တာချီလိတ်တွင် ကျပ်သိန်းပေါင်း ၃၅၂၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်တွင် ကျပ်သိန်းပေါင်း ၃၅၂၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 6 April 2016

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန်ကျေးရွာအနီး စစ်ဆေးဂိတ်အား ကွင်းရှောင်သော လမ်းဆုံနှင့် ဆွတ်ဆိုင်-ဟွေလုသွားကားလမ်းတွင် ဧပြီ ၅ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ဓါတုဆေးဝါး(ကဖင်း)များ သယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် ပိတ်ဆို့စစ်ဆေးရှာဖွေရာတွင် ကျပ်သိန်းပေါင်း ၃၅၂၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ် ထံမှ သတင်းရရှိသည်။ဖြစ်စဉ်မှာ ဧပြီ ၅ ရက် ည ၉နာရီ ၄၅ မိနစ်အချိန်တွင် စိုင်းအွန်ကျောက်(ခ)အိုက်ကျော် မောင်းနှင်ပြီး အိုက်အွန် လိုက်ပါလာသည့် ၉ဌ-၈၂၃၄၇ နံပါတ်ပါ ထော်လာဂျီ(အီတန်)အမျိုး အစား အပြာရောင် မော်တော်ယာဉ်သည် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ဝှေလေလန် ကျေးရွာအနီး စစ်ဆေးရေးဂိတ်အား ကွင်းရှောင်သောလမ်းဆုံသို့ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် တင်ဆောင်ထားသော ဆာလာအိတ်များအတွင်းမှ ပလပ်စတစ်အိတ်များဖြင့် ထည့်ထားသည့် (၁)အိတ်လျင် ဓါတုဆေးဝါး(ကဖင်း) အဖြူရောင်အမှုန့် အလေးချိန် (၂၅)ကီလိုဂရမ်ခန့်စီပါ အိတ်ပေါင်း ၉၀၊ စုစုပေါင်းအလေးချိန် (၂၂၅၀)ကီလိုဂရမ်ခန့်ရှိ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၈၀၀)သိန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ည ၁၀ နာရီအချိန်တွင် အိုက်ကောင် မောင်းနှင်လာသည့် ထိုင်းနံပါတ်-1688 ပါ ထော်လာဂျီ(အီတန်)အမျိုးအစား အပြာရောင် မော်တော်ယာဉ်သည် ဆွတ်ဆိုင်-ဟွေလု သွားကားလမ်း၊ ဟွေလုကျေးရွာအနီးသို့ ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းတွင် တင်ဆောင်ထားသော ဆာလာအိတ်များအတွင်းမှ ပလပ်စတစ် အိတ်များဖြင့် ထည့်လျက် (၁)အိတ်လျင် ဓါတုဆေးဝါး(ကဖင်း)အဖြူရောင်အမှုန့် အလေးချိန် (၂၅)ကီလိုဂရမ်ခန့်စီပါ အိတ်ပေါင်း  ၈၆ အိတ်၊ စုစုပေါင်းအလေးချိန် (၂၁၅၀)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၇၂၀)သိန်းခန့်အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။"ထော်လာဂျီ(အီတန်)အမျိုးအစားမောင်းလာတယ်။ အဲလို မောင်းလာတဲ့ဟာကို ပူးပေါင်းအဖွဲ့က ပေါင်းပြီး ရှာဖွေတဲ့အခါမှာ မိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူထားတယ်" ဟု မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ ကဖင်း (၂၂၅၀)ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိသူ စိုင်းအွန်ကျောက်(ခ) အိုက်ကျောက် (၄၇)နှစ် နှင့် အိုက်အွန်(၂၇)နှစ်အား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိထားပြီး ကဖင်း(၂၁၅၀)ကီလိုနှင့်အတူ ဖမ်းဆီးရမိသူ အိုက်ကောင်(၃၄)နှစ်အား ဝမ်ပုံနယ်မြေရဲစခန်း မယ(ပ)၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။