ပိုင်ဆိုင်မှုတွေ ကြေညာလိုက်ရအောင်

ပိုင်ဆိုင်မှုတွေ ကြေညာလိုက်ရအောင်
Published 1 April 2016
ဘစံကောက်

လူတိုင်း လူတိုင်းမှာ ကိုယ်ကြိုးစား ရှာဖွေလို့ ရရှိထားတဲ့ ဥစ္စာငွေကြေး တစ်စုံတစ်ရာ သို့တည်းမဟုတ် ပိုင်ဆိုင်မှု တစ်ခုခုတော့ ရှိတတ်ကြတာချည်းပါပဲ။ ဒါက သဘာ၀ ကျပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခု စဉ်းစားစရာ ရှိတာက ဒီပစ္စည်းတွေကို ကိုယ်ဘယ်လို ပိုင်ဆိုင်ခွင့် ရခဲ့သလဲ ဆိုတာက အဓိက ကျပါတယ်။ ဆိုရရင် တရားသဖြင့် လုံ့လဥဿာဟ ထုတ်ပြီး ကြိုးစားရှာဖွေလို့ ရခဲ့တာ ဆိုရင်တော့ ဒီပစ္စည်းဟာ စင်ကြယ်တဲ့ ပစ္စည်းပါပဲ။ ဒါကြောင့် ဒီပစ္စည်းမျိုးကို ကိုယ်တိုင်သုံးစွဲသည် ဖြစ်စေ လိုအပ်တဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းကိုပဲ ဖြစ်စေ ပေးကမ်းလှူဒါန်းမယ် ဆိုရင် ‘ဓမ္မိယလဒ္ဓ’ ဖြစ်လို့ ပစ္စုပ္ပန် သံသရာ ကြီးပွားကြောင်း ကောင်းမှုဖြစ်မှာ အမှန်ပါပဲ။ဒီလိုပဲ ကိုယ်ရှာဖွေလို့ ရရှိထားတဲ့ ပစ္စည်းဟာ မစင်ကြယ်တဲ့ ပစ္စည်း၊ ရသင့်ရထိုက်လို့ ရလာတဲ့ ပစ္စည်း မဟုတ်ဘူး ဆိုရင်တော့ ဒီပစ္စည်းတွေကို ကိုယ်တိုင် သုံးစွဲသည် ဖြစ်စေ ပုဂ္ဂိုလ်တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခုကို ပေးကမ်းလှူဒါန်းမယ် ဆိုရင်တော့ သံသရာ ကြီးပွားကြောင်း ကောင်းမြတ်တဲ့ အထောက်အပံ့ကို ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ သိထားသင့်တဲ့ အသိတစ်ခုက ဥစ္စာပစ္စည်း ဆိုတာ ရန်သူမျိုး ငါးပါးနဲ့ အမြဲမပြတ် ဆက်ဆံနေရတယ် ဆိုတာ နားလည်ထားဖို့ပါပဲ။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး သမီးဆိုး ဆိုတဲ့ ရန်သူမျိုး ငါးပါးဟာ အချိန်မရွေး မိမိ ပိုင်ဆိုင်ထားတဲ့ ပစ္စည်း ဥစ္စာတွေကို ယူဆောင် ဖျက်ဆီးသွားတတ်တာမို့ တကယ် တွေးကြည့်ရင် ကိုယ်မပိုင်တဲ့ အရာတွေချည်းပါပဲ။ ဒါက ဥစ္စာပစ္စည်းမှသာ မဟုတ်ပါဘူး။ လက်ရှိ ဘဝမှာ ကိုယ်ရနေတဲ့ ခန္ဓာကြီးဟာတောင်မှ နေ့စဉ်နဲ့အမျှ အိုလမ်း၊ နာလမ်း၊ သေလမ်းပေါ်မှာ အရပ်အနားမရှိ တပြေးတည်း ပြေးနေတာကို ကြည့်ရင် ကိုယ်မပိုင်နိုင်ဘူးဆိုတာ သိသာနိုင်တာပါပဲ။ဒါ့အပြင် မတရားတဲ့နည်း၊ မသမာတဲ့ နည်းနဲ့ ရှာဖွေလို့ ရတဲ့ ပစ္စည်းဥစ္စာ ဆိုတာက ဥစ္စာရှင်ကို အမြဲ ခြောက်လှန့် နေတတ်ပါတယ်။ နေလည်း စိုးတထိတ်ထိတ်၊ စားလဲ စိုးတထိတ်ထိတ်နဲ့ အမြဲကြောင့်ကြ နေရတာပဲ များပါတယ်။ ကိုယ်ဘယ်နည်းနဲ့ မတရား ရယူထားတယ် ဆိုတာ ဘယ်သူမှ မသိဘူး ဆိုရင်တောင်မှ ကိုယ်ကတော့ အသိဆုံး ဖြစ်နေတာမို့ နောင်ဖြစ်လာမယ့် အကျိုးဆက်ကို မျှော်တွေးပြီး အမြဲ ကြောက်နေရတတ်ပါတယ်။ ဒါကြောင့် ရလာတဲ့ ဥစ္စာပစ္စည်းတွေဟာ ရတနာတွေပဲ ဆိုစေဦးတော့ နှစ်သက်အပ်တယ်လို့ ယူဆလို့တော့ မရပါဘူး။ တကယ့် ရတနာအစစ် ဆိုတာမျိုးက ပိုင်ဆိုင်သူ ဥစ္စာရှင်ကို ဝမ်းသာပီတိ ဖြစ်စေပါတယ်။ ဒါကြောင့် တရားသဖြင့် ရှာဖွေလို့ ရရှိလာတဲ့ ပစ္စည်း သို့တည်းမဟုတ် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ပေးစေတတ်တဲ့ တရားအစုသည်သာ ရတနာစစ် ရတနာမှန် ဖြစ်နိုင်ပါတယ်။အမှန်တော့ လူရယ်လို့ ဖြစ်လာရင် စားမှု ဝတ်မှု နေမှု ထိုင်မှုအတွက် အဘက်ဘက်က ပြည့်စုံအောင် ရှာဖွေရတယ် ဆိုတာ လူ့တာဝန် လူ့ဝတ္တရား တစ်ခုသာပါပဲ။ ကိုယ့်အတွက် သာမက ကိုယ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ မိသားစုတွေ၊ ဆွေမျိုး၊ မိတ်သင်္ဂဟတွေကို အရေးကြုံတဲ့အခါ ချီးမြှောက်ထောက်ပံ့နိုင်ဖို့အတွက် ပစ္စည်းဥစ္စာ ရှာဖွေခြင်းမျိုးဟာ အပြစ်ရယ်လို့တော့ ပြောလို့ မရပါဘူး။ အပြစ် မဟုတ်တဲ့အပြင် လောကီ မင်္ဂလာ တစ်ပါး ဖြစ်တယ်ရယ်လို့တောင်မှ ‘ဗုဒ္ဓက’ က မင်္ဂလသုတ်မှာ ဟောတော်မူပါသေးတယ်။ တကယ်လည်း လူရယ်လို့ ဖြစ်လာရင် အချက်ငါးမျိုးနဲ့ ပြည့်စုံမှ လူဖြစ်ကျိုး နပ်ပါတယ်။(၁) အနာရောဂါ ကင်းရမယ်။(၂) ငါးပါးသီလ မြဲရမယ်။(၃) အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံရမယ်။(၄) ကောင်းသော သုစရိုက် တရားကို ကျင့်နိုင်ရမယ်။(၅) လုံ့လဝီရိယ ရှိရမယ်ဆိုတဲ့ ငါးမျိုးပါ။ ဒါကြောင့် မိမိ ကျန်းမာရေးကို အမြဲမပြတ် သတိပြုနေထိုင် စားသောက်တတ်ဖို့ လိုပါတယ်။ စားတဲ့နေရာမှာလည်း ကောင်းတာတွေချည်းပဲ အမြဲ စားနေရမှ ဒီလို မဆိုပါဘူး။ အမှန်တော့ ကိုယ်စားတဲ့ အစားအစာဟာ အာဟာရရှိဖို့သာ လိုရင်းပါပဲ။ငါးပါးသီလ မြဲရမယ်။ အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံရမယ်။ ကောင်းသော သုစရိုက် တရားကို ကျင့်နိုင်ရမယ်။ ဆိုတာကတော့ အကျယ်ချဲ့ပြီး ပြောစရာ မလိုအောင် ကောင်းတဲ့ အမှုကိစ္စတွေ ဖြစ်လို့ ကိုယ်ကျင့်နိုင်ရင် ကျင့်နိုင်သလောက် ကိုယ့်ရဲ့ ဘဝတန်ဖိုးက တက်လာမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့လည်း ရိုးလွန်းရင် ဖျင်းတယ်လို့ ထင်တတ်ကြတယ်။ ရိုးသားတဲ့ သူတွေက မရိုးမသား လုပ်ရမယ့် ကိစ္စတွေမှာ အခွင့်အရေး မယူတတ်တော့ ပစ္စည်းဥစ္စာလည်း ရှားပါးတတ်ကြတယ်။ ဒါကို ကြည့်ပြီး တချို့ကလည်း ရိုးသားတဲ့ လူတွေကို လူညံ့တွေလို့ ထင်တတ်ကြပြန်တယ်။ ဒီနေရာမှာ ဆရာကြီး ပီမိုးနင်းရဲ့ အဆိုအမိန့် တစ်ခုက မှတ်သားစရာ ကောင်းပါတယ်။ ရိုးသားမှုကြောင့် ပစ္စည်းဥစ္စာ ရလိမ့်မည်ဟု အတပ်မပြောနိုင်သော်လည်း မရိုးသားလျှင် ပျက်စီးတတ်လေသည်” လို့ ဆရာကြီးက ဆိုခဲ့ဖူးပါတယ်။ပျက်စီးတယ်ဆိုတာ ဗျဿနပါပဲ။ ငါးမျိုး ရှိပါတယ်။ နံပါတ်တစ်က ဉာတိဗျဿန-  ခင်မင်ရင်းနှီးရှိတဲ့ မိတ်ဆွေ အပေါင်းအသင်းတို့ကို ဆုံးရှုံး ပျက်စီးရတတ်ပါတယ်။ မရိုးသားတဲ့သူကို ဘယ်သူကမှ ယုံယုံကြည်ကြည် မပေါင်းသင်းတော့တာမို့ ကိုယ့်မှာ နစ်နာပါတယ်။ ဒါက အကြောင်း မဟုတ်ဘူးလို့ တွေးပြီး ဖယ်ချင်လည်း ဖယ်ထားလိုက်ပါဦး။ နံပတ်နှစ် ဘောဂဗျဿန- ဥစ္စာပစ္စည်း ရှာဖွေတဲ့အခါ ကိုယ့်အပေါ်မှာ အယုံအကြည် ကင်းမဲ့လာတာမို့ ရှာရဖွေရ ခက်ခဲတတ်သလို မစင်ကြယ်တဲ့ ပစ္စည်းမျိုးဟာ အကြောင်း တစ်မျိုးမျိုးနဲ့ ပျက်စီးတတ်ပြန်ပါတယ်။ မတည်တံ့ပါဘူး။ ပစ္စည်းဥစ္စာ ပျက်စီးတဲ့ဘေးနဲ့ ကြုံရတဲ့အခါ အတော်အတန် တားရှိသူတောင်မှ ခံနိုင်ရည် ရှိဖို့ မလွယ်လှပါဘူး။ ဒီအခါ စိတ်ကို ထိခိုက်တော့တာပါပဲ။ စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတဲ့အခါ အယူမှား၊ အတွေးမှား၊ အကြံမှားဆိုတဲ့ ဒိဋ္ဌိဗျဿနက တစ်ဆက်တည်း ဝင်လာတတ်ပါတယ်။ ဒီနေရာမှာ ကြုံရတတ်တာ တစ်ခုက အမှားတစ်ခုကို ကျူးလွန်မိပြီဆိုရင် အပြစ်ကို ဝန်ခံပြီး အမှန်ကို ပြင်တဲ့သူက ရှားပါးတယ်။ ပြုခဲ့တဲ့ အမှားကို ဖုံးနိုင်ဖို့ နောက်ထပ် အမှားတွေကိုသာပဲ ဆက်ကာဆက်ကာ ပြုတတ်ကြတာမို့ မှားပြီးရင်းမှား မှားပြီးမှားနဲ့ပဲ အမှားသံသရာထဲက ရုန်းမထွက်နိုင်တော့ပါဘူး။ အဲဒီမှာ သီလဗျဿနဆိုတဲ့ ကိုယ်ကျင့်တရားလည်း ပျက်စီးသွားတော့တာမို့ ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုးတရားတွေ ဆုံးရှုံးသွားရတော့တာပါပဲ။ ပြောရရင် သာမန် လူတစ်ယောက် ပြုလုပ်တဲ့ အမှားတစ်ခုကြောင့် ကြုံရတဲ့ ပျက်စီးမှုဟာ သူ့တစ်ယောက်ကိုသာ ထိခိုက်နိုင်ပေမယ့် နိုင်ငံတော်နဲ့ချီပြီး တာဝန်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ အမှားကတော့ တိုင်းပြည်နဲ့ နိုင်ငံကို ထိခိုက်နိုင်ပါတယ်။တခြား မကြည့်ပါနဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံကို တာဝန်ယူသွားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ ချမှတ်ကျင့်သုံး လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ရပ် အလွဲတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲမွဲတေတဲ့ ဘဝကို ရောက်သွားရတာ အထင်အရှားပါပဲ။ အဆိုးဆုံးကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်ပြီး ကိုယ်ကျိုး ရှာကြတာပါပဲ။ မဟုတ်ဘူးလို့ ငြင်းချင်လည်း ငြင်းကြမှာပဲ။ ဒါပေမဲ့ ဘယ်သူမှ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို တိုင်းသိပြည်သိ ထုတ်ဖော်ပြီး ကြေညာရဲတဲ့ လူတော့ မရှိပါဘူး။ သမိုင်းမှာ ကြားဖူးတာ ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်လောက်ပဲ ရှိလိမ့်မယ်။ “ကျုပ် ဝန်ကြီးဖြစ်လာတဲ့အခါ ဘာတွေ တိုးတက်လာသလဲလို့ မေးချင်လည်း မေးကြလိမ့်မယ်။ အဝတ်အစား နှစ်စုံ၊ သုံးစုံအပြင် ဘာမှ အပိုမရှိဘူး။ ဒီအထဲမှာ အဟောင်းတွေသာ များတာပဲ” လို့ ဗိုလ်ချုပ်က သူ့ပိုင်ဆိုင်မှုကို တိုင်းသိ ပြည်သိ ထုတ်ဖော်ပြီး ကြေညာခဲ့ပါတယ်။ ဗိုလ်ချုပ်လိုပဲ ဝန်ကြီးချုပ် ဦးနုကလည်း “ကျုပ် ဝန်ကြီးချုပ် ဘဝက အနားယူတဲ့ အခါ ကျုပ် နဂိုရှိပြီးသား ပစ္စည်းဥစ္စာတွေထဲမှာ ငွေတစ်ကျပ် ပိုလာတာတွေ့ရင် သူခိုးလို့ စွပ်စွဲလိုက်ပါ” လို့ တိုင်းပြည်ကို အသိပေး ကြေညာသွားခဲ့တယ်လို့ ဆိုပါတယ်။ပြောရရင် နိုင်ငံရဲ့ တာဝန်ကို ထမ်းဆောင်သွားခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့လည်း မိမိရဲ့ ပိုင်ဆိုင်မှုကို တိုင်းသိပြည်သိ ကြေညာပြီးမှ တာဝန်က စွန့်ခွာတာမျိုး လုပ်သင့်သလို တာဝန်ယူကြတော့မယ့် အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့လည်း မိမိရဲ့ ပိုင်ဆိုင်မှုကို ကြေညာပြီးမှ တာဝန်ကို ယူကြရင် အများရဲ့ သို့လော.. သို့လော အထင်အမြင် ရောက်မှုတွေကို ခြေဖျက်ပြီးသား ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။ အထူးသဖြင့် မိမိကိုယ်မိမိ တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်အဖြစ် တိုင်းပြည်လူထုရဲ့ ကြည်ညိုလေးစားခြင်းကို ခံရမှာ မလွဲပါဘူး။