ဒပြမှုတွေ လျော့နည်းသွားပါမယ်”