ရေအေးအေး တစ်ခွက်

ရေအေးအေး တစ်ခွက်
Published 30 March 2016
စိုးခိုင်ညိန်း

Eleven Media Group မှတစ်ဆင့် စေတနာရှင်များ ရေလှူဒါန်းမှု အစီအစဉ်မှ ညောင်ဦးမြို့နယ် ကံကျဲတဲတိုက်ရှိ အိမ်ထောင်စု ၁၇၀ အတွက် လိုအပ်နေသော သောက်သုံးရေအား အနာဂတ်အလင်း မြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးကူညီသည့် ရေသယ်ယာဉ်ဖြင့် သွားရောက်ကူညီ လှူဒါန်းခဲ့စဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
ယခုနှစ် နွေရာသီက အခါတိုင်းထက် ပိုပူသော အယ်လ်နီညို ရာသီဥတုဟု ဆိုသည်။ အရိပ်ထဲ ထိုင်နေရတာကိုပင် ချွေးတဒီးဒီးနဲ့ မကြာခဏ ရေထထ သောက်နေရသည်။ မောကြီးပန်းကြီးနဲ့ အပြင်က ပြန်လာတဲ့အခါ သောက်ရေအိုးစင်က ရေအေးအေးလေး တစ်ခွက်ကို ခပ်သောက်လိုက်ရတာ အရမ်း အရသာ ရှိသည်။ အမောအပန်း တစ်ခါတည်း ပြေသွားသလို ခံစားရသည်။ နွေပူပူချည်းထဲ သွားရတဲ့အခါ ရေအင်မတန် ဆာလောင်တဲ့ အခိုက်မှာ ရေအေးအေးတစ်ခွက် သောက်လိုက်ရခြင်းသည် အလွန် ဝမ်းမြောက်ဖွယ် ဖြစ်သည်။ ရေအေးအေးလေး တစ်ခွက်၏ တန်ဖိုး ကျေးဇူးကား မနည်းလှပါပေ။ယခုနှစ် အနည်းငယ် အတွင်း၌ မိမိတို့ နိုင်ငံသည် ရေနဲ့ ပတ်သက်ပြီး အလွန် ဒုက္ခရောက်ရသော နှစ်ဟု ဆိုရမည် ထင်သည်။ အစောပိုင်း ကာလတွေတုန်းက ရေကြီးရေလျှံလို့ အတိ ဒုက္ခရောက်ကြရသည်။ ဟော အခုတော့လည်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုကြောင့် လူတွေ အတိ ဒုက္ခရောက်ကြရသည်။ နေ့စဉ် သတင်းစာမှာ ရေရှားပါးပြတ်လပ်မှု ကြုံတွေ့ပြီး ရေအခက်အခဲ ဖြစ်နေတဲ့ သတင်းတွေနဲ့ အတူ ချောင်းထဲက သဲလက်ယက်တွင်းလေးထဲကနေ အုန်းမှုတ်ခွက်လေးနဲ့ ရေခပ်နေတဲ့ ပုံလေးတွေ မြင်ရတော့ အတော်ပဲ စိတ်မကောင်း ဖြစ်မိပါသည်။ မိမိတို့ ငယ်ငယ်က ယာနံဘေးက ဖြတ်စီးသွားတဲ့ ချောင်းရိုးလေး တစ်ခု ရှိသည်။ ဒီချောင်းလေးက မိုးရာသီ မိုးရွာတဲ့ အခါမှာသာ ရေရှိသည်။ ကျန်တဲ့ အချိန်အခါမျိုးမှာ ရေမရှိတတ်။ ငယ်ငယ်က အဖေနဲ့အတူ ယာထွန်တဲ့အခါ လိုက်သွားတော့ ဒီချောင်းလေးထဲမှာ သဲလေးယက်ပြီး တွင်းလေး လုပ်ပေးလိုက်တဲ့ အခါ စိမ့်ထွက်လာတဲ့ ရေကို ခပ်သောက်ရတဲ့ အခါ ရေက အေးစိမ့်ပြီး ချိုနေသည်ဟုပင် စိတ်ကထင်သည်။အခုရက်ပိုင်း သတင်းစာမှာ ထိုကဲ့သို့ လက်ယက်တွင်းလေးထဲက ရေကို ခပ်ယူနေတဲ့ ပုံတွေကို မြင်ရတော့ ယနေ့လို ခေတ်ထဲမှာကိုပဲ သည်လိုမျိုးနည်းနဲ့ ရေကို ခပ်ယူ သုံးစွဲနေရတဲ့အဖြစ် ရှိသေးပါလားလို့ အံ့သြ စိတ်မကောင်း ဖြစ်ရသည်။ မိမိတို့ ရွာသည်လည်း မိမိ ငယ်စဉ်က ရွာအနောက်ဘက်မှာရှိတဲ့ ကန်ကိုပဲ အဓိက ထားရသည်။ နောက်တော့ မိုးခေါင်တဲ့နှစ်တွေ များလာတော့ ထိုကန်ကို အားကိုးလို့ မရတော့။ ရွာထဲက တတ်နိုင်တဲ့ အိမ်တွေမှာ အဝီစိတွင်း တူးကုန်ကြပြီ။ မိမိတို့ ရွာမှာ ရေတွင်းတစ်တွင်းရဲ့ အနက်က ပေသုံးလေးရာ ဝန်းကျင် ရှိသည်။ အင်ဂျင်နဲ့ တွဲပြီး အဲယားကွန်း ပရိုက်ဇာနဲ့ မှုတ်တင်ရသည်။ ခုတော့ အိမ်တော်တော်များများ ကိုယ်ပိုင် အဝီစိတွင်းတွေလည်း ဖြစ်ကုန်ပြီ။ တွင်းမရှိတဲ့ အိမ်က အနီးနားက တွင်းရှိတဲ့ အိမ်မှာ သွားခပ်ကြရုံပင်။ ဒါကြောင့် မိမိရွာသည် ရေမပေါပေမယ့်လည်းပဲ ရေရှားသည်ဟူ၍တော့ မဆိုနိုင်ပေ။၁၉၇၆ ခုနှစ်မှစ၍ ဇွန် ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အတည်ပြု ကြေညာခဲ့သည်။ ပထမဦးဆုံးသော ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ဆောင်ပုဒ်မှာ ‘အသက်သခင် ရေရှားရင်၊ ရေနှင့် ဝန်းကျင် အသက်ရှင်’ ဟူ၍ ဖြစ်သည်။မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အဖြစ် ၁၉၇၆ ခုနှစ် ဇွန် ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ် လူထုလှုပ်ရှားမှု အသွင်သဏ္ဌာန်ဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ကျေးရွာများ အနှံ့တွင် ဟောပြောပွဲများ၊ သရုပ်ပြပွဲများ ပြုလုပ်၍ ရေတွင်း၊ ရေကန်သန့်ရှင်းခြင်း၊ ရေးခပ်ခြင်း စသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ဖူးသည်။ ထိုကဲ့သို့သော လူထုလှုပ်ရှားမှု လုပ်ငန်းစဉ်သည် အစဉ်အမြဲ အကောင်အထည်ဖော်ဆောင် လုပ်နေရပြီး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သင့်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သက်ရှိ သတ္တဝါ အပေါင်းတို့သည် ရေမရှိဘဲ အသက်မရှင်နိုင်၊ ရေသည် သတ္တဝါတို့၏ အသက်ပင် ဖြစ်သောကြောင့်ပင်။သက်ရှိ သတ္တဝါ အားလုံး ရေနှင့် လေ မရှိဘဲ အသက် မရှင်နိုင်ပေ၊ ရေသည် လေကဲ့သို့ နေရာတိုင်းတွင် ကွက်လပ် မကျန်ရှိနေသည် မဟုတ်သော်လည်း ဒီကမ္ဘာမြေထုကြီး၏ မျက်နှာပြင် ဧရိယာ သုံးပုံနှစ်ပုံသည် ရေပင်ဖြစ်သည်ဟု ဆိုသည်။ ရေသည် မြေပြင်မှာ သာမက အထက် မိုးကောင်ကင် လေထုထဲ၌ပင် အခိုးအငွေ့ ပုံစံဖြင့် နေရာယူထားသေးသည်။ ထိုမျှသာ မကသေး ရေသည် သက်ရှိသတ္တဝါ အားလုံး၏ ခန္ဓာကိုယ် အတွင်း၌ မရှိလျှင် မဖြစ်သော အရေးကြီးသည့် ပစ္စည်းတစ်မျိုး အနေဖြင့် နေရာယူထားပြန်သေးသည်။ သက်ရှိ သတ္တဝါတို့၏ ရုပ်ခန္ဓာအတွင်း ဖြစ်ပျက် ပြောင်းလဲနေကြသော ဓာတ်သဘာ၀ ပြောင်းလဲမှု အစုစုတို့သည် ရေမရှိဘဲ လုံး၀ မဖြစ်နိုင်ပေ။ အကယ်၍များ ရေသာ မရှိခဲ့သော် သက်ရှိ သတ္တဝါ အားလုံး မျိုးဆက် ပြုန်းသွားမည်သာ ဖြစ်သည်။ အကြောင်းမူ လူ၊ တိရစ္ဆာန်နှင့် သစ်ပင် စသော သက်ရှိများ အပါအဝင် ကမ္ဘာလောကရှိ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်း မှန်သမျှ ရေ၊ မြေ၊ လေ၊ မီး တည်းဟူသော ဓာတ်ကြီးလေးပါးဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သိပ္ပံပညာ၏ အဆိုအရ အသေးဆုံး ခွဲခြမ်းစိပ်ဖြာလိုက်သော ဒြပ်စင် တစ်ခု၏ အဏုမြူအက်တန် တစ်ခု၌ပင်လျှင် ထိုဓာတ်ကြီးလေးပါးတို့ ပါဝင် ဖွဲ့စည်းထားသည်ဟု ဆိုပေသည်။လူတစ်ယောက်၏ ခန္ဓာကိုယ် အတွင်း၌ ရေသည် ကိုယ်အလေးချိန်၏ သုံးပုံနှစ်ပုံခန့် ပါရှိသည်ဟု ဆိုသည်။ ခန္ဓာကိုယ် အတွင်း၌ ရေသည် ရေသက်သက်အဖြစ် တစ်နေရာတည်း၌ သီးခြား စုစည်းနေတတ်သည် မဟုတ်ဘဲ၊ သွေးများ၊ ပါးနံ့ရည်ကြည်များအဖြစ် တည်ရှိနေသည့်အပြင် ဆဲလ်ခေါ် ကလပ်စည်းများ၏ အတွင်းအပြင်တို့တွင်သာ အနှံ့အပြား ရှိနေသည့်အတွက် ရေသည် ခန္ဓာကိုယ် အတွင်း၌ နေရာမလပ်အောင် အသွင်တစ်မျိုးမျိုးဖြင့် တည်ရှိနေသည်တဲ့။ခန္ဓာကိုယ်အတွင်း ရေထုသည် ပမာဏ၏ ၁၀ ရာခိုင်နှုန်းသည် ပြင်ပသို့ ဆုံးရှုံးသွားပြီး အကယ်၍ ပြန်လည်ဖြည့်တင်း အစားထိုးပေးခြင်း မရှိဘူး ဆိုလျှင် ခန္ဓာကိုယ်အတွင်း မှန်မှန်ဖြစ်ပျက် လည်ပတ်နေသော စက်ယန္တရား၏ ညီညွတ်လည်ပတ်မှု အစဉ် ပျက်သွားပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာနိုင်ပါသည်။ ဥပမာအားဖြင့် အရေပြားများ ခန်းခြောက်လာခြင်း၊ ကိုယ်အပူရှိန် တက်လာခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်း၊ အစားအသောက် မမှန်မကန် ဖြစ်လာခြင်း၊ ရင်တုန် မောပန်းလာခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ရေထုပမာဏ၏ ၂၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးမှု ရှိပါက ဆက်လက် အသက်ရှင်ရန် အကြောင်းရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ရေသည် လူတို့အတွက် မရှိမဖြစ် အရေးပါသည့် သဘာဝပစ္စည်း ဖြစ်သည်ဟု ဆေးပညာက ဆိုပါသည်။လူတို့ ခန္ဓာကိုယ်မှ တစ်နေ့လျှင် ရေပမာဏ ၁၅၀၀ မီလီမီတာခန့်သည် ချွေးထွက်ရာမှ လည်းကောင်း၊ ကျင်ကြီးကျင်ငယ် စွန့်ရာမှ လည်းကောင်း၊ အသက်ရှူရာမှ တစ်ဆင့်သော် လည်းကောင်း၊ မျက်ရည်၊ တံတွေး စသည့် အသွင်တို့ဖြင့် လည်းကောင်း ပြင်ပသို့ ဆုံးရှုံးသွားတတ်ပါသည်တဲ့။ ဒါကြောင့် လူတစ်ယောက် သောက်ရမည့် ရေပမာဏမှာ အနည်းဆုံး ဆုံးရှုံးသွားသော ရေပမာဏ ၁၅၀၀ မီလီမီတာမျှလောက် သောက်သုံးသင့်ပါသည်ဟု ဆေးလောကမှ ဆိုထားသည်။သာမန် နေကောင်းနေသော လူတစ်ယောက်သည် နေ့စဉ် ဂလူးကို့စ်ပုလင်း သုံးပုလင်းခန့် အနည်းဆုံး သောက်ပေးရမည်ဟု ဆိုသည်။ ရေကို ဆာလောင်တဲ့ အခါမှသာ မဟုတ် အချိန်မရွေး သောက်နိုင်ပါသည်။ ရေကို သောက်သုံးသင့်သော အကောင်းဆုံး အချိန်မှာ အားလုံးသိတဲ့ နံနက် အိပ်ရာထ မျက်နှာသစ်ပြီးပြီး အချိန်သည် အကောင်းဆုံးအချိန် ဖြစ်သည်။နံနက် အိပ်ရာထ ရေနှစ်ဖန်ခွက်မျှ သောက်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးမှာ (၁) ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ (၂) အစာအိမ်လမ်းကြောင်း တစ်လျှောက် သန့်ရှင်း စင်ကြယ်ခြင်းဖြင့် အစာကြေလွယ်ခြင်း၊ (၃) တစ်ညတာ အိပ်နေစဉ်အတွင်း အစာအိမ်အတွင်း၌ ရှိသော အစာအဟောင်းများနှင့် အစာအိမ်မှ အရည်များကို သန့်ရှင်းပေးစေခြင်းဖြင့် အစာအိမ်နာ ဖြစ်ခြင်းကို ကာကွယ်နိုင်ခြင်း၊ (၄) ဓာတ်ချုပ်တတ်သူများအဖို့ ဆားအနည်းငယ်ဖြင့် ရေကို တစ်ဝသောက်ပေးပါက ဝမ်းပျော့ပျော့ သွားနိုင်ခြင်း၊ (၅) စိတ်ကြည်လင်မှု ရစေနိုင်ခြင်း အကျိုးတရားတို့ ရရှိနိုင်ပါသည်တဲ့။ထို့ကြောင့် ရေတစ်ခွက်၏ အကျိုးကျေးဇူးကား များလှပေသည်။ ထမင်းအသက် ခုနစ်ရက် ရေအသက်ကတော့ တစ်နံနက်ဟု ဆိုရလောက်အောင် ရေသည် အကျိုးကျေးဇူး ကြီးမားပါသည်။ ထိုကျေးဇူးများသော ရေကို ရေရှားပါး ပြတ်လပ်နေသော ဒေသများသို့ ရေအလှူ လှူနေကြသော ရေအလှူရှင်များ အဖို့ ရရှိနိုင်သော အကျိုးကျေးဇူးတို့က အထူး ပြောဖွယ်ရာ မရှိတော့ပေ။

Most Read

Most Recent