အိမ်ရှေ့က ပိတောက်ပင်

အိမ်ရှေ့က ပိတောက်ပင်
Published 18 April 2016
တက္ကသိုလ်မိုးဝါ

နှစ်ရှည်လများ နေခဲ့ဖူးသောအိမ်ကို ပြန်လည် သတိတရ ဖြစ်နေသောကြောင့် တစ်လောကပဲ ထိုအိမ်ကို တကူးတက အလွမ်းပြေ သွားကြည့်ဖြစ်သေးသည်။ အိမ်မှာ နှစ်ခန်းတွဲ နှစ်ထပ်အိမ်ဖြစ်သည်။ ပေါင်းလိုက်လျှင် အပေါ်ထပ်အောက်ထပ် စုစုပေါင်း လေးခန်းရှိကာ အိမ်ထောင်စု တစ်စုလျှင် တစ်ခန်းစီ နေထိုင်နိုင်သည်။တစ်ခန်းဟု သာမန်အားဖြင့် ဆိုသော်လည်း ဧည့်ခန်းဆိုလျှင် လေးထောင့်စပ်စပ် ပေ ၄၀ ပတ်လည်ရှိကာ ကျယ်ဝန်းသော အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်း၊ ထမင်းစားခန်း၊ မီးဖိုချောင်၊ စတိုခန်း၊ ပေ ၂၀ ပတ်လည် လသာဆောင် စသဖြင့် ရှိသည်။ ပြောရလျှင် ထိုအချိန်က ရုရှားအစိုးရက မြန်မာအစိုးရနှင့် နှစ်နိုင်ငံ သဘောတူ စာချုပ်အရ တက္ကသိုလ် ကျောင်းကြီးအပါအဝင် ဆရာများနေရန် အိမ်ကိုပါ တစ်ပါတည်း ဆောက်လုပ်ပေးထားခြင်း ဖြစ်ပြီး အရည်အသွေးမှာလည်း စံချိန်စံညွှန်း ပြည့်မီသည်။အဓိက ပြောချင်သည်မှာ စာရေးသူ နေထိုင်ခဲ့ဖူးသော အိမ်အကြောင်း မဟုတ်ပါ။ အိမ်ရှေ့နှင့် ခြေလှမ်း ၁၅ လှမ်းခန့် အကွာတွင် ရှိသည့် ပိတောက်ပင်ကြီး အကြောင်းဖြစ်သည်။ ယခုလို ပူပြင်းမှိုင်းပျသော နွေအခါမျိုး၌ ယင်းပိတောက်ပင်ကို ပို၍ပင် သတိရနေမိသည်။ နှစ်ပေါင်း ၃၀ ကျော် ကုန်လွန်လာခဲ့ပြီးမှတော့ ချစ်သော ပိတောက်ပင်ကြီး မရှိတော့သည်မှာ အဆန်းမဟုတ်တော့။ အိမ်ရှေ့က ချစ်သော ပိတောက်ပင်ကြီးသည် နှစ်စဉ်နှစ်တိုင်း မိုးတစ်ပြိုက်မျှ စွေရွာလိုက်ပြီ ဆိုသည်နှင့် မခိုင်းစေရဘဲ မတမ်းတရဘဲ တစ်ပင်လုံး ပြွတ်ခဲဝါထိန်နေအောင် အပွင့်ပွင့်တော့သည်။ မှတ်မိပါသေးသည်။ အိမ်၏ ဘေးမလှမ်း မကမ်း၌ ကားထားရန် ဂိုဒေါင်ရှိရာ အိမ်သို့ အဝင် ကားလမ်းနံဘေးတွင် အပင်တည်ရှိသဖြင့် လမ်းနှင့်မလွတ်သော အကိုင်းများအား ခုတ်ထွင် ရှင်းလင်းရသည့် အခါများလည်း ရှိခဲ့သည်။ သတိထားမိသည့် အချက်မှာ ကားလမ်း၊ လူသွားလမ်းနှင့် မလွတ်သော ကိုင်းများအား ခုတ်လိုက်တိုင်းလည်း မကြာမီ အတောအတွင်း၌ ပြန်လည်ကြီးထွား အုပ်ဆိုင်းလာသည်ကို တွေ့ရ၏။အနှစ် ၃၀ ကျော်ခန့်က အိမ်ရှေ့ရှိ ပိတောက်ပင် အကြောင်းကို တွေးနေမိရင်း အိပ်မက်မှ နိုးထသူ တစ်ယောက်ပမာ တိုင်းတစ်ပါးဒေသခြားတွင် နေထိုင်ခဲ့ဖူးသည့် သက်တမ်း ကာလတွင်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အိမ်ပြတင်းအား ဖွင့်လိုက်သည့် တစ်မနက် ပိတောက်တို့ ပွင့်နေသည်ကို မှတ်မှတ်ထင်ထင် မြင်တွေ့ရသည်။ သို့သော် သူတို့ဆီက ပိတောက်ပွင့်တို့သည် နံနက်ခင်း၏ နေရောင်အောက်တွင် နေပြောက်အလုံးအရင်း ထိုးဖောက်သွားနိုင်လောက်အောင် အရွက်နှင့် အပွင့်တို့ ကျိုးတိုးကျဲတဲ နိုင်လှသည်။ စာရေးသူတို့ဆီမှာလို နေပြောက်တိုးဝင် ထိုးဖောက်ရန် ခက်ခဲလောက်အောင် အပွင့်တို့ အဆုပ်လိုက် အပြွတ်လိုက် ကျပ်သိပ်နေခြင်း မရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်။ အရွက်နှင့် အပွင့်တို့ ပြွတ်သိပ်နေခြင်း သင်္ကေတမှာ အင်အားတစ်ရပ်ကို ဖော်ညွှန်းနေခြင်းပင် ဖြစ်သည် မဟုတ်ပါလား။ မြန်မာနိုင်ငံတွင် ပြည်သူတို့၏ စည်းလုံးညီညွတ်မှု အင်အားမှာ နေပြောက်တည်းဟူသော အလိမ်အကောက်၊ အဖျက်အမှောင့် ထိုးဖောက် မဝင်နိုင်လောက်အောင်ပင် ကြီးမားလှကြောင်း မကြာသေးမီကပဲ ပြည်သူ့ဆန္ဒအတိုင်း ဖော်ဆောင် သက်သေပြပြီး ဖြစ်သည်။ ယင်းကို “အိမ်ရှေ့ကပိတောက်ပင်” ကဗျာဖြင့် အဓိပ္ပာယ်ဖွင့်၍ ဖော်ကျူးထားသည်။ရွှေရောင်ပွင့်တွေ…..အသင့်အုပ်မိုး၊နေပြောက်ထိုးကြားကျိုးတိုးကျဲတဲ၊ အခက်တွဲကျမြင်လိုက်ရမှ၊ ဒေသမတူပြီသတိလည်မိ၊ ဧည့်သည်အဖြစ်ထွန်းသစ်အခြေ၊ငါရောက်နေခဲ့ငါ့မြေ ငါ့နိုင်ငံ၊ ကျန်ရစ်ဝေးဝေးရက်ဆွေးလသွန်၊ကုန်လွန်ပြီကော…။ခုလောက်ဆိုရင်….အသွင်ချမ်းမြေ့၊ငါ့အိမ်ရှေ့မှာပိတောက်ဝါတွေ၊ဝေဆာပြည့်ညပ်အထပ်ထပ်နဲ့၊ အပ်ချမနိုင်အပွင့်လှိုင်ရော့ ….။သူတို့ဆီက ပိတောက်ပင်မှာ အပွင့်ဝေဆာ ပြွတ်သိပ်မှု မရှိရုံမျှမက ပင်စည်နှင့် အကိုင်းအခက်တို့သည်လည်း အနည်းငယ် ကြုံလှီသည်ဟု ပြောရပေမည်။ တက္ကသိုလ် ကျောင်းဝင်းထဲက စာရေးသူ နေထိုင်ခဲ့သည့် အိမ်ရှေ့ရှိ ပိတောက်ပင်သည် မည်သည်နှင့်မျှ နှိုင်းယှဉ်မရအောင် တုတ်ခိုင်ကြီးမားသည်။ အကိုင်းအခက် အပွင့်တို့ ဝေစည်သည်။ မိမိ နိုင်ငံရှိ ပိတောက်ပင်၏ ဂုဏ်ပုဒ်များကိုပင် ရှာရှာဖွေဖွေ ထုတ်ဖော်ကာ တိုင်းတစ်ပါးသူအား ကြွားဝါနေမိခဲ့သည်။တိုင်းတစ်ပါးသူရေ…..ဝါရွှေလွင်ရည်၊တို့ဆီကပိတောက်ဘယ်လောက်ပဲခူးခူး၊ခူးလေဖူးလေချိုးလေတိုးလေ၊ဖျက်လေတက်လေခုတ်လေလှုပ်လေ၊ချိုင်လေခိုင်လေမယိုင်ချေဘူး။မတော်တဆများ….ဖဝါးလှမ်းထောက်၊တို့ဆီရောက်ခဲ့ရင်ပိတောက်လိုလူစားအများကြီးနဲ့ ဆုံမှာမလွဲ…။     ။(မဟေသီမဂ္ဂဇင်း - ၁၉၈၈ ဧပြီ)တိုင်းတစ်ပါးမှနေ၍ တက္ကသိုလ် ကျောင်းဝင်းရှိ မိမိအိမ်ရှေ့က ပိတောက်ပင်ကြီးကို သတိတရ လွမ်းဆွတ်နေမိသည်။ ထိုမျှသာမက ဆယ်စုနှစ်များစွာ လူ့အခွင့်အရေး ဆုံးရှုံးလျက် ဆင်းရဲတွင်းနက်ခဲ့သော အဖိနှိပ်ခံ ပြည်သူတို့ကိုလည်း သတိရနေမိသည်။ အကိုင်းအခက်တို့ အချိုးခံရလေ၊ တိုးပွားလာလေ။ အပွင့်တို့ အခူးခံရလေ၊ အဖူးတို့ဖူးလာလေ၊ အဖျက်အခုတ်ခံရလေ၊ အထက်သို့ ထိုးတက်လာလေဟူသည့် ပိတောက်ကဲ့သို့သော လူစား အများကြီး ရှိနေသေးကြောင်း အားရဝမ်းသာ ကျေနပ်နှစ်သိမ့် ဖြစ်နေမိသည်။ ပင်စည်မှ မည်မျှပင် ခုတ်ခုတ်၊ အငုတ်မှတစ်ဖန် အကိုင်းအခက်တို့ တိုးပွားဝေစည်လာမည်မှာ ပစ္စက္ခဖြစ်စဉ်များက သက်သေသာဓက ထူလျက် ရှိနေပြီလေ…..။

Most Read

Most Recent