အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီပြယုဂ် ခိုင်မာလာစေရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုကြောင်း ရှစ်လေးလုံး အရေးတော်ပုံ (၂၆) နှစ်ပြည့် လမ်းလျှောက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများ ပြောကြား

အစိုးရသစ် လက်ထက်တွင် ဒီမိုကရေစီပြယုဂ် ခိုင်မာလာစေရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုကြောင်း ရှစ်လေးလုံး အရေးတော်ပုံ (၂၆) နှစ်ပြည့် လမ်းလျှောက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရသူများ ပြောကြား
Published 5 April 2016
ဝေလင်းအောင်၊ နေမျိုးဝင်း

ရှစ်လေးလုံးအရေးတော်ပုံ (၂၆) နှစ် ပြည့်ထောက်ခံကြောင်း လမ်းလျှောက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသော ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်နှင့် ကိုမိုးသူတို့ကို ဧပြီ ၄ ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီပြယုဂ် ပိုမိုခိုင်မာလာစေရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုကြောင်း ပြောကြားသည်။  “ဒီနေ့မှာဆိုရင် အရပ်သားအစိုးရ ပေါ်ပေါက်လာပြီ ကျွန်တော်တောင်းဆိုချင်တာကတော့ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အခြားကိစ္စနဲ့ကျနေတဲ့ အကျဉ်းသားတွေ ရှိတယ်။ သူတို့တစ်တွေ အားလုံးကလည်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့် တောင်းတနေကြပါတယ်။ ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ ရှိတဲ့သူတွေ လွတ်လာခြင်းအားဖြင့် အစိုးရရဲ့ပြယုဂ် ဒီမိုကရေစီအစိုးရရဲ့ပြယုဂ် ပိုပြီးတော့ ခိုင်မာလာစေတယ်။ပိုပြီးတော့ ကောင်းမွန်လာစေတယ်။ အခု အရပ်သားအစိုးရကို အားလုံးပါဝင်နိုင်တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ခု အမြန်ဆုံးပေးပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်”ဟု စွပ်စွဲခံထားရသူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က တရားရုံး ချိန်းအပြီးတွင် ပြောကြားသည်။ဧပြီ ၄ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေ ရဲအရာရှိတစ်ဦးကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း မလာရောက်သဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းကို ဧပြီ၂၈ သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။တရားစွဲခံထားရသူ တစ်ဦးဖြစ်သည့် ကိုမိုးသူကလည်း “ဒီနေ့ဆိုရင် အစိုးရသစ်တက်တာ ၄ ရက်မြောက်သွားပြီ ဖြစ်ပါတယ်။ နှစ်သစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို တကယ်လည်း မျှော်လင့်ကြပါတယ်။ မင်္ဂလာရှိတဲ့ စကားသံလေးပေါ့။တိရစ္ဆာန်လေးတွေတောင် ဘေးမဲ့လွှတ်ကြပါတယ်။ လူသားချင်းစာနာတဲ့အနေနဲ့ ကာချုပ်ကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ နိုင်ငံတော်သမ္မတရော အားလုံးကို တောင်းဆိုပါတယ်။ ဖြစ်စေချင်တာကတော့ နိုင်ငံရေး အကျဉ်းသားတွေတင်မကဘဲ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါလို့။ ပုဒ်မတွေအမျိုးမျိုးနဲ့ လယ်သမားတွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပုဒ်မတွေအများကြီးနဲ့ စွဲထားတာတွေဟာ ကမ္ဘာ့အလယ်မှာလည်း မတင့်တယ်ပါဘူး” ဟု ပြောကြားသည်။ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆)နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊ တာမွေမြိုနယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ကိုစည်သူမှာ လွတ်မြောက်နေသဖြင့် သက်ဆိုင်ရာတရားရုံးတို့ က တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရှိရသည်။

Most Read

Most Recent