MPC ကို ဘယ်သူ စစ်ဆေးမလဲ

MPC ကို ဘယ်သူ စစ်ဆေးမလဲ
Published 3 April 2016
နေထွန်းနိုင်

“အခုချိန်က MPC ရဲ့ အကျင့်ပျက် ခြစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ သင့်တော်တဲ့အချိန် ဖြစ်ပါတယ်”ဆွီဒင်ဂျာနယ်လစ် ဘာတေးလ်လစ်တနာက မတ် နောက်ဆုံးပတ်မှာ ဧရာဝတီ သတင်းဌာနကို ပြောခဲ့တဲ့ စကား ဖြစ်ပါတယ်။သမ္မတ ဦးသိန်းစိန် စတင် တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center-MPC) ဟာ မတ် ၂၉ ရက်မှာ တစ်ခန်း ရပ်သွားပါပြီ။ မတ် ၃၁ ရက်မှာ သူတို့ အချင်းချင်း နှုတ်ဆက်ပွဲ လုပ်ခဲ့ပါတယ်။MPC တစ်ခန်းရပ်သွားတယ် ဆိုပေမယ့် အပြီးတိုင် နိဂုံးချုပ်သွားတာ မဟုတ်ပါဘူး။ အမည်ကွဲ နှစ်ခုအောက်မှာ ဆက်ပြီး ရပ်တည်နိုင်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်က စီမံခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် သမ္မတရုံး အမိန့် အမှတ် ၃/၂၀၁၆ အရ MPC မှာ ပါဝင်သူ ၁၃ ဦးအနက် ၁၂ ဦးဟာ မတ် ၂၉ ရက်မှာ တာဝန်သက်တမ်း ကုန်ဆုံးပါမယ်။ အဲဒီလူ ၁၂ ဦး အလုပ်ဆက် လုပ်နိုင်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်က ကြိုတင် စီစဉ်ပေးခဲ့တာပါ။ဒီအမိန့်ကြောင့် မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဆွေးနွေး ညှိနှိုင်းရေး စင်တာ (Myanmar Peacebuilding and Dialogue Center_MPDC) နဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (Peace and Development Foundation - PDF) နှစ်ဖွဲ့ ပေါ်ပေါက်လာမှာဖြစ်ပြီး နှစ်ဖွဲ့လုံးမှာ MPC လူဟောင်းတွေ ပါဝင် လုပ်ကိုင်မှာ ဖြစ်ပါတယ်။အမိန့် ကြေညာစာမှာတော့ သူတို့ လုပ်ဆောင်ရမယ့် လုပ်ငန်း တာဝန်တွေကို တစ်ပါတည်း ခွဲေ၀ သတ်မှတ်ပေးခဲ့ပါတယ်။ လွတ်လပ်သော အရပ်ဘက် အဖွဲ့အစည်း ခေါင်းစဉ်အောက်မှာ သူတို့ကို ရပ်တည်ခွင့် ပေးခဲ့ပါတယ်။သတ်မှတ်စည်းကမ်းနဲ့ ကိုက်ညီတယ်ဆိုရင် ဘယ်သူမဆို လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်း ထူထောင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ MPC လူဟောင်းတွေ ထူထောင်မယ်ဆိုရင် မေးစရာ ရှိပါတယ်။ 
■ MPC ဆိုတာသမ္မတဟောင်း ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်မှာ MPC ကို ထူထောင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်ဖို့  ပုံဖော်ပေမယ့် လက်တွေ့မှာ မဟုတ်ခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ MPC ဟာ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ Politics Wing ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ MPC က ဦးသိန်းစိန်ကို အသုံးချခဲ့သလား၊ ဦးသိန်းစိန်က MPC ကို အသုံးချခဲ့သလား ဆိုတဲ့ အငြင်းပွားစရာ ဖြစ်လာပါတယ်။ MPC မှာ ပါဝင်သူ အများစုဟာလည်း ဦးသိန်းစိန်ရဲ့ အကြံပေးတွေ ဖြစ်ခဲ့ပါတယ်။ငြိမ်းချမ်းရေးကို ခေါင်းစဉ်တင်ထားပေမယ့် ငြိမ်းချမ်းရေးနဲ့ မဆိုင်တာတွေကို MPC က လုပ်ခဲ့ပါတယ်။ ဒါကိုလည်း သူတို့ကိုယ်တိုင် ဝန်ခံ ပြောဆိုထားတာတွေ ရှိပါတယ်။အထူးသဖြင့် MPC ရဲ့ သဘောထား၊ လုပ်ဆောင်မှုတွေမှာ ဦးခင်ညွန့် ဦးဆောင်ခဲ့တဲ့ ကကလှမ်း (တပ်မတော် ထောက်လှမ်းရေး) ပုံစံ လုပ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရနဲ့ သဘောထား ကွဲလွဲခဲ့သူတွေကို မက်လုံးပေး ဆွဲဆောင်ပြီး သူ့လူကိုယ့်ဘက်သား ဖြစ်အောင် လုပ်ခဲ့တာတွေ၊ မလျော်သြဇာ သုံးပြီး အသေးအဖွဲ ကိစ္စတွေမှာတောင် အာဏာပြချင်တာတွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်စုံမှာ သူတို့ရဲ့ elements တွေကို သုံးပြီး manipulate လုပ် သွေးခွဲဖို့ ကြိုးစားတာတွေ၊ မီဒီယာကို အသုံးချ၊ misinform ထုတ်ပြီး အခြေအနေတွေကို ရှုပ်ထွေးအောင် လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ဒီလို လုပ်ခဲ့တဲ့ MPC မှာ အကျင့်ပျက် ခြစားမှု ရှိခဲ့တယ်ဆိုရင် စစ်ဆေးသင့်တဲ့ အကြောင်းအရာ နှစ်ခုပဲရှိ ပါတယ်။ ပထမ တစ်ခုက ငြိမ်းချမ်းရေး ကားပါမစ် ကိစ္စနဲ့ မလျော်သြဇာ သုံးစွဲခဲ့မှုတွေ ဖြစ်ပါတယ်။ ဒုတိယ တစ်ခုနဲ့ အရေးကြီးဆုံး အချက်က နိုင်ငံတကာရဲ့ ဒေါ်လာသန်းချီ ထောက်ပံ့မှုတွေကို ဘယ်လို သုံးစွဲခဲ့သလဲ၊ အဲဒီငွေတွေ ဘယ်ရောက်သွားလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး MPC ဘက်က တာဝန်ခံမှု အပြည့်နဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိခဲ့ပါဘူး။ 
■ ငွေတွေ ဘယ်ကရသလဲမြန်မာ့ ငြိမ်းရေးချမ်းအတွက် နိုင်ငံတကာရဲ့ ထောက်ပံ့ငွေတွေဟာ အစိုးရ၊ ဦးအောင်မင်းနဲ့ MPC က တစ်ဆင့် စီးဆင်းပါတယ်။MPC ကို အဓိက ထောက်ပံ့ခဲ့သူက ဥရောပသမဂ္ဂ (အီးယူ) ဖြစ်ပါတယ်။ အီးယူရဲ့ အကူအညီက ၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ စတင်ခဲ့တာဖြစ်ပြီး MPC ရဲ့ ဝန်ထမ်းစရိတ်၊ ရုံးစရိတ်တွေကို အဓိက ကူညီခဲ့ပါတယ်။အစိုးရဟောင်းလက်ထက် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြ မြေပုံ (Sources: Deciphering Myanmar's Peace Process 2015)
၂၀၁၄ ခုနှစ် အချက်အလက်တွေအရ အီးယူက MPC ကို အမေရိကန်ဒေါ်လာ ကိုးသိန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂-၂၀၁၃ အီးယူ ဘတ်ဂျက်မှာ ယူရိုငွေ ၁၆ သန်းကို ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အသုံးပြုဖို့ ပေးခဲ့ပါတယ်။ဒါ့အပြင် နော်ေ၀ အစိုးရက ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေး ပံ့ပိုးကူညီမှု အလှူရှင်များအဖွဲ့ (PSDG) က အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ အလိုက် အမေရိကန်ဒေါ်လာ ငါးသိန်းစီနဲ့ သန်း ၃၀ လှူဒါန်းဖို့ ကတိ ရှိခဲ့ပါတယ်။မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပံ့ပိုးမှု အဖွဲ့ (MPSI) ကလည်း အမေရိကန်ဒေါ်လာ သန်း ၇၀ ထောက်ပံ့ဖို့ ရှိခဲ့ပါတယ်။အီးယူနဲ့ နော်ဝေတင် မကဘဲ ဆွစ်ဇာလန်နဲ့ ဂျပန်နိုင်ငံက ထောက်ပံ့ခဲ့တဲ့ အကူအညီတွေလည်း ရှိပါသေးတယ်။ အတည်ပြုနိုင်ခြင်း မရှိသေးတဲ့ အချက်အလက်တွေအရ ဆိုရင် ဂျပန်နိုင်ငံက သုံးနှစ်တာအတွင်း ပေးခဲ့တဲ့ အကူအညီဟာ အမေရိကန်ဒေါ်လာ ၁၀ သန်းအထက် ရှိတယ်လို့ သိရပါတယ်။ တိကျတဲ့ အချက်အလက်တွေအရ ဂျပန် အစိုးရဟာ နိပွန်ဖောင်ဒေးရှင်းက တစ်ဆင့် ကူညီထောက်ပံ့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂ သန်း တန်ကြေးရှိတဲ့ ဂရန့်တစ်ခုမှာ MPC က အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ရရှိခဲ့ပါတယ်။ 
■ ငွေတွေ ဘယ်ရောက်သွားလဲငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ MPC ရရှိခဲ့တဲ့ ငွေကြေးဟာ အမေရိကန်ဒေါ်လာ သန်းဂဏန်း ရှိတာကို ငြင်းမရပါဘူး။ ဒါပေမဲ့ ဒီငွေတွေကို ဘယ်လို သုံးစွဲခဲ့တယ်။ ငွေတွေ ဘယ်ရောက်သွားလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောတာကဘဲ အကျင့်ပျက် ခြစားမှုတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။မတ်လ အတွင်းမှာပဲ အီးယူရဲ့ နိုင်ငံခြား မူဝါဒရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Federica Mogherini ရဲ့ ပြောရေးဆိုခွင့်ရှိသူ Maja Kocijancic က MPC ကို ထောက်ပံ့ပေးမှု ရပ်ဆိုင်းတော့မယ်လို့ ပြောခဲ့ပါတယ်။အီးယူက MPC ကို ဥပဒေ နည်းလမ်းနဲ့အညီ ထောက်ပံ့ပေးနေတဲ့ စာချုပ်သက်တမ်း မတ် ၃၁ ရက်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ထောက်ပံ့မှုတွေကို မတ် ၃၁ ရက်မှာ ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ဒါနဲ့ ဆက်စပ်ပြီး အီးယူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအတွက် ယူရိုငွေ ၈ ဒသမ ၇ သန်း (အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ သန်း) ထောက်ပံ့ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။အီးယူဟာ MPC ကို ငွေကြေးထောက်ပံ့မှု အဓိက ပေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ငွေကြေး သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး MPC ကို မေးမြန်းခဲ့သမျှ အားလုံးကို ပြန်ဖြေတဲ့အခါ အီးယူကိုပဲ ဆက်သွယ်မေးမြန်းဖို့ MPC အကြီးတန်း အရာရှိတွေက ပြောခဲ့ပါတယ်။MPC မှာ ပါဝင်တဲ့ အကြီးတန်း အရာရှိတွေ အမေရိကန်ဒေါ်လာ သောင်းဂဏန်းအထက် လစာ ရရှိငွေ၊ ရရှိတဲ့ ထောက်ပံ့ငွေ ပမာဏ၊ သုံးစွဲနေတဲ့ ငွေကြေး၊ ငွေစာရင်း ရှင်းတမ်း ဒါတွေကို မေးတဲ့ အခါတိုင်း အီးယူကို မေးဖို့ပဲ ပြန်ပြောခဲ့ကြတာပါ။ ဒီအတွက် အီးယူကို မေးခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် အီးယူရဲ့ ငွေကြေး သုံးစွဲမှု၊ MPC နဲ့ ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု မေးမြန်းချက်တွေကို အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူထုဆက်ဆံရေး အကြံပေး Valerie Zirl က ပြန်ဖြေခဲ့ပါတယ်။“မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အီးယူက ထောက်ပံ့ခဲ့တဲ့ ငွေကြေးနဲ့ ပတ်သက်ပြီး မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် အရင်ဆုံး သိစေချင်တာက လက်ရှိမှာ ယူရို  ၅၈ သန်းကျော် တန်ကြေးရှိတဲ့ သဘောတူ စာချုပ်တွေကို စီမံချက် ပါတနာတွေနဲ့ လုပ်ဆောင်ဖို့ ညှိနှိုင်းနေပါတယ်။ ငြိမ်းချမ်းရေး ကဏ္ဍမှာ တခြား စီမံကိန်းတွေအတွက် ၂၀၁၆ ခုနှစ် အတွင်း နောက်ထပ် ယူရိုငွေ သန်း ၂၀ အသုံးပြုဖို့ မျှော်လင့်ထားပါတယ်” လို့ Valerie Zirl က ပြောပါတယ်။MPC နဲ့ ပတ်သက်တဲ့ အပိုင်းကို ပြောတဲ့အခါ MPC ကို ထောက်ပံ့ပေးနေသလို လက်ရှိမှာ (၂၀၁၆ ခုနှစ် ဇန်နဝါရီ) ယူရိုငွေ ၃ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ စီမံကိန်း တစ်ခုကို UNOPS နဲ့ အတူ လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။အရေးကြီးဆုံး အချက်တစ်ခု ဖြစ်တဲ့ MPC ဝန်ထမ်းတွေရဲ့ လစာငွေ ကိစ္စကိုတော့ MPC ကပဲ ချမှတ်တယ်လို့ သူက ဆိုပါတယ်။“MPC ဝန်ထမ်းတွေရဲ့ လစာကိုတော့ MPC ကပဲ ချမှတ်ပါတယ်။ နောက်ထပ် သိလိုတာ ရှိရင် MPC ကို တိုက်ရိုက် ဆက်သွယ်ဖို့ အကြံပြုပါတယ်” လို့ Valerie Zirl က ပြောခဲ့ပါတယ်။ဒီမတိုင်ခင် အချိန်မှာတော့ သူတို့ ရရှိတဲ့ လစာငွေ၊ သုံးစွဲမှုတွေကို အီးယူကပဲ ကိုင်တွယ် ဆောင်ရွက်တာ ဖြစ်တယ်။ အီးယူရဲ့ သတ်မှတ် စံနှုန်းနဲ့ပဲ ရရှိတယ်။ သိချင်ရင် အီးယူကိုပဲ မေးပါလို့ MPC အကြီးတန်း အရာရှိတွေက ဖြေပါတယ်။ဒါပေမဲ့ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူထုဆက်ဆံရေး အကြံပေး အရာရှိ ပြောပုံအရ ဆိုရင် MPC ဝန်ထမ်းတွေရဲ့ လစာငွေ ကိစ္စကို MPC ကပဲ ချမှတ်တယ်လို့ ဆိုတာကြောင့် အဖြေနှစ်ခု ကွဲလွဲနေပါတယ်။ဒီကွဲလွဲချက်ကပဲ MPC ဝန်ထမ်းတွေရဲ့ လစာနှုန်းထား၊ လစာငွေ ရရှိမှု၊ ရုံးအသုံးစရိတ်တွေ ဘယ်လို သုံးစွဲခဲ့သလဲ၊ ထောက်ပံ့ငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာအတွက် စစ်ဆေးသင့်တဲ့ အကြောင်းတစ်ခု ဖြစ်စေပါတယ်။ 
■ ဘယ်ငွေနဲ့ ဆက်ရပ်တည်မလဲMPC တစ်ခန်းရပ်သွားပြီးတဲ့ နောက်မှာ MPC လူဟောင်းတွေပါ ဝင်ပတ်သက်မယ့် MPDC နဲ့ PDF နှစ်ဖွဲ့ ပေါ်လာပါတယ်။သမ္မတဟောင်း ဦးသိန်းစိန် ရှိစဉ်က နိုင်ငံတကာရဲ့ ထောက်ပံံ့ငွေ ခေါင်းစဉ် မျိုးစုံအောက်မှာ MPC ရပ်တည်ခဲ့ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာ MPDC နဲ့ PDF တို့ ဘယ်လို ရပ်တည်ကြမလဲဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အထူးသဖြင့် သူတို့ကို ဘယ်သူက ထောက်ပံ့ငွေ ပေးမလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။လက်ရှိ ငြိမ်းချမ်ရေး ဖော်ဆောင်မှု ဖြစ်စဉ်မှာ MPC လူဟောင်းတွေ ပါဝင် ပတ်သက်ခွင့် ရှိတဲ့ အဖွဲ့သုံးဖွဲ့ ရှိတယ်လို့ ပြောနိုင်ပါတယ်။ MPDC နဲ့ PDF မှာ MPC လူဟောင်းတွေ ဘယ်လိုခွဲပြီး ပါကြမလဲ မသိရသေးပါဘူး။ နောက်တစ်ဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကော်မတီ (JMC-U) မှာ MPC လူဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦး ပါဝင်ပါတယ်။JMC-U က သူတို့ လုပ်ငန်းစဉ် သုံးနှစ်စာအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် လိုမယ်လို့ ဇန်နဝါရီလထဲမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ရောက်ချိန်အထိ အမေရိကန်ဒေါ်လာ ၇၅၀၀၀ လောက်ပဲ ရရှိပါသေးတယ်။ ဘာအတွက်ကြောင့် အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် လိုအပ်သလဲ ဆိုတာနဲ့ ဒီငွေတွေကို ဘယ်လိုပုံစံမျိုးနဲ့ သုံးစွဲမလဲ ဆိုတာလည်း တိတိကျကျ ပြောထားတာ မရှိပါဘူး။
၂၀၁၂ ခုနှစ် ဇန်နဝါရီမှ ၂၀၁၆ ဧပြီအထိ နိုင်ငံတကာ ထောက်ပံ့ကူညီ ကတိကဝတ် ပြုမှုနှင့် ရရှိငွေ ပမာဏများ (Sources: Mohinga.info)
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီကနေ ၂၀၁၆ ခုနှစ် မတ်လအထိ ရရှိတဲ့ ကဏ္ဍအလိုက် နိုင်ငံတကာ ထောက်ပံ့ငွေ ကတိပြုမှုဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၁ ဘီလျံ ရှိပါတယ်။ ရရှိ သုံးစွဲခဲ့တဲ့ ငွေကြေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလျံ ရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာမှ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၃၇ သန်း ရှိပါတယ်။နိုင်ငံ တစ်ခုချင်းစီနဲ့ အဖွဲ့အစည်း ၉၁ ခုရဲ့ လှူဒါန်းငွေ ကတိပြုမှုက အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၁ ဘီလျံ ရှိပြီး ရရှိ သုံးစွဲခဲ့တဲ့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၂ ဘီလျံံရှိကြောင်း သိရပါတယ်။ အဲဒီငွေထဲမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စအတွက် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၉၀ သန်း ရှိပါတယ်။ကဏ္ဍအလိုက် ကူညီထောက်ပံ့ ကတိကဝတ် ပြုမှုနဲ့ နိုင်ငံ၊ အဖွဲ့အစည်းလိုက် ကူညီဖို့ ကတိပြုမှုငွေတွေကို နှိုင်းယှဉ်တဲ့အခါ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကွာဟနေပါတယ်။ ဒီငွေတွေ ဘယ်ကို စီးဝင်မလဲ၊ MPC က ငွေပမာဏ ဘယ်လောက်ရသလဲဆိုတာ မသိရသေးပါဘူး။အစိုးရဟောင်း လက်ထက် ရရှိခဲ့တဲ့ ကူညီထောက်ပံ့ အလှူငွေ ကတိပြုမှုတွေဟာ အစိုးရနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ အစိုးရဟောင်း လက်ထက်မှာ အပြည့်အ၀ မရဘဲ အစိုးရသစ် လက်ထက်ရောက်မှ ရခဲ့မယ် ဆိုရင်လည်း အဲဒီငွေတွေဟာ အစိုးရသစ်ရဲ့ စီမံခန့်ခွဲပိုင်ခွင့်ထဲမှာပဲ ရှိပါလိမ့်မယ်။ဒီအချိန်မှာ MPC အဖွဲ့ဝင်ဟောင်းတွေ တည်ထောင်ကြမယ့် အဖွဲ့နှစ်ဖွဲ့သုံးစွဲမယ့် ငွေကြေးဟာ အရင် ကတိပြုထားတဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သက်ဆိုင်နေလို့ မရပါဘူး။တစ်ဖက်မှာလည်း ငွေကြေးဆိုင်ရာ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောထားတာ မရှိတဲ့အတွက် အနာဂတ်မှာ သူတို့ သုံးစွဲကြမယ့် ငွေကြေးတွေဟာ စောင့်ကြည့်စရာ ဖြစ်လာပါတယ်။ 
■ ငြိမ်းချမ်းရေး မရသေးပါပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နိုင်ငံတကာရဲ့ ထောက်ပံ့ငွေကြေးနဲ့ သုံးစွဲခဲ့မှုဟာ အမေရိကန်ဒေါ်လာ သန်းချီ ရှိပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး မရသေးပါဘူး။MPC ရဲ့ အမြင့်ဆုံး စွမ်းဆောင်နိုင်မှုဟာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးပြီး ဆိုင်းဘုတ်တင် ‘နိုင်ငံရေး ဆွေးနွေးပွဲ’ အဆင့်မှာပဲ ရပ်သွားပါတယ်။ဒီအချိန်မှာ MPC ဆက်ရှိခြင်း၊ မရှိခြင်းက အစိုးရသစ်ပေါ် မူတည်နေပါတယ်။ အစိုးရသစ်က ဒီအတွက် အဖြေမပေးသေးပါဘူး။ MPC နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ MPC ပိုင်ဆိုင်မှုတွေကိုလည်း အစိုးရသစ်ကပဲ ဆုံးဖြတ်မှာပါ။သေချာတာကတော့ MPC ရှိခြင်း၊ မရှိခြင်းထက် ပြည်တွင်းစစ် မရှိမှသာ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရဖို့အတွက် ဆိုရင် ကြားခံပွဲစားတွေရဲ့ အခန်းကဏ္ဍထက် အစိုးရ၊ တိုင်းရင်းသား၊ တပ်မတော်  သုံးပွင့်ဆိုင် လုပ်နိုင်မှု အပေါ်မှာပဲ မူတည်ပါတယ်။ငြိမ်းချမ်းရေးဟာ ရောင်းကုန် မဟုတ်သလို စီးပွားရေး လုပ်သင့်တဲ့ အရာလည်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်တာမှာတော့ ငြိမ်းချမ်းရေးဟာ ရောင်းကုန်ဆန်တဲ့ ပုံစံတွေ ဖြစ်ခဲ့တာ ရှိပါတယ်။ စီးပွားရေး ဆန်ဆန် အပေးအယူ ပုံစံတွေလည်း မြင်ခဲ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရခဲ့သလို NCA လက်မှတ် ထိုးတာတဲ့ အဖွဲ့တွေကလည်း အချိန်မရွေး ပြန်တိုက်နိုင်တဲ့ ရပ်တည်မှုနဲ့ ဆက်ရှိနေခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်သုံးသပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင် အစိုးရသစ်က ဖော်ဆောင်ရမှာပါ။ဒါကို မဖော်ဆောင်ခင် အချိန်မှာ ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်က စီးဝင်ခဲ့တဲ့ နိုင်ငံတကာ ငွေကြေး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း သိထားမှ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် MPC ရဲ့ ငွေကြေး အရှုပ်အရှင်းတွေကို စိစစ်ထားဖို့ လိုပါတယ်။ ဒီလို စိစစ်ထားမှသာ ရှေ့ခရီးကို နှောင်ကြိုးကင်းစွာ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။

Most Read

Most Recent