သန်လျင်မြို့နယ်တွင် အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၄ ရက်တွင် သတင်းရရှိသည်။ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် သန်လျင်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် မူးယစ်ဆေးဝါး သတင်းရသဖြင့် သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက်နေ အရှေ့ပိုင်းတက္ကသိုလ် တတိယနှစ်ကျောင်းသူ မဖြိုးဖြိုးမြတ်မော် (၂၀ နှစ်) နေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ နေအိမ်ခန်းအဝတွင် မဖြိုးဖြိုးမြတ်မော်အား တွေ့ရှိခဲ့ရပြီး ၎င်း၏ ယာလက်အတွင်းရှိ အထုပ်တစ်ထုပ်ထဲမှ ပန်းရောင်စိတ်ကြွဆေးပြား ၇၄ ပြားအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများကိုလည်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။“ကောင်မလေးက တာဝတက္ကသိုလ်မှာ တတိယနှစ် တက်နေတဲ့သူလို့ သိရတယ်။ သူက သူ့ခင်ပွန်းနဲ့အတူ မူးယစ်ဆေးဝါးတွေကို ဖြန့်ပြီး ရောင်းချတာလို့ စစ်ဆေးသိရှိရပါတယ်။ သူ့ခင်ပွန်းကိုလည်း ဖမ်းဆီးရမိထားပါပြီ”ဟု သန်လျင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။၎င်း၏ ခင်ပွန်းဖြစ်သူ လှမျိုးထွေး (ခ) ချက်ကြီး (ခ) သူရ (၁၉နှစ်) အား သန်လျင်မြို့နယ် အောင်ချမ်းသာ (၁) ရပ်ကွက်၊ ဦးဘချိုလမ်းနှင့် ဗိုလ်မြဒင်လမ်းထောင့်၌ ဧပြီ ၃ ရက် ညနေ ၃ နာရီခွဲကျော်ခန့်တွင် ၎င်း၏ ခါးတွင် ချိတ်ဆွဲထားသည့် ဖုန်းအိတ်အတွင်းမှ စိတ်ကြွဆေးပြား သုံးပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။၎င်းအား သန်လျင်မြို့မရဲစခန်းမှ မူး/ စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။