အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၂ မိုင်အနီးတွင် ယနေ့ (ဧပြီ ၁၈ ရက်) နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က လိုက်ထရပ်ယာဉ်တစ်စီး လမ်းလယ်ကျွန်းပေါ်သို့ အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာမှ ယာဉ်ပေါ်ပါ ခရီးသည် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ ထို့အပြင် ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း အမြန်လမ်းမကြီး ၁၉၂ မိုင် အနီးတွင် ကိုးရီးယား လိုက်ထရပ်ယာဉ် တစ်စီးမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး မောင်းနှင်ရာမှ လူ ၆ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်းလည်း သိရသည်။“မနက်က ကားမှောက်တဲ့ အထဲမှာ အသေအပျောက် မရှိဘူး ခင်ဗျ။ ဒဏ်ရာရတာက ကျားတစ်ဦးနဲ့ မခြောက်ဦး၊ ခုနှစ်ဦး ဒဏ်ရာရတာပါ။ သူတို့ကတော့ ရန်ကုန်ဘက်ကနေ၊ နေပြည်တော်ဘက်ကို မောင်းလာတဲ့ အချိန်မှာ ၈၂ မိုင်အရောက် အရှိန်မထိန်းနိုင်ပဲနဲ့ လမ်းလယ်ကျွန်းကို ရောက်ပြီး လည်ပြီး မှောက်သွားတာပေါ့။ ဒဏ်ရာ ရတာတွေကတော့ သာမာန်တွေပါပဲ စိုးရိမ်စရာ မရှိပါဘူး။ ဆေးရုံကိုတော့ ကျွန်တော်တို့ အမြန်လမ်းတပ်ဖွဲ့ပိုင် ကားနဲ့ပဲ ပို့ပေးလိုက်တာပါ။ မြို့ချောင်း အမြန်လမ်းဆေးရုံကို ပို့ပေးရတာပါ” ဟု မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ အမှုစစ် ရဲအုပ် ရဲစိုးက ပြောကြားသည်။ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်မှ နေပြည်တော်ဘက်သို့အသွား အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၂ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံအကြားတွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှူး ထွန်ထွန်းဦးအဖွဲ့နှင့် မြို့ချောင်းအမြန်လမ်း မီးသတ်စခန်းအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဝင်းနောင် ၄၂ နှစ်(ဘ)ဦးမြသန်း စည်ပင်အိမ်ရာ တိုက် A/10 အခန်း ၁၂၊ နေပြည်တော်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 2I/4724 ကိုးရီးယား လိုက်ထရပ်ယာဉ်သည် အရှိန်လွန်ပြီး လမ်းလယ်ကျွန်းပေါ်သို့ ကျော်တက်ကာ ပက်လက်လန် တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား၂ ဦး၊ အမျိုးသမီး ၆ ဦးတို့အနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်သည်။အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းဝင်းနောင်အား မြို့ချောင်း အမြန်လမ်း နယ်မြေရဲစခန်းမှ ယာဉ်(ပ)၄၁/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားပြီး၊ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း မြို့ချောင်း အမြန်လမ်း ရဲစခန်းနယ်မြေအတွင်းရှိ မိုင်တိုင်အမှတ် ၉၇ မိုင် အနီး၌ လူ ၅ ဦးပါ ပရာဒိုယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ Miss Universe 2015 မော်လမြိုင်အလှမယ် မအိဖြိုးသွယ်နှင့် ၎င်း၏ မိခင်ဖြစ်သူတို့ သေဆုံးသွားခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ထို့အပြင် ဧပြီ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်ကလည်း အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၂ မိုင်အနီး၌ ရန်ကုန်မှနေပြည်တော်သို့ မောင်းနှင်လာသည့် ကိုးရီးယားလိုက်ထရပ်ယာဉ်တစ်စီးမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး မောင်းနှင်ရာမှ ရှေ့ဘီးပေါက်ပြီး အရှိန်လွန်တိမ်းမှောက်ကာ ယာဉ်ပေါ်ပါ ခရီးသည်များအနက် ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
အမြန်လမ်းမကြီး ၈၂ မိုင်အနီးတွင် လိုက်ထရပ်ယာဉ် တစ်စီးမှ လမ်းလယ်ကျွန်းပေါ်သို့ အရှိန်လွန် တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၇ ဦး ထိခိုက် ဒဏ်ရာရ