လားရှိုးတွင် အများပြည်သူများ အပန်းဖြေ အနားယူသည့် ရေအေးချောင်းအနီးမှ လောင်းကစားဝိုင်းများ ဖမ်းဆီးရမိ

လားရှိုးတွင် အများပြည်သူများ အပန်းဖြေ အနားယူသည့် ရေအေးချောင်းအနီးမှ လောင်းကစားဝိုင်းများ ဖမ်းဆီးရမိ
Published 15 April 2016
ထွန်းနေလှိုင် (နောင်ပိန်)

သင်္ကြန်ကာလအတွင်း မှုခင်းကျဆင်းရေးအတွက် လားရှိုးမြို့နယ်တွင် အလေးထား ဆောင်ရွက်လျက် ရှိရာ ဧပြီလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်း (၁၁) နာရီကျော် အချိန်ခန့်က လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ဟတ်ကာကျေးရွာ အနီးရှိ အများပြည်သူများ သင်္ကြန်တွင်း အပန်းဖြေနေသော ရေအေးချောင်း အနီးတွင် လောင်းကစား ၆ ကောင်ခုံဝိုင်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ခြောက်ကောင် လောင်းကစားရာတွင် အသုံးပြုသည့် သံကိုင်းတပ် အံစာတုံးဆွဲသည့် အဖုံးပါ အပြာရောင် သစ်သားဆွဲခုံများ၊ ဆင်၊ ကျား၊ ကြက်၊ ပုဇွန်၊ လိပ်၊ ငါးရုပ်ပုံများ ပါသည့် ပန်းချီကားချပ်များ၊ အံစာတုံးများ၊ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းများ၊ လောင်းကစားငွေများနှင့် အတူ လောင်းကစားဒိုင် ပြုလုပ်သူ ဇော်မင်းဟိန်း (၂၆)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အခြား လောင်းကစားဒိုင် ပြုလုပ်သူများ/လောင်းကစားသူများ(စုံစမ်းဆဲ) တို့အား ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ် ထားရှိပြီး စစ်ဆေးလျက်ရှိကြောင်း ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
 
အလားတူ သင်္ကြန်ကာလအတွင်း ရေပက်ကစားသူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ရေးအတွက် ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ နယ်မြေလုံခြုံရေး၊ ရေကစားသူများ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် လှည့်ကင်းများ အချိန်ပြည့် ဆောင်ရွက်လျက် ရှိနေပြီး ရေကစားသူများ အန္တရာယ် မဖြစ်စေရေးအတွက် တုတ်၊ ဓါး၊ လက်နက် ယူဆောင်လာမှုများ မရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။