ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး၏ ရုံးချိန်းတွင် တရားလိုပြ သက်သေ လာရောက်ခြင်း မရှိသောကြောင့် ဧပြီ ၂၇ ရက် သို့ ရုံးပြန်ချိန်းဆို

ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး၏ ရုံးချိန်းတွင် တရားလိုပြ သက်သေ လာရောက်ခြင်း မရှိသောကြောင့် ဧပြီ ၂၇ ရက် သို့ ရုံးပြန်ချိန်းဆို
Published 4 April 2016
ဌေးလှအောင်

ဌာနအတွင်း ကျပ်သိန်းထောင်ချီ လာဘ်ယူခဲ့သည်ဟု ဆိုကာ ပုဒ်မ ၄၀၆ ဖြင့် တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမြင့်ဇော်ထွေး၏ အမှုအား ဧပြီ ၄ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ ချိန်းဆိုခဲ့ရာ တရားလိုပြ သက်သေ လာရောက်ခဲ့ခြင်း မရှိသောကြောင့် အမှုအား ဧပြီ ၂၇ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။ဧပြီ ၄ ရက်က ချိန်းဆိုခဲ့သည့် ရုံးချိန်းတွင် စွပ်စွဲခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်းစာရေးဖြစ်သူ ဦးမြင့်ဇော်ထွေး လာရောက်ခဲ့သော်လည်း တရားလိုပြ သက်သေ လာရောက်ခဲ့ခြင်း မရှိသောကြောင့် အမှုအား ရုံးချိန်း ထပ်မံ ချိန်းဆိုခဲ့ခြင်းဖြစ်သည်။“လက်ရှိ အစိုးရသစ် တက်လာပြီဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အခွန်ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးကို တိုင်စာ ပေးပို့သွားဖို့ စီစဉ်နေပါတယ်။ ဒီအမှုမှာက ကျွန်တော်က ကြားကနေ ခံနေရတာ။ တကယ် ပါဝင် ပတ်သက်ခဲ့တဲ့ သူတွေထဲက အချို့က ရာထူးကနေ ထုတ်ပယ်ခံရတာပဲ ရှိတယ်။ ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ပါဝင် ပတ်သက်ခဲ့တဲ့သူတွေ အားလုံးကို အရေးယူပေးဖို့အတွက် တိုင်ကြားသွားမယ်” ဟု ဦးမြင့်ဇော်ထွေးက ချမ်းအေးသာစံမြို့နယ် တရားရုံး၌ အမှုလာရောက် ရင်ဆိုင်စဉ် ပြောကြားသည်။ယင်းအပြင် တိုင်ကြားစာအား လွှတ်တော်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်း ပူးတွဲမိတ္တူများ ပေးပို့သွားမည်ဖြစ်ကြောင်း ဦးမြင့်ဇော်ထွေးက ဆိုသည်။ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသည့် ပြည်တွင်းအခွန် ဦးစီးဌာနမှ အကြီးတန်း စာရေးကြီး ဦးမြင့်ဇော်ထွေးက ကနဦး တိုင်ကြားခဲ့မှုအရ ပြည်တွင်းအခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဒုညွှန်မှူး နှစ်ဦးအား ရားထူးမှ ထုတ်ပယ်ခဲ့ကြောင်း အခွန်ဦးစီးဌာနမှ စုံစမ်းသိရသည်။ဌာနအတွင်း လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့် တရားစွဲဆို ခံထားရသည့် အခွန်ဦးစီးဌာနမှ အကြီးတန်း စာရေးဖြစ်သူ ဦးမြင့်ဇော်ထွေးမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းက စတင် တရားစွဲဆို ခံရစဉ်တွင် အာမခံ မရရှိခဲ့ဘဲ မန္တလေးအိုးဘို အကျဉ်းထောင်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အာမခံရရှိသည့် နေ့အထိ ချုပ်ရက်များဖြင့် အမှု ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အတွင်းက ချမ်းအေးသာစံမြို့နယ်ရှိ မြေကွက် အရောင်းအဝယ်အတွက် ကာလတန်ဖိုးဖြတ်ရန် ငွေကျပ် သိန်း ၁၂၅၀ ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း အမှန်တကယ် တန်ဖိုးဖြတ်ခဲ့သည်မှာ ညှိနှိုင်းမှုထက် နှစ်ဆ စည်းကြပ်ခဲ့သဖြင့် အခွန်ထမ်းဖြစ်သူမှ မကျေနပ်၍ ယင်းငွေများကို ပြန်လည် တောင်းယူခဲ့ရာတွင် မပေးနိုင်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ ဖြင့် စတင် အမှုဖွင့်ခဲ့ပြီးနောက် ဥပဒေရုံး၏ အကြံပေးချက်အရ ပြစ်မှုကြီးအဖြစ် သတ်မှတ်ကာ ပုဒ်မ ၄၀၆ သို့ ပြောင်းလဲ တရားစွဲဆိုခဲ့ကြောင်း ဖြစ်စဉ် မှတ်တမ်းများအရ စုံစမ်းသိရသည်။ယင်းသို့ တရားစွဲဆိုခံရမှုအား ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆိုခဲ့ရာ စွပ်စွဲခံရသူမှာ ကျန်းမာရေး ချို့ယွင်းနေခြင်းကြောင့် အာမခံ လျှောက်ထားခဲ့သော်လည်း အာမခံ မရရှိဘဲ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent