မီဒီယာ လွတ်လပ်ခွင့်

မီဒီယာ လွတ်လပ်ခွင့်
Published 5 April 2016
တင့်ခိုင်

(၁)
နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာသည် ပြည်သူလူထုမှ ဆင်းသက်လာသည်။  ထိုအာဏာများကို ခွဲဝေရာတွင် မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ခွဲဝေကြသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့ဖြစ်သည်။ ပြည်သူများ ပေးအပ်ထားသော အာဏာများကို သုံးစွဲရာ၌ မဏ္ဍိုင်သုံးရပ်သည် တစ်ခုကို တစ်ခု ထိန်းကျောင်းကာ တိုင်းပြည်ကိုအုပ်ချုပ်ရသည်။ ထိုသို့မဟုတ်ပါက ထိုမဏ္ဍိုင်များကို ထိန်းကျောင်းရန် စတုတ္ထမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်းမဏ္ဍိုင် လိုလာပါသည်။ စတုတ္ထမဏ္ဍိုင်က ထိန်းကျောင်း၍မရတော့ဘဲ အစိုးရသည် လူထုဆန္ဒကို မျက်ကွယ်ပြုလာသည်။ ထင်ရာစိုင်း လုပ်လာပြီဆိုသောအခါတွင်တော့ နောက်ဆုံးမဏ္ဍိုင်ဖြစ်သော ပဉ္စမမဏ္ဍုပ်လိုလာပါပြီ။ ပဉ္စမမဏ္ဍိုင်သည် အခြားမဟုတ်။ ပြည်သူလူထုပင်ဖြစ်သည်။ ပြည်သူလူထုသည် မိမိကပေးအပ်ထားသော အာဏာကို အစိုးရထံမှ ပြန်လည်ရုပ်သိမ်းနိုင်၏။
ထိုအခါ ဆန္ဒပြခြင်း၊ စီတန်းလှည့်လည်ခြင်း၊ သဘောထားထုတ်ဖော်ခြင်းတို့သည့် ဖြစ်ပေါ်လာတော့သည်။ လစ်ဘရယ်ဒီမိုက ရေစီနိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့် ရရှိနေရမည် ဖြစ်သည်။ အသံလွှင့် မီဒီယာကြီးများသည် ပြည်သူလူထုကြီး၏ နိုင်ငံရေးအမြင်များကို ဖော်ပြနိုင်ခွင့် ရှိနေရမည်။ အစိုးရက သူတို့ပိုင် အသံလွှင့်မီဒီယာမှ သူတို့ဝါဒများကို ထုတ်လွှင့်ရေးသားနေသော အချိန်တွင် အတိုက်အခံများက မိမိ၏ဆန္ဒသဘောထားကို ဖော်ပြနိုင်ခွင့်မရှိဆိုပါလျှင် ထိုနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမဟုတ်ပေ။ အတိုက်အခံများသည် အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာများတွင် လွတ်လပ်စွာ ထုတ်လွှင့်ခွင့်၊ ရေးသားခွင့်များ ရှိနေစေရန် အစိုးရ၌တာဝန်ရှိပါ၏။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် ဒီမိုကရေစီ ဟုတ်မဟုတ် ဆိုသည်ကို တိုင်းတာရာတွင် မီဒီယာ လွတ်လပ်ခွင့် ရှိမရှိ ဆိုသည့် ပြဒါးတိုင်လည်း တစ်ခုအပါအဝင် ဖြစ်သည်။
ဒီမိုကရေစီ အစိုးရဟူသည် အတိုက်အခံကို အသိအမှတ်ပြုရုံမျှမက အတိုက်အခံကို ရှင်သန်ခွင့်လည်း ပေးထားရမည်ဖြစ်သည်။ ဆိုပါစို့။ ကျွန်တော်တို့နိုင်ငံ၌ အတိုက်အခံများက ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခွင့်မရှိ။ မိမိတို့၏ သဘောထားကို ထုတ်ဖော်ခွင့်မရှိ။ ငြိမ်းစုစီဥပဒေပုဒ်မ (၁၈) ဖြင့် တရားစွဲပြီးထောင်ချသည်။ ဒါသည် ဒီမိုကရေစီအစိုးရ၏ လုပ်ရပ်မဟုတ်ပါ။
၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ အတည်ပြုပြဋ္ဌာန်းခဲ့သော “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း”စာပိုဒ် (၁၉) တွင် ဤသို့ ပြဋ္ဌာန်းထားပါသည်။
“လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ဆောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့် လက်ခံနိုင်ခွင့်၊ ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။”
၁၉၉၁ ခုနှစ် မေ ၃ ရက်တွင် ယူနက်စကို၏ အထွေထွေညီလာခံကို နမ်မီဘီးယားနိုင်ငံ ဝင်းဟိုးမြို့တွင် ကျင်းပခဲ့ပြီး ယင်း၌ စာနယ်ဇင်း လွတ်လပ်ခွင့်စည်းမျဉ်းများကို အတည်ပြုခဲ့ရာ ထိုစည်းမျဉ်းများသည် ဝင်းဟိုး ကြေညာချက်အဖြစ် ထင်ရှားခဲ့သည်။ ဝင်းဟိုးကြေညာချက်၌ “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ နှင့် အညီ အမှီအခိုကင်းသော၊ ဗဟုသဘောဆောင်သော လွတ်လပ်သော စာနယ်ဇင်းများ ထူထောင်ရေး၊ ထိန်းသိမ်းရေးနှင့် အားပေးမြှင့်တင်ရေးသည် နိုင်ငံတစ်နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ပင်မဒေါက်တိုင်အတွက်လည်းကောင်း၊ စီးပွားဖွံ့ဖြိုးမှု အတွက်လည်းကောင်း မရှိမဖြစ်အရေးပါသည်”ဟု ပါရှိသည်။ မေ ၃ ရက်ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ကြသည်။ ဒီမိုကရေစီစနစ် အောင်မြင်ဖြစ်မြောက်ရေးတွင် အရေးပါသော ဒေါက်တိုင်တစ်ခုမှာ လွတ်လပ်သော သတင်းမီဒီယာပင်ဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို အကာအကွယ်ပေးနိုင်သော ကိရိယာတစ်ခုလည်းဖြစ်သည်။
(၂)
လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့် ရရှိနေရန်လိုသည်။ အသံလွှင့်မီဒီယာများကလည်း ပြည်သူလူထုဆန္ဒသဘောထား၊ အမြင်များကို လွတ်လပ်စွာ လွှင့်ထုတ်ဖော်ပြခွင့် ရရှိနေရမည်။ နိုင်ငံရေးအမြင်ကို ဖော်ပြနိုင်ခွင့်တွင် အစိုးရက တစ်ဖက်သတ် ဖော်ပြသည်မျိုးမဟုတ်ဘဲ အတိုက်အခံများကလည်း အစိုးရနှင့် တန်းတူ ဖော်ပြနိုင်ခွင့်ရရှိရန် လိုသည်။
ပြည်သူလူထုသည် စစ်အာဏာရှင် လက်အောက်၌ အကြောက်တရားကို ပွေ့ပိုက်ကာ ရှင်သန်လာခဲ့ကြရ၏။ ထို့ကြောင့်လည်း ‘နိုင်ငံရေး’ ကိုကြောက်နေကြသည်။ နိုင်ငံရေးကို အဓိပ္ပာယ်ဖွင့်ဆိုချက် မှားယွင်းနေခဲ့ကြ၏။ ဤသို့ဖြစ်ရန်လည်း စစ်အစိုးရက ပြုလုပ်ခဲ့သည်။ သို့မှသာ သူတို့စိတ်တိုင်းကျ အုပ်ချုပ်နိုင်မည်ဖြစ်ပါသည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ပြည်သူလူထုထံသို့ နိုင်ငံရေးအမြင် အမျိုးမျိုး ရောက်ရှိသွားစေရန်၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ သင်တန်းပို့ချပွဲများဖြင့် ပြုလုပ်ပေးရမည်။ ပြုလုပ်ခွင့်လည်း ရှိရပေမည်။ စာပေဟောပြောခွင့်မပေးခြင်းမျိုးသည် ဒီမိုကရေစီနိုင်ငံ၏ လက္ခဏာမဟုတ်ပေ။
(၃)
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသော နိုင်ငံများတွင် အများအားဖြင့် အဆိုပါ အသွင်ကူးပြောင်းရေးကာလ၌ အသံလွှင့်မီဒီယာကို အစိုးရက လက်ဝါးကြီး အုပ်ထားလေ့ရှိသည်။ အစိုးရ၏မူဝါဒများကို သူတို့၏ အသံလွှင့် ဌာနများမှ ဝါဒဖြန့်ချိသည်။ တကယ်တမ်း အစစ်အမှန် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲမည်ဟု ဆုံးဖြတ်ပါက အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းမှာ နိုင်ငံရေး သတင်းအချက်အလက်များ၊ သဘောထားအမြင်များကို ပြည်သူလူထုဆီသို့ ပို့ပေးနိုင်ရမည်။ ထိုသို့မဟုတ်ဘဲ မိမိတစ်ဦးတည်း အသံလွှင့်မီဒီယာများကို အပိုင်စီးထားခြင်းမျိုးသည် မသင့်တော်ပေ။ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်းများကိုလည်း မပြုလုပ်သင့်ပေ။ ဒီမိုကရေစီသို့ အသွင်ပြောင်းလိုသော ဆန္ဒအမှန်ရှိခဲ့ပါလျှင် ပြည်သူများ ဒီမိုကရေစီကို နားလည်လာစေနိုင်ရန် အသံလွှင့်မီဒီယာကို အသုံးချရမည်ဖြစ်သည်။ ဆရာဇော်ဇော်အောင့် စကားနှင့် ပြောရပါလျှင် ဒီမိုကရေစီနှင့်အတူ လူ့အခွင့်အရေးကလည်း တွဲပါလာ၏။ လူတစ်ယောက်ဖြစ်ပြီး လူလိုမနေရ၊ မစားရ၊ မဝတ်ရဘဲ သေသွားကြရသူတွေ မြန်မာပြည်၌ အများကြီးရှိခဲ့သည်။ ထို့ကြောင့်လည်း မီဒီယာသည် ပြည်သူလူထုက လူ့အခွင့်အရေးကို သိရှိနားလည်လာစေရန် ပြုလုပ်ပေးရမည်။ ထိုအခါ မီဒီယာလွတ်လပ်ခွင့်သည် အရေးတကြီးလိုလာသည်။ မြန်မာနိုင်ငံတွင် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များကို ဥပဒေအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချနေဆဲ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မီဒီယာလွတ်လပ်ခွင့်ကို အာမခံရမည်။ မီဒီယာကို ဥပဒေ ပြဋ္ဌာန်းကန့်သတ်ခြင်းသည် မီဒီယာလွတ်လပ်ခွင့် မပေးချင်၍ဖြစ်သည်။ တည်ဆဲဥပဒေ ရှိပါလျက်နှင့် မီဒီယာဥပဒေဖြင့် အရေးယူ အပြစ်ပေးခြင်းသည် မီဒီယာကို ခြိမ်းခြောက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြည်သူလူထုသည်လည်းကောင်း လူမှုအဖွဲ့အစည်းများ နိုင်ငံရေးပါတီများသည်လည်းကောင်း၊ မိမိတို့၏ သဘောအမြင်ကို လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရရှိနေစေရန်အတွက် မီဒီယာလွတ်လပ်ခွင့် ရှိနေရန်လိုပါသည်။ သို့မှသာ အုပ်ချုပ်သူများသည် ထင်ရာစိုင်းခွင့်မရတော့ဘဲ ပြည်သူလူထု၏ ဆန္ဒသဘောထားအရ အုပ်ချုပ်လာမည်ဖြစ်သည်။

Most Read

Most Recent