အမြဲတမ်း သင်ယူနေခြင်း အနုပညာ

အမြဲတမ်း သင်ယူနေခြင်း အနုပညာ
Published 31 March 2016
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)
သာသနာရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဓမ္မာစရိယစာမေးပွဲများကို ယခုရက်ပိုင်း၌ ကျင်းပနေသည်။ ဓမ္မာစရိယတန်း၌ ကျမ်းရင်းသုံးကျမ်းနှင့် ပါဠိဂုဏ်ထူး၊ မြန်မာ ဂုဏ်ထူးတန်းများလည်း ပါဝင်သည်။ ဓမ္မာစရိယတန်း အောင်မြင်လျှင် စာချဆရာအဆင့်သို့ ရောက်ပြီဟု ဆိုနိုင်လေရကား ထိုအတန်းကို ‘စာချတန်း’ဟုလည်း ခေါ်ကြသည်။ ဓမ္မာစရိယ စာမေးပွဲများပြီးလျှင် ပထမပြန် စာမေးပွဲများကို ဆက်လက်ကျင်းပမည်။ ပထမပြန်စာမေးပွဲ၌ ‘ပထမငယ်၊ ပထမလတ်၊ ပထမကြီး’ဟု အတန်းသုံးတန်း ခွဲခြားသတ်မှတ်ထားသည်။
ထိုစာမေးပွဲများကို အရပ်ထဲက ‘ဘုန်းကြီးစာမေးပွဲ’ဟု ခေါ်ကြသည်။ ဆယ်တန်းစာ မေးပွဲများ ကျင်းပအပြီး တစ်ပတ်ဆယ်ရက်ကြာလျှင် အဆိုပါ ဘုန်းကြီးစာမေးပွဲများကို နှစ်စဉ်ကျင်းပသည်။ ဘုန်းကြီးစာမေးပွဲများ ပြီးပြီဆိုသည်နှင့် သင်္ကြန်ကလည်း ကျတော့သည်။ ဤကား မိမိသတိထားမိသော မြန်မာပြည်၏ ပုံမှန်နွေရာသီ ပြက္ခဒိန်ဖြစ်ပါ၏။
(၂)
စာမေးပွဲနီးဖို့ တစ်လလောက်အလိုကတည်းက စာကြည့်ဇယားပြက္ခဒိန်ကို ဆွဲထားနှင့်သည်။ ဘာသာပြန်ကျမ်းစာကို မနက်အစောကြီးထပြီး အနက်ပေးနှင့်သည်။ မည်မျှ စောသနည်းဆိုလျှင် ကိုယ်အနက်ပေးပြီးချိန်အထိ အချို့က အိပ်ရာမထသေး။ နေ့ခင်းချိန်များ၌ ဇယားထဲကအတိုင်း လိုက်နာကျက်မှတ်သည်။ မေးခွန်း တစ်ပုဒ်တစ်လေ မဖြေခဲ့သော စာမေးပွဲဟု တစ်ခုမျှမရှိခဲ့။ အကုန်ဖြေသည်။ ဖြေဆိုချိန်အတွင်း၌ စိတ်ပန်းလူပန်းဖြစ်ခဲ့သည် မှန်သော်လည်း စာမေးပွဲပြီးပြီဆိုသည်နှင့် စိတ်ထဲပေါ့ပါးသွားရသည့် အရသာက ဘယ်အရာနှင့်မျှမတူ။
အငယ်တန်း၊ အလတ်တန်းဖြေဆိုစဉ် ကာလများက မိမိတို့ စစ်ကိုင်းစာဖြေဌာန၌ တစ်ခေါင်းလုံး ဆံပင်တွေ ဖြူဖွေးနေသည့် အသက် ၇၀ ဝန်းကျင်ရှိ စာဖြေဘုန်းတော်ကြီး တစ်ပါးကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်မိနေသည်။ ထိုဘုန်းကြီးက စာချတန်း တစ်ကျမ်းကျန်သေး၍ ဖြေဆိုနေခြင်းဟုသိရသည်။ ‘‘ငါက ဒီအရွယ်ကြီးရောက်မှ ဘာဘွဲ့တွေ၊ ဘာဆုတွေမှလည်း မလိုချင်တော့ပါဘူးကွာ။ ငါ့လို ဆံဖြူ ခါးကိုင်း အသက်အရွယ်ကြီးတောင်မှ စာမေးပွဲဖြေနေသေးတာပဲဆိုပြီး ကိုယ်တော်ငယ်လေးတွေ အားကျစေချင်လို့ကို ဖြေနေတာပါ’’ ဆိုသော သူ့စကားတစ်ခွန်းကို မိမိယနေ့ထက်တိုင် မမေ့နိုင်သေး။
(၃)
ရှေးမြန်မာ ဘုန်းတော်ကြီးတို့နယ်ပယ်၌ ဆွမ်းစားပြီးချိန်ရောက်လျှင် သွားနှင့်ခံတွင်းကို ဒန်ပူဖြင့် သန့်စင်အောင်ပြုခြင်းအလေ့ရှိ သည်။ ထိုကိစ္စကို ‘‘ဒန်ပူဝါးသည်’’ဟု ဆိုကြသည်။ တစ်ခါက အသက် ၆၀ အရွယ်ရှိ ရဟန်း အိုကြီးတစ်ပါးသည် နေ့ဆွမ်းစားပြီးတိုင်း ဒန်ပူဝါးပြီးနောက် လေးတောင်ခန့်နက်သော တွင်းကြီးထဲသို့ ပစ်ချလေ့ရှိသည်။ ကာလကြာသော် သူဝါး၍ ပစ်လိုက်သောဒန်ပူတို့ ထိုတွင်းကြီး ပြည့်မောက်သည်အထိ များခဲ့လေပြီကို မြင်သည့်ခဏ၌ ရဟန်းကြီးက ဤသို့ဆင်ခြင်မိသည်။  ‘‘ငါသည် မေ့လျော့ ပေါ့ဆခဲ့ချေ၏ တကား။ အဖိုးထိုက်လှစွာသော အချိန်တို့ကို အချည်းနှီးကုန်လွန်စေခဲ့သည် တကား။ အယုတ်အားဖြင့် တစ်နေ့ ဒန်ပူတစ်ချောင်းစာမျှ စာပေ သင်ယူကျက်မှတ်ခဲ့မည်ဆိုလျှင်ပင် ယခုအချိန်၌ ကျမ်းဂန်တတ် တစ်ပါး ဖြစ်ခဲ့လေရာ၏ ’’ ယင်းသို့ အတွေးဝင်သည်နှင့် တပြိုင်နက် ကျစွာမင်းထံသို့သွားကာ ‘ကံ့ကူဆံ’ အလှူခံလေသည်။ ကံ့ကူဆံအလှူခံလာရခြင်း အကြောင်းရင်းကို မင်းကြီးက မေးသောအခါ စာပေသင်ယူလို၍ အလှူခံရခြင်းဖြစ်ကြောင်း ပြန်လည်မိန့်ကြားသည်။
ထိုအခါမင်းကြီးက ‘‘အရှင်၊ အရှင်၏ အရွယ်ကား ကြီးရင့်လှချေပြီ။ ဆုံကျည်ပွေ့ကမှ အတက်ပေါက်ချင် ပေါက်ဦးမည်။ ဤအသက် အရွယ်ရောက်ကာမှ ပညာသင်၍ တတ်နိုးအံ့ မထင်ပါ’’ ဟု လျှောက်တင်လိုက်သည်။ ထို ရဟန်းအိုကြီးသည် ဘုရင်၏ အကူအညီကို မရသော်လည်း စိတ်ပျက်အားလျော့ခြင်းမရှိ။ တစ်နေ့လျှင် ဒန်ပူတစ်ထောက်စာ အမှတ်အသားပြုလျက်  စာပေသင်အံ ကျက်မှတ်သည်။ ပျင်းရိခြင်းအလျှင်းမရှိ။ တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားလာသော ကျက်စာမှတ်စာတို့ကို မမေ့မပျောက်ရလေအောင် ညစဉ်ညတိုင်း ရွတ်အံ သရဇ္ဈာယ်သည်။ အရွယ်ကြီးရင့်ကာမှ သင်ယူရသော မိမိဖြစ်အင်ကို ဆင်ခြင်ကာ အများသူငါတို့ထက် လုံ့လဝီရိယစိုက် ထုတ်သင်ယူသည်။
ဗလာချည်းဖြစ်သော စဉ့်အိုးကြီးထဲသို့ မိုးရေမိုးပေါက်တို့ တစ်စက်စက် ကျဖန်များသော် တစ်ချိန်ချိန်၌ ပြည့်လျှံမြဲ ဖြစ်သကဲ့သို့ပင်။ နေ့စဉ်ရက်ဆက် ကျက်မှတ်သင်အံခဲ့သော ဝီရိယသခင် အရှင်ကြီး၏အဇ္ဈတ္တ၌ ပရိယတ္တိ မိုးစက်မိုးပေါက်တို့ ပြည့်ဝခဲ့ရလေပြီ။
(၄)
‘‘ဆုံကျည်ပွေ့ကမှ အတက်ပေါက်ချင် ပေါက်ဦးမည်’’ဟူသော မင်းကြီး၏စကားသည် ရဟန်းကြီး၏အဇ္ဈတ္တ၌ ကိန်းနေသော မခံချင်စိတ်ကို နှိုးဆွပေးရာလည်း ရောက်ခဲ့ဟန်တူသည်။ ပရိယတ္တိစာပေ အခြေခံ ပိုင်နိုင်ခဲ့ပြီဖြစ်သော ရဟန်းကြီးသည် ပုဂံမြို့ရှိ စာချအကျော် ဆရာတော်တို့ထံချဉ်းကပ်ပြီး အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓု၊ ဂဏ္ဍိစသော အဆင့်မြင့် ကျမ်းစာများကို ဆက်လက်သင်ယူခဲ့သည်။ ထိုမျှသာမက နက္ခတ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း စသည့် သင်ယူစကောင်းသော အတတ်တို့ကိုလည်း အားကြိုးမာန်တက် သင်ယူခဲ့သေးသည်။
ရဟန်းကြီး၏ တတ်သိပုံတတ်သိနည်းကား ‘‘သင်ယူဖူးသည်’’ ဆိုကာမျှမဟုတ် ပါရဂူ မြောက်တတ်အောင် သင်ယူခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်သူ စိတ်တိုင်းကျပြီထင်သော တစ်နေ့သို့ရောက်သော် ကျည်ပွေ့ထိပ်၌ သစ်ခက်များကို ပူးတွဲချည်နှောင်ပြီးနောက် ကျစွာမင်း၏နန်းတော်သို့ ဝင်လေသည်။ မင်းကြီးကိုတွေ့သည်နှင့် တပြိုင်နက် ‘‘မင်းကြီး၊ ဆုံကျည်ပွေ့ လည်း အတက်ပေါက်ပြီ။ ငါလည်း စာပေကျမ်းဂန် တတ်မြောက်ပြီ’’ဟု ရဲရဲဝံ့ဝံ့ ဆိုလိုက်လေ၏။
မည်သည့်ခေတ်၌မဆို ဘုရင်သည် ဘုရင်သာဖြစ်၏။ ဘုရင်၌ ဘုရင်စိတ် အမြဲရှိသည်။ ကျစွာမင်းကြီးသည် သူဆိုခဲ့မိသော စကားတစ်ခွန်းအတွက် အလွယ်တကူ နောက်ဆုတ်ပေးလိုဟန်မတူ။ သို့ရကား ပိဋကတ ်အကျော်အမော်ဖြစ်သော ခြောက်ကျောင်းသား ကျမ်းတတ်သံဃာတော်များကို အပင့်အစေလွှတ်ကာ ‘ကျည်ပွေ့အတက်ပေါက်ပြီ’ ဆိုလာသော ရဟန်းအိုကြီးအား ပိဋကတ်ကျမ်းဂန်ဆိုင်ရာ အချက်အလက်တို့ကို အမေးအမြန်းပြုစေသည်။ ရဟန်းအိုကြီးလည်း မေးတိုင်းမေးတိုင်းကို အကိုးအကားစုံလင်စွာဖြင့် မဆိုင်းမတွ ဖြေဆိုလေသည်။
တစ်နေရာသို့အရောက်၌ ရဟန်းအိုကြီးက ‘‘အညသမာန်းစေတသိက်၌ အညအပါဒါန်ကို ခံပါကုန်’’ဟု ခြောက်ကျောင်းသား ဆရာတော်တို့ကို အတုံ့မေးခွန်းမေးလေရာ ‘‘ခြောက်ကျောင်းသား သံဃာတို့ မဖြေဆိုနိုင်’’ ဟု အဆိုရှိသည်။ ခြောက်ကျောင်းသားသံဃာများနှင့် ရဟန်းအိုကြီးတို့ အမေးအဖြေပြုခဲ့ရာ၌တည်သော ရေကန်ကို ‘‘စာမေးကန်’’ ‘‘ရုပ်တွက်ကန်’’ အမည်တို့ဖြင့် ပုဂံမြို့ စူဠာမဏိ ဘုရားကြီးအနီး၌ ယနေ့တိုင် တည်ရှိနေဆဲဟု အဆိုရှိသည်။
ကျည်ပွေ့ကို သစ်ခက်စိမ်းများပူးချည်လျက် ဘုရင့်နန်းတော်ထဲသို့ ရဲရဲတင်းတင်း ဝင်ရောက်ပြီး ပညာရေး အစမ်းသပ်ခံခဲ့သော ထိုရဟန်းကြီးသည် ‘‘ဦးကျည်ပွေ့’’ အမည်ဖြင့် သာသနာဝင်၌ ထင်ရှားခဲ့သည်။ ဦးကျည်ပွေ့က အညအပါဒါန်ခံခိုင်းသည်ကို ခြောက်ကျောင်းသားသံဃာတို့ အဖြေမပေးနိုင်ဟူသော စကားကို မင်းကြီးကြားလတ်သော် ထိုရဟန်းကြီးကို ‘‘ဒိသာပါမောက္ခ’’ ဟူသော တံဆိပ်နာမနှင့် ဆရာပြု၍ကိုးကွယ်လေသည်ဟု သာသနာလင်္ကာရ စာတမ်း၌ဆိုသည်။   ‘‘သင်ပုန်းကြီးဋီကာ’’ ကျမ်းကိုပြုစုခဲ့သူကား အခြားသူမဟုတ်။ ဦးကျည်ပွေ့အမည်ဖြင့် တွင်ကျယ်ခဲ့သည့် ဒိသာပါမောက္ခဆရာတော် အရှင်ပင်ဖြစ်တော့သည်။
(၅)
ပြည်ပနိုင်ငံများ၌ အသက် ၈၀၊ ၉၀ အရွယ် အဘိုးအဘွားတို့ ဘွဲ့ယူနေကြသည့် သတင်းများကို ရံခါကြားရသိရသည်။ ထိုသတင်းများကိုကြားမိလေတိုင်း ဆံပင်တွေ တစ်ခေါင်းလုံး ဖွေးနေသည့်တိုင် စာမေးပွဲဖြေဆိုဆဲဖြစ်သည့် စစ်ကိုင်းတောင်ရိုး၌ ဆုံတွေ့ခဲ့ဖူးသော ဘုန်းကြီးအိုကြီးတစ်ပါးကို စိတ်ကပြေးပြီး မြင်မိသည်။ ‘အမြဲတမ်းသင်ယူနေသူ တစ်ယောက်၏ စိတ်နှလုံးသည် အမြဲတမ်းဟင်းလင်း ပွင့်နေမည်သာဖြစ်သည်။ ထိုသူ၏အသိဉာဏ်သည်လည်း အမြဲတမ်း သွက်လက် ထက်မြက်နေမည်သာဖြစ်ပါ၏။ မိမိက ဤသို့ ယုံကြည်ထားပါသည်။

Most Read

Most Recent