မောင်ဆောင်းခအပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ကိုရုပ်သိမ်းခဲ့သော်လည်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်

မောင်ဆောင်းခအပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ကိုရုပ်သိမ်းခဲ့သော်လည်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်
Published 8 April 2016
ရှိုင်းလင်းအောင်

ကဗျာဆရာ မောင်ဆောင်းခအပေါ် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ) ကိုရွှေပြည်သာ မြို့နယ်တရားရုံးက ရုပ်သိမ်းခဲ့ကြောင်း ဧပြီ ၈ ရက်ညနေပိုင်းတွင် မောင်ဆောင်းခ၏ မိခင်ဖြစ်သူထံမှ စုံစမ်းသိရှိရသည်။ 
 
မူလက မောင်ဆောင်းခအပေါ် တရားစွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ကိုသာ ပယ်ဖျက်ခဲ့သည့်အတွက် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကိုဆက်လက်တရားရင်ဆိုင်သွားရမည်ဖြစ်သည်။
 
ယင်းသို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မောင်ဆောင်းခ ဆက်လက်တရားရင်ဆိုင်ရမှုနှင့် ပတ်သက်၍ ၎င်း၏မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်နိုင်က “ညနေ ၅ နာရီ ထိုးခါနီးမှာ တရားသူကြီးက သားအပေါ်စွဲထားတဲ့ ပုဒ်မနှစ်ခုထဲက ၅၀၅ (ခ) ကိုပယ်ဖျက်လိုက်ပြီလို့ လာပြောတယ်။ အဲဒီတော့ ၆၆ (ဃ) ကကျန်နေသေးတော့ တရားရင်ဆိုင်ရဦးမှာပဲ။ အန်တီတို့ကတော့ ၆၆ (ဃ) ကိုပါ ပယ်ဖျက်ပေးစေချင်တယ်။ ဆက်သွယ်ရေးပုဒ်မက ထောင်ခြောက်လပဲချတာလေ။ အခု အန်တီသား အမှုရင်ဆိုင်နေရတာက ငါးလကျော်တောင် ကြာနေပြီ” ဟု ဧပြီ ၈ ရက်ညနေပိုင်းက ပြောကြားသည်။
 
အလားတူ ဧပြီ ၈ ရက်က မြို့နယ်တရားရုံး အသီးသီးတွင် နိုင်ငံရေးပုဒ်မများဖြင့် တရားရင်ဆိုင်နေကြသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားခေါင်းဆောင်များ၏ အမှုတွဲများကို သက်ဆိုင်ရာမြို့နယ် တရားရုံးများက ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။
 
မောင်ဆောင်းခအမှုကို ဧပြီ ၂၂ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကိုပယ်ဖျက်ပေးရန် မျှော်လင့်ကြောင်း မောင်ဆောင်းခ၏ မိခင်ဖြစ်သူက ပြောကြားသည်။