ချွတ်ခြုံကျခြင်းမှ ခြိုးခြံချွေတာခြင်းသို့

ချွတ်ခြုံကျခြင်းမှ ခြိုးခြံချွေတာခြင်းသို့
Published 30 March 2016
မောင်ကြည်

မြန်မာလူမျိုးတို့သည် ဆင်းရဲခြင်းကို အမျိုးမျိုး တင်စားသုံးနှုန်းကြသည်။ ‘ဖွတ်ကျော ပြာစု’တဲ့။ ‘မွဲပြာကျ’တဲ့။ ‘ကုန်းကောက်စရာ မရှိ’တဲ့။ ‘ဆင်းရဲတွင်း’တဲ့။ ‘ချွတ်ခြုံကျ’တဲ့။ အဆိုပါ ဝေါဟာရတွေထဲမှာ ‘ချွတ်ခြုံကျ’ကို ‘ဘာမှမရှိလောက်အောင် မွဲသည်’ဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ဖွင့်ပါသည်။
‘ချွတ်ခြုံ’ဆိုသော စကားကို ကျွန်တော် စဉ်းစားကြည့်သည်။ ချမ်းလွန်းအေးလွန်းသည့် အခါမျိုးမှာ ခြုံစရာစောင်တောင်မရှိလို့ ခါးမှာဝတ်ထားသည့် ပုဆိုး သို့မဟုတ် ထဘီ ကိုပင်ချွတ်ပြီး စောင်အမှတ်နှင့် ခြုံရသည့် သဘောမျိုး။ တင်းစားထားခြင်းဟု နားလည် သဘောပေါက်မိပါသည်။ ပုဆိုးက သူ၏နဂိုမူရင်း အလုပ်အပြင် အနွေးဓာတ်ပေးသည့် ခြုံစရာ စောင်၏အလုပ်ကိုပါ ပူးတွဲထမ်းဆောင် ရသည့်သဘော။ ခုခေတ်စကားနှင့်ပြောရလျှင် 2 in 1 ပေါ့။ ဆင်းရဲမွဲတေလွန်းသည့်အခါ ပုဆိုးကလည်း စောင်ဖြစ်သည်။ နောက်ဆုံး ထောင်စရာခြင်ထောင်မရှိလျှင်ပင် ပုဆိုးက ခြင်ထောင်၏တာဝန်ကိုပင် ထမ်းဆောင်ရဦးမည့် သဘောဖြစ်သည်။ သို့ဆိုလျှင် ပုဆိုး တစ်ထည်တည်းက အလုပ်သုံးမျိုး လုပ်နိုင်သည်။ 3 in 1ပေါ့။
ယခုအခါ မြန်မာပြည်သူလူထု၏ ဆင်းရဲမွဲတေမှုက ထိုကဲ့သို့ 1 in 1 မှ 2 in 1 ။ ထိုမှ 3 in 1 ။ နောက်ဆိုလျှင် 4 in 1။ 5 in 1 အထိပါ ရောက်ရှိသွားလေမည်လားမသိ။ နားခို အိပ်စက်စရာ မရှိသော ဆင်းရဲသူဆင်းရဲသား များအကြောင်းကို ကျွန်တော်ဆက် စဉ်းစားကြည့်သည်။ ထိုသူတို့အတွက် ကားမှတ်တိုင်သည် အိမ်သဘောမျိုး ဖြစ်သွားသည်။ လမ်းဘေးက သစ်ပင်ရိပ်သည် အိမ်။ ညပိုင်းနေရာ လွတ်နေသောဆိုင်ခန်းသည် အိမ်။ နောက်ဆုံး လမ်းဘေး ဓာတ်တိုင်အောက်သည်ပင် သူတို့အတွက် အိမ်ဖြစ်သည်။ ဘဝတွေက ဘယ်လောက်အထိ နိမ့်ကျသွားသလဲ။ အချို့လူတွေက တိုက်အိမ်ကြီးပေါ်မှာ အကောင်းဆုံးမွေ့ရာနှင့် ဂွမ်းကပ်စောင်ထူထူကြီးခြုံပြီး မိုးလုံလေလုံ အိပ်စက်အနားယူနေချိန်မှာ အဆိုပါ အိမ်ခြေရာခြေမဲ့တွေကတော့ အမိုးအကာမဲ့ ဓာတ်တိုင်အောက်မှာ ခြင်တဝီဝီနှင့် တစ်ညတာကို ခက်ခဲပင်ပန်းလှစွာ ဖြတ်သန်းနေကြရရှာသည်။
မညီမျှသော ဘဝတွေအကြောင်း တွေးကြည့်လျှင် ရင်မောစိတ်မောစရာ ကောင်းလှပါသည်။ နေစရာမရှိသောကြောင့် ကျူးကျော်တဲထိုးကာ နေရာရှာရသည်။ သို့သော် အဆိုပါကျူးကျော်က တရားဝင် ပိုင်ဆိုင်ခွင့်မရှိသည့်အတွက် နေ့တထိတ်ထိတ် ညတထိတ်ထိတ်နှင့် အိပ်စက်ရသည်။ အဆင်မသင့်လျှင် ဘူဒိုဇာ၊ ဘက်ဟိုးတို့၏အောက်သို့ ပြားပြား မှောက်သွားနိုင်သည့် ဘဝတွေ မဟုတ်ပါလား။ ထိုအခါ ကျူးကျော်တဲမှ လမ်းပေါ်သို့ ခြေသလုံးအိမ်တိုင်ဘဝနှင့် ရောက်သွားကြရပြန်သည်။ သြော် အိမ်ခြေရာခြေမဲ့ဆင်းရဲသားတို့၏ ဘဝသံသရာပါတကားဟု စဉ်းစားရင်း သူတို့အစား ရင်လေးမိသည်။ ရင်မောမိသည်။ သက်ပြင်း ချမိသည်။ အိမ်မရှိ မြေမရှိသည့် ဆင်းရဲသူ ဆင်းရဲသားများအတွက် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းများကလည်း ရယ်စရာကောင်းလှသည်။ သာရေး နာရေး ကျန်းမာရေးအတွက်ပင် ငွေကြေးလုံလောက်အောင် မစုဆောင်းနိုင်သော တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဆင်းရဲသားများအတွက် တန်ဖိုးနည်းအိမ်ရာဟု ခေါင်းစဉ်တပ်ထားသော တိုက်ခန်းများသည် အားကိုးရာ မြက်တစ်ပင်မဖြစ်ဘဲ ရေနစ်သူကို ဝါးကူလို့ ထိုးနေသလားဟု စဉ်းစားမိသည်။
တိုင်းပြည်၏ အခြေအနေက ထိုကဲ့သို့ ချွတ်ခြုံကျသည့် အဆင့်သို့ ရောက်ရှိနေသည်ကို မြန်မာတင်မက ကမ္ဘာကပါ အသိအမှတ် ပြုသည့်အနေအထားသို့ ရောက်ရှိနေပါသည်။ အာရှတိုက်၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် အာဖဂန်နစ္စတန်က ပထမလိုက်ပြီး မြန်မာက ဒုတိယလိုက်ပါသတဲ့။ ယခုနှစ်အတွင်းထွက်ရှိလာသည့် အစီရင်ခံစာတစ်စောင်က ဆိုထားခြင်းဖြစ်ပါသည်။
ဆင်းရဲမွဲတေရသည့် အကြောင်းရင်းများထဲတွင် တိုင်းပြည်အတွက် အရေးကြီးသည့် အာဏာနှင့် သြဇာကို မျှတမှန်ကန်စွာ မကျင့်သုံးနိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူမှု ထူပြောခြင်း၊ အဓိက အခွန်ဆောင်ရမည့် လုပ်ငန်းရှင်ကြီးများ အခွန်ရှောင်ခြင်း၊ တိုင်းပြည်သယံဇာတကို အကျိုးရှိရှိမသုံးစွဲဘဲ လွဲမှားစွာ စီမံခန့်ခွဲနေခြင်း၊ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း၊ အသုံးနှင့်အဖြုန်းမှာ အဖြုန်းက များနေခြင်း စသည့်အချက်များ ပါဝင်နေပါသည်။ ဤနေရာတွင် ခြိုးခြံချွေတာခြင်း အပိုင်းကိုသာ အဓိကထား ဆွေးနွေးလိုပါသည်။
ဝင်ငွေနည်းပါးလှသော အိမ်တစ်အိမ် မျှမျှတတနှင့် အဆင်ပြေပြေ နေထိုင်နိုင်ဖို့ဆိုလျှင် ဝင်ငွေတိုးအောင် မရှာနိုင်သေးသည့်အချိန်မှာ အကောင်းဆုံးက လက်ရှိဝင်ငွေကို ခြိုးခြံချွေတာ သုံးစွဲခြင်းပါပဲ။ မကုန်သင့်တာ ပိုမကုန်ရအောင် ခါတိုင်းထက် အသုံးစရိတ်ကို လျှော့ချသုံးစွဲခြင်းဖြင့် အဆင်ပြေအောင် နေထိုင်ဖို့သာ ကြိုးစားရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံလည်း ထို့အတူပါပဲ။ ဆင်းရဲသည့် နိုင်ငံသူနိုင်ငံသားများအနေနှင့် တိုင်းပြည်ဝင်ငွေတိုးတက်အောင် မစွမ်းဆောင်နိုင်ချိန်မှာ ခြိုးခြံချွေတာခြင်း နည်းလမ်းကိုသာ ကျင့်သုံးသင့်သည်ဟု ထင်မြင်မိပါသည်။ ဤနေရာတွင် နှမြောတွန့်တိုခြင်းနှင့် ခြိုးခြံချွေတာခြင်းကိုတော့ ခွဲခြားနားလည် သဘောပေါက်ထားဖို့ လိုပါသည်။ ခြိုးခြံချွေတာခြင်းသည် ကပ်စေးနှဲခြင်းမဟုတ်။ အသုံးနှင့်အဖြုန်းကို ခွဲခြား နားလည်ခြင်းသာ ဖြစ်ပါသည်။
ထိုအခါ ကျွန်တော်တို့နိုင်ငံ၏ လက်ရှိအနေအထားကို ပြန်လည်မျှော်ကြည့်လိုက်ကြပါစို့။ အသုံးနှင့် အဖြုန်း အဘယ်နေရာမှာ ပိုများနေပါသနည်း။ တစ်ခါတုန်းက မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသပြော ဖူးတာကို မှတ်မိနေပါသည်။ ‘‘မြန်မာလူမျိုးတွေ အသုံးအစွဲသိပ်ကြီးတာပဲ။ အတာကူးတဲ့ သင်္ကြန်များဆို သုံးဖြုန်းလိုက်ကြတာ ရန်ကုန်တို့၊ မန္တလေးတို့က အဆိုးဆုံးပဲ။ ပြောတော့ တို့တိုင်းပြည်ကြီးကို ကာကွယ်မလေ၊ တို့မြေကြီးကို ကာကွယ်မလေတဲ့။ ဘာနဲ့ကာကွယ်မှာလဲ။ လက်ဖဝါးလေးနဲ့ ကာရုံနဲ့ လုံမှာ မဟုတ်ဘူး။ အခုလိုသုံးဖြုန်းနေတာ ဘာမှမဖြစ်ဘူးမထင်နဲ့။ နိုင်ငံခြားကို ငွေတွေ သောက်သောက်လဲ ထွက်နေတာ။ အကျိုးရှိတဲ့နေရာမှာ မသုံးဘဲ အလကား ဖြုန်းတီးနေကြတာ’’တဲ့။
အခုမှပဲ မကြာခင်မှာ သင်္ကြန်ကာလကို ကျွန်တော်တို့ ဖြတ်ကျော်ရပေတော့မည်။ လက်ရှိအချိန်မှာ ရေရှားပါးနေသည့်ဒေသတွေကို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေကြချိန်မှာ ကျွန်တော်တို့တွေက သင်္ကြန်ကာလမှာ ရေတွေ ဖောချင်းသောချင်း သုံးဖြုန်းကြဦးမည်။ ဆရာမဂျူး၏ ‘ကျွန်မချစ်သော ကမ္ဘာမြေ’ကိုဖတ်စဉ်က သဘောကျသောစာသားတစ်ခုကို ကူးယူထားဖူးသည်။ ‘တချို့လူတွေအတွက် ရေဆိုတာ ရေပိုက်ထဲက ထွက်လာတာဖြစ်ပေမယ့် တချို့လူတွေအတွက်တော့ ရေဆိုတာ နှစ်မိုင်သုံးမိုင်အဝေးကို လှည်းနဲ့သွားပြီး တိုက်ယူရတာ’တဲ့။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးမှာနေသည့် ကျွန်တော်တို့အဖို့ ရေဆိုတာ မရှားပါ။ ရေပိုက်ခေါင်းဖွင့် လိုက်တာနှင့် ဝေါကနဲကျလာသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့က ရေကို တန်ဖိုးမထား။ လွယ်လွယ်ရသည့်အရာဟု ထင်နေသည်။ ရေတစ်ပေါက်အတွက် သေမလောက် ဖြစ်နေသူတွေ၏ဘဝကို မစဉ်းစားမိ။ ရေတွေ တဗွမ်းဗွမ်းလောင်းချိုးကာ ပေါ့ပေါ့ဆဆပင် နေလိုက်ကြသည်။ ရေပိုက်ခေါင်းကိုလည်းမသုံးဘဲ ဖွင့်ထားလို့ ဖွင့်ထား။ အားအားရှိ လမ်းပေါ်ကို ရေတွေဖြန်းကာ ဖြုန်းတီးလို့ ဖြုန်းတီး။ ရေကြောဆိုတာ ဆက်စပ်နေတာ။ ကိုယ့်ဆီကနေ အသုံးလျှော့လိုက်တာနဲ့ ရေနည်းတဲ့ အရပ်ဒေသတွေကို ရေတွေ ပိုစီးဆင်းသွားနိုင်တယ်ဟု ဘာကြောင့် ကျွန်တော်တို့ မတွေးမိကြပါလိမ့်။
အသုံးနှင့်အဖြုန်းကို ခွဲခြား နားမလည်သေးသရွေ့ ကျွန်တော်တို့တိုင်းပြည်မှာ ထိုကဲ့သို့ မညီမျှမှုတွေ၊ အဆင်မပြေမှုတွေ၊ ဆင်းရဲမွဲတေမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရဦးမှာ သေချာပါသည်။ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကပြောတာကို သွားသတိရမိသည်။ ‘ပန်းပင်တွေ ရေလောင်းချင်တာတောင် ရေကိုချွေတာပြီး လောင်းနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့အရပ်တွေ ရေတော်တော် ရှားနေတယ်လို့သိရတဲ့အတွက် ကိုယ်ချွေတာလိုက်ခြင်းအားဖြင့် သူတို့တွေ ရေပိုရပါစေဆိုတဲ့စိတ်နဲ့ ရေကိုသတိထား သုံးစွဲနေရတယ်’တဲ့။ ကြည့်စမ်း။ ကျွန်တော်တို့ ဘာကြောင့် အဲဒီလို မတွေးမိကြတာပါလိမ့်။ ထိုကဲ့သို့ ခြိုးခြံချွေတာခြင်းအားဖြင့် တိုင်းပြည်၏ ချွတ်ခြုံကျခြင်းကို ပြန်လည် ကယ်တင်မှ ဖြစ်ပေလိမ့်မည်။
တကယ်တော့ အိမ်တစ်အိမ်ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ် မလိုအပ်ဘဲ ငွေကုန်ကြေးကျ များနေသည်များ ရှိနေနိုင်ပါသည်။ ထိုကဲ့သို့ အကျိုးမများသည့် ငွေကုန်ရုံသက်သက် စီမံကိန်းတွေ၊ လုပ်နည်းလုပ်ဟန်တွေ၊ အစီအစဉ်တွေမှန်သမျှသည် တိုင်းပြည်၏ ယိုပေါက်လစ်ဟာပေါက်များအဖြစ် ချွတ်ခြုံကျသည့် ဘဝသို့ ဆွဲချနေဦးမည်မှာ သေချာပါသည်။ ‘အသုံး’နှင့် ‘အဖြုန်း’ကို ခွဲခြားနားလည်ပြီး ဉာဏ်အမြော်အမြင်နှင့် စနစ်တကျ စီမံခန့်ခွဲနိုင်သော အစိုးရတစ်ရပ်ကို ထူထောင်နိုင်ပါမှသာ ကျွန်တော်တို့နိုင်ငံသည် ချွတ်ခြုံကျဘဝမှ အလုံးစုံလွတ်မြောက်နိုင်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း ...။

Most Read

Most Recent