အမြန်လမ်းမကြီး ၁၂၈ မိုင်အနီးတွင် ဘုရားဖူးခရီးသည် ၁၀ ဦး လိုက်ပါလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

အမြန်လမ်းမကြီး ၁၂၈ မိုင်အနီးတွင် ဘုရားဖူးခရီးသည် ၁၀ ဦး လိုက်ပါလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
Published 15 April 2016
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် အမြန်လမ်းမကြီး ၁၂၈ မိုင်အနီးတွင် ယနေ့ (ဧပြီ ၁၅ ရက်) အတာသင်္ကြန် ဒုတိယ အကြတ်နေ့က ဘုရားဖူးခရီး အလည်သွားရာမှာ ပြန်လာသည့် လူ ၁၀ ဦးပါ ဟိုက်ဂျက်ကားတစ်စီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
 
“သူတို့က ဘုရားဖူးရင်း အပန်းဖြေစခန်းတွေကို သွားပြီး ပြန်လာကြတာလို့ ပြောတယ်။ စက်စဲတို့ ဘာတို့ဘက်ကိုလား မသိဘူး။ အဲဒီဘက်ကနေ ပြန်လာကြတာပဲ။ ဖြစ်တဲ့အချိန်ကတော့ နံနက် ၇ နာရီ ၄၅ မိနစ်လောက်မှာဖြစ်တာ။ ကားကတော့ ဟိုက်ဂျက်ကားလေးပေါ့။ မှောက်တာက ဘီးပေါက်ပြီး မှောက်တာ။ ဘီးပေါက်ပြီး အရှိန်ထိန်းမရတာပေါ့။ ကားရဲ့ ဝဲဘက်နောက်ဘီး ပေါက်ပြီးမှ လမ်းရဲ့ ညာဘက်နံဘေး မြေသားပေါ်ကိုပဲ မှောက်သွားတာ။ ကားမှောက်ပြီး ဒဏ်ရာရတဲ့ သူတွေ အကုန်လုံးကို ကျွန်တော်တို့ အမြန်လမ်း ရဲစခန်းက ကားတွေနဲ့ပဲ အုတ်တွင်းဆေးရုံကို အရင်ပို့လိုက်တယ်။ နောက်ပြီး တောင်ငူဆေးရုံကိုလည်း လွှဲပို့လိုက်ရတယ်။ တစ်ယောက်ကတော့
တောင်ငူဆေးရုံရောက်တော့မှ ဆုံးသွားတယ်” ဟု ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 
အဆိုပါ ခရီးသွားယာဉ်သည် ဧပြီ ၁၅ ရက် သင်္ကြန် ဒုတိယ အကြတ်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စတင်ထွက်လာခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် ကျား ၅ ဦး၊ မ ၅ ဦး စုစုပေါင်း လူ ၁၀ ဦး လိုက်ပါလာခြင်းဖြစ်သည်။ ယာဉ်မောင်းဖြစ်သူ ဇော်လင်း ၃၈ နှစ်၊ တနိုင်းမြို့၊ ကချင်ပြည်နယ်နေသူက အမြန်လမ်းမကြီးအတိုင်း ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် အမြန်လမ်းမကြီး ၁၂၈ မိုင် ၁ ဖာလုံအနီးသို့ အရောက်တွင်
ယာဉ်ဝဲဘက်နောက်ဘီး ပေါက်ကာ အရှိန်မထိန်းနိုင်ပဲ လမ်းမကြီး၏ ညာဘက်ဘေး မြေသားလမ်းပေါ်သို့ လဲကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
 
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူများအား ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူများက အမြန်လမ်း ရဲစခန်းကားဖြင့် နီးစပ်ရာ အုတ်တွင်းမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ ပို့ဆောင်ပြီးနောက် ဒဏ်ရာပြင်းထန်သူ အချို့အား တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ကိုဆန်းမင်း ၃၅ နှစ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် ရရှိသော ဒဏ်ရာဖြင့် တောင်ငူဆေးရုံကြီး၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
 
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဇော်လင်းအား ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ ယာဉ်(ပ) ၁၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
 
“ယာဉ်မောင်းကို အမှုဖွင့်ထားတယ်။ အစကတော့ ၃၃၇/၃၃၈ နဲ့ပဲ အမှုဖွင့်ထားတာ။ ဆေးရုံရောက်မှ တစ်ယောက်သေသွားတဲ့အတွက် ပုဒ်မ ၃၀၄ (က) နဲ့ ထပ်ပြီး အမှုပြောင်း ဖွင့်လိုက်ရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာ ကျန်တဲ့သူတွေကတော့ အခြေအနေကောင်းတယ်။ အဲထဲက အမျိုးသမီး တစ်ယောက်ကတော့ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ သူ့ကိုလည်းေ တာင်ငူဆေးရုံကြီးကိုပဲ ပို့ထားရတယ်” ဟု ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။