ရေရတဲ့မျက်နှာ (၄)

ရေရတဲ့မျက်နှာ (၄)
Published 29 March 2016
ဒေါက်တာသိန်းမြင့်

ဧရာဝတီတံတား (ပခုက္ကူ) ဟာ ရထားနဲ့ကား တွဲသွားနိုင်တဲ့ တံတားဖြစ်ပြီး အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ဆက်စပ်ပေးမယ့် အဝေးပြေး လမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အဓိက တံတားကြီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နဲ့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ပခုက္ကူမြို့ထိပ်ကို အဓိက ရောက်တဲ့အတွက် ပခုက္ကူမြို့အတွက် လွန်စွာအဆင်ပြေနေတာ တွေ့ရပါတယ်။ အခုအခါ ပခုက္ကူမှ ညောင်ဦးကို ယခင် ဇက်နဲ့ကူးစဉ်က အန္တရာယ်များပြီး အဆင်မသင့်ရင် ၃-၄ နာရီ ကြာတတ်ပေမယ့် အခုဆိုရင် နာရီဝက်သာသာလောက်နဲ့ သွားလာနိုင်ကြပြီ ဖြစ်တယ်။ပခုက္ကူမြို့ပခုက္ကူမြို့ဟာ ဧရာဝတီတံတား (ပခုက္ကူ) ဖွင့်ပြီး လေးနှစ်အကြာမှာ သိသိသာသာ ပြောင်းလဲနေတာကို ထူးခြားစွာ တွေ့ရပါတယ်။ ပေါက်လမ်း၊ မြိုင်လမ်းတွေကနေ ပခုက္ကူမြို့ ရှောင်လမ်းအတိုင်း တံတားဆီသွားရာ လမ်းတစ်လျှောက်မှာ အထပ်မြင့် အဆောက်အအုံသစ်တွေ ခမ်းခမ်းနားနား တွေ့ရပါတယ်။ ခရီးသွားလာမှု အဆင်ပြေ ချောမွေ့လာတဲ့အတွက် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန် သွက်လက်လာပြီး ပခုက္ကူမြို့ရဲ့ စီးပွားရေးဟာ ပိုမိုကောင်းလာတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ချောင်းဦးတိုကျေးရွာပခုက္ကူကတစ်ဆင့် ပေါက်လမ်းအတိုင်း မြိုင်မြို့နယ် တောင်ဘက်အခြမ်းကို သွားခဲ့ရာ ပထမဆုံး ရောက်ရှိတဲ့ရွာမှာ ပေပင်တိုက်အုပ်စု ချောင်းဦးတို ကျေးရွာဖြစ်ပါတယ်။ အဲဒီကျေးရွာက စုပေါင်းအလှူ အနေနဲ့ ရွာနဲ့ တစ်မိုင်ခွဲအကွာမှာ စက်ရေတွင်း တူးဖော်ထားပြီး ဖြစ်ပါတယ်။ ရေတွင်းတူးဖော်တဲ့ နေရာမှ ရွာကို ပိုက်သွယ်တန်းရာ ပေ ၁၀၀၀ အလိုလောက်မှာ ငွေကြေးပြတ်လပ်ပြီး အခက်အခဲ ဖြစ်နေရပါတယ်။ အဲဒါအပြင် ရေတင်တဲ့ပန့်နဲ့ မီးစက်တွေလည်း လိုအပ်နေပါတယ်။ အဲဒါကြောင့် ရေပိုက်၊ ရေတင်စက်၊ မီးစက်နဲ့ အခြားဆက်စပ် ပစ္စည်းများကို ဖြည့်ဆည်းပေးရန် စီစဉ်ပေးပါတယ်။
ပဒိုင်းတော (အနောက်) ကျေးရွာဒုတိယ သွားရောက်တဲ့ကျေးရွာမှာ ပဒိုင်းတော အနောက်ကျေးရွာ ဖြစ်ပါတယ်။ အဲဒီရွာမှာ အိမ်ခြေ ၄၃၀ ကျော်ရှိပြီး မဟာဓာတ်အား လိုင်းသွယ်တန်းထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီရွာမှာ စက်ရေတွင်း တစ်တွင်းရှိပေမယ့် နှစ်ပေါင်းများစွာကြာပြီး ရေထွက်မှု လျော့ကာ ယိုယွင်းမှုများ ဖြစ်ပေါ်နေတဲ့အတွက် သောက်သုံးရေ မလုံမလောက် ဖြစ်နေကြပါတယ်။ စက်ရေတွင်း တူးမယ်ဆိုရင်လည်း ပေ ၉၀၀ အနက်လောက် တူးမှ ရေတွေ့နိုင်မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ စုပေါင်းတိုင်ပင်ကြပြီး အဲဒီရွာကို ရေတွင်းတူးပေးဖို့ စီစဉ်ကြပါတယ်။
စိုတွင်းကျေးရွာတတိယ ရောက်ရှိခဲ့တဲ့ ကျေးရွာကတော့ စိုတွင်းကျေးရွာ ဖြစ်ပါတယ်။ အဲဒီရွာမှာရှိတဲ့ ကျေးရွာစက်ရေတွင်းဟာ ယိုယွင်းပျက်စီးနေပြီး ရေလုံလောက်မှု အခက်အခဲ လွန်စွာဖြစ်နေတဲ့အတွက် ရေတွင်းတူးဖော်ခြင်း ဆောင်ရွက်ပေးရန် စီစဉ်ကြပါတယ်။သီဟိုဠ်ရှင်ဘုရားပေါက်လမ်းမှတစ်ဆင့် မြိုင်တောင်ဘက်ခြမ်း ရေလိုအပ်နေတဲ့ ရွာတစ်ချို့ကို ရေပေးရန် စီစဉ်ပေးခဲ့ပြီးတဲ့နောက် ပခုက္ကူမှာ ညအိပ်ပါတယ်။ နောက်နေ့ မနက်စောစောထပြီး သီဟိုရှင် မြတ်စွာဘုရားကို သွားရောက် ဖူးမြော်ကြပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ တန်ခူးလပြည့်နေ့ ဘုရားပွဲတော်အတွင်း ပခုက္ကူ ကို ရောက်ရှိခဲ့စဉ်က ဖူးမြော်ခဲ့ရတဲ့ ဘုရားနဲ့မျက်နှာ ပုံစံမတူတာကို ထူးခြားစွာ တွေ့ရပါတယ်။ ကျွန်တော်အမှတ်မှားတာတော့ မဖြစ်နိုင်ပါဘူး။ အရင်ဘုရားက ရွှေချတာတွေများလို့ အထွဒ်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ အဖုအထစ် ဘာမှမတွေ့ရဘဲ ဖြစ်နေပါတယ်။
ရွှေကူဘုရားနဲ့ ရွှေကူတံကဲတော်အဲဒီကမှတစ်ဆင့် ရွှေကူမြတ်စွာဘုရားကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။ အဲဒီဘုရားမှာရှိတဲ့ ရွှေကူတံကဲတော်ဟာ ၁၂၆၉ ခုနှစ်က ထုလုပ်ထားပြီး ကမ္ဘာ့အံ့ဖွယ်ရာ ဖြစ်ပါတယ်။ တံကဲကို သစ်တုံးငါးလုံးနဲ့ ပန်းရုပ်လုံး ဖော်ထားတာဖြစ်ပြီး ထုရှစ်လက်မ၊ ပန်းရှစ်ထပ်နဲ့ မြတ်စွာဘုရား တာဝတိံသာမှ သင်္က ဿနဂိုပြည်သို့ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသက်လာပုံ အပါအဝင် ဇာတ်ရုပ်စုံ ပါဝင်ပါတယ်။ ရှေးမြန်မာတို့၏ အံ့မခန်းဘွယ် ပန်းပုလက်ရာတွေ ဖြစ်ပါတယ်။
ပခုက္ကူထောင်မနက် ၁၀ နာရီမှာတော့ ပခုက္ကူထောင်ကိုသွားပြီး ယူနတီဂျာနယ်မှ သတင်းထောက်တွေကို သွားတွေ့ရန် စီစဉ်ကြပါတယ်။ ထောင်ဘူးဝရှေ့မှာ နာရီဝက်လောက် စောင့်ပြီးမှ ထောင်ဘူး၀ အပေါက်ကို ခေါင်းငုံ့ဝင်ပြီး အတွင်းဘက်မှာ လွတ်လပ်စွာ တွေ့ခွင့်ရပါတယ်။  သူတိ့ုအများစု ကြည့်ရတာ အားငယ်စိတ် မရှိကြဘဲ လန်းဆန်းနေပုံရပါတယ်။ ပခုက္ကူမြို့မှာရှိတဲ့ ပရဟိတ အဖွဲ့များကလည်း တစ်ပတ်နှစ်ကြိမ် အစားအစာ ကူပေးတယ်လို့ ဆိုပါတယ်။ ထောင်ခြောက်ခါကျဖူးတဲ့ ကိုတင့်ဆန်းကတော့ ပြုံးရွှင်စွာ ကျွန်တော်တို့နဲ့ စကားရယ်မော ပြောဆိုနိုင်ပေမယ့် သတင်းထောက် အငယ်တစ်ယောက်ကတော့ စိတ်ဂနာ မငြိမ်ဘဲ စကားပြော မမှန်တာတွေ့ရပါတယ်။ သူ့ကို အားပေး နှစ်သိမ့်စကား ပြောခဲ့ရပေမယ့် ရင်ထဲမှာ မချိအောင်တော့ ခံစားရပါတယ်။ လူသုံးရာလောက် ဆန့်တဲ့ထောင်မှာ လူ ၅၀၀ လောက်ထားတဲ့အတွက် အနေကျပ်ပြီး ရေမလုံလောက်မှု ဖြစ်နေတယ်လို့တော့ ကိုတင့်ဆန်းက ညည်းတွားပါတယ်။ရေသယ်ကား ပေးအပ်ခြင်း
ပခုက္ကူထောင်မှ အပြန်မှာ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ရေသယ်ယာဉ်ကို ပခုက္ကူမြို့ မြို့ဂုဏ်ရည် သွေးလှူရှင်အသင်း နာယကဆရာတော်နဲ့ ပခုက္ကူမြို့ အ.ထ.က (၁) အာစရိယ ပူဇော်ပွဲကျင်းပရေး ကော်မတီက အဖွဲ့ဝင်တွေကို ပေးအပ်ခဲ့ပါတယ်။ ရေသယ်ယာဉ်မှာ ဂါလန် ၃၂၀၀ ဆန့်ပြီး နိုင်ငံခြားမှ တိုက်ရိုက် တင်သွင်းလာတဲ့ ဆီသယ်ယာဉ်မျိုး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့က ကြီးကြပ်၍ မြိုင်မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ပခုက္ကူမြို့နယ် အပါအဝင် ပခုက္ကူ  အနီးဝန်းကျင် မြို့နယ်တွေက သောက်သုံးရေ ရှားပါးတဲ့ ကျေးရွာတွေကို ရေဖြန့်ဝေပေးလှူသွားမှာ ဖြစ်ပါတယ်။
ဝါးကန်ကျေးရွာရေသယ်ယာဉ် ပေးအပ်ပြီးနောက် ကျွန်တော်တို့ဟာ အဆိုပါ အဖွဲ့ရဲ့ ဦးဆောင်လမ်းပြမှုနဲ့ ပခုက္ကူ-မြိုင်လမ်း တစ်လျှောက်ရှိ မြိုင်အရှေ့မြောက်ဘက်ခြမ်း ကျေးရွာတွေမှာ စက်ရေတွင်းတူး လှူဒါန်းရန် သွားရောက် ကြည့်ရှုကြပါတယ်။ ပထမဆုံး သွားရောက်ခဲ့တဲ့ ကျေးရွာက ဝါးကန်ကျေးရွာ ဖြစ်ပါတယ်။ အဲဒီရွာကို မကျီးစုကျေးရွာ လမ်းခွဲအတိုင်း ထန်းပင်များ စီတန်းစိုက်ထားတဲ့ လှည်းလမ်းကြောင်း လမ်းအတိုင်း သုံးမိုင်ခန့် သွားပြီးတဲ့အခါ ရောက်ရှိပါတယ်။ အလွန်လှပတဲ့ အညာရနံ့လွှမ်းတဲ့ ကျေးရွာလေး ဖြစ်ပါတယ်။ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး တွင်းဟောင်းက ရေမထွက်တော့တဲ့အတွက် စက်ရေတွင်းအသစ် တူးပေးရမှာဖြစ်ပြီး မီးစက်ကိုလည်း ပြုပြင်ပေးရမှာ ဖြစ်ပါတယ်။
ကမကျေးရွာကျွန်တော်တို့အဖွဲ့ နောက်ထပ်ရောက်ရှိသည့် ကျေးရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ကမကျေးရွာ ဖြစ်ပါတယ်။ စက်ရေတွင်းနဲ့ ရေကန် အဆင်သင့် ဖြစ်နေသော်လည်း ရေတင်ရန် အသုံးပြုတဲ့ မီးစက်က လုံးဝသုံးမရဖြစ်ပြီး ဝယ်ရန်လည်း အခက်အခဲ ဖြစ်နေတဲ့အတွက် မီးစက်သစ် ဝယ်ပေးရန် စီစဉ်ပေးခဲ့ပါတယ်။သင်းမကျေးရွာနဲ့ ဆိပ်ချေးပြူကန်ကျေးရွာနောက်ထပ်ရောက်ရှိတဲ့ ကျေးရွာကတော့ မြိုင်မြို့နယ် အနောက်ပိုင်း အတွင်းမှာရှိတဲ့ သင်းမကျေးရွာ ဖြစ်ပါတယ်။ ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ ရေတိမ်တွင်း တစ်တွင်းကို မျှဝေသုံးစွဲနေရပါတယ်။ ကျွန်တော်တို့ ရောက်ရှိတဲ့အချိန်မှာ ကျေးရွာသားတွေက စုပေါင်းပြီး ရေစင်ဆောက်နေတာ တွေ့ရပါတယ်။ သူတို့ကတော့ ပထမတွင်း တိမ်မျိုးရေတွင်း သုံးတွင်းစာ တူးပေးမယ်ဆိုရင် စုစုပေါင်း ရေလေးတွင်းက ရရှိတဲ့ရေက သူတို့ရွာအတွက် လုံလောက်မှာ ဖြစ်တယ်ဆိုလာတာကြောင့် ရေတွင်းငယ် သုံးတွင်းတူးပေးရန် စီစဉ်ခဲ့ပါတယ်။နောက်ထပ်ရောက်ရှိတဲ့ရွာက မြိုင်မြို့နယ် အတွင်းရှိ ဆိပ်ကျေးပြူကန် ကျေးရွာဖြစ်ပါတယ်။ အဲဒီရွာက အိမ်ခြေ ၃၀၀ လူဦးရေ ၁၈၀၀ ကျော်ရှိပြီး ရေအခက်အခဲ လွန်စွာဖြစ်နေကြပါတယ်။ အဲဒီရွာမှာ စက်ရေတွင်း တူးပေးခြင်း၊ ရေလှောင်ကန် တည်ဆောက်ပေးခြင်းနဲ့ မီးစက်ပါ အကုန်စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
ညောင်ပင်လယ်ကျေးရွာညောင်ပင်လယ် ကျေးရွာဟာ မြိုင်မြို့နယ်အစွန် ဂန့်ဂေါနယ်စပ်မှာရှိပြီး ပရိုင်းမိတ်တွေ တွေ့ရှိတယ်ဆိုတဲ့ နေရာလည်း ဖြစ်ပါတယ်။ မြိုင်မြို့ကတစ်ဆင့် ဗဟင်းကျေးရွာကို သွားရပါတယ်။ ဗဟင်းကျေးရွာဟာ ရေနံမှော်တွေကြောင့် ငွေကြေးပြည့်စုံကြပြီး စည်ကားလျက်ရှိတာ တွေ့ရပါတယ်။ ဗဟင်းကျေးရွာ အလွန်မှာ ဗဟင်းဆည်ကြီးကိုလည်း တွေ့ရပါတယ်။အစိုးရကသာ စီစဉ်ပြီး ဗဟင်းဆည်က ရေတွေကိုသာ အနီးဝန်းကျင် ဒေသတွေကို ပေးဝေနိုင်ခဲ့ရင် ရေပြဿနာ  ရေရှည်ကင်းဝေး သွားနိုင်မယ်လို့ ယူဆပါတယ်။ဗဟင်းဆည်မှ ယောလမ်းအတိုင်းသွားပြီး အတွင်းဘက်ကို လေးမိုင်လောက်ဝင်တဲ့ အခါမှ ညောင်ပင်လယ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ရွာအဝင်ဝတွင် စေတနာရှင်တချို့ စုပေါင်းလှူဒါန်းထားတဲ့ စက်ရေတွင်းနဲ့ ရေကန်ကို တွေ့ရှိရပါတယ်။ စက်ရေတွင်းကရေဟာ ဆားဓာတ်များနေတဲ့အတွက် လုံးဝသုံးစွဲ၍ မရဘဲ ဖြစ်နေတာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။ ရေကန်ထဲမှာ ထည့်ထားတဲ့ရေက အုတ်ကန်နံရံကိုဖြတ်ပြီး အပြင်ဘက်အထိ ဆားခဲကြီးတွေ ပွင့်နေတာကို ကျွန်တော်တို့ ကိုယ်တိုင်တွေ့ခဲ့ရပါတယ်။
ရွာကလူတွေကတော့ ရွာရဲ့အနိမ့်ပိုင်းမှာ ရှိတဲ့နေရာမှာ ဝါးကိုကျည်တောက်နဲ့ ရေကိုငင်၍ သုံးစွဲနေကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ တိုင်ပင်ပြီး ရွာအနိမ့်ပိုင်းနေရာမှာ စက်ရေတွင်း တူးပေးဖို့ စီစဉ်ခဲ့ကာ မြိုင်မြို့နယ် ရေတွင်းအလှူ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြိုင်မှပြန်လည် ထွက်ခွာလာပြီး ချောက်မြို့နယ်အတွင်း သန်းပင်ကျေးရွာမှာ တူးဖော်နေတဲ့ စက်ရေတွင်း အခြေအနေကို သွားရောက် ကြည့်ရှုပါတယ်။ သန်းပင်ကျေးရွာရောက်တော့ ည ၁၀ နာရီကျော် နေပါပြီ။ ကျွန်တော်တို့က မကွေးမှာ ညအိပ်ပြန်နားပြီး ပြန်ကြားရေးက တရားစွဲထားတဲ့ အမှုကို ရင်ဆိုင်ရန် နောက်နေ့ ၁၁ နာရီအရောက် နေပြည်တော်ကို ခရီးဆက်ရပါတယ်။နေပြည်တော်မှ အပြန်လမ်းခရီး တစ်လျှောက်မှာ ပခုက္ကူထောင်မှာ တွေ့ခဲ့ရတဲ့ စိတ်ဓာတ်ကျ ဝေဒနာခံစားနေရပြီး စကားမမှန်တဲ့ ယူနတီ သတင်းထောက်ငယ်လေး အပါအဝင် ထောင်ကျခံ ယူနတီ သတင်းထောက်တွေအပေါ် စာနာစိတ်တွေဖြစ်ပေါ် ခံစားရပါတယ်။အခုစာရေးနေတဲ့ အချိန်မှာ ရှင်မတောင် တောင်ခြေနားက ဝါးကန်ကျေးရွာ စက်ရေတွင်းက ရေထွက်နေပြီး ညောင်ဦးမြို့နယ် ကံကျဲတဲတိုက် အတွက်လည်း သောက်သုံးရေတွေ ပေးဝေနေပြီဖြစ်လို့ တစ်ရွာလုံး ပြုံးပျော်နေကြပါပြီ။ အဲဒီအပျော်တွေဟာ ထောင်ကျခံနေရတဲ့ ယူနတီ သတင်းထောက်တွေအပေါ် ကူးစက်ကျရောက်ပြီး အကျဉ်းကျခံနေရာမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း အခါခါ ဆုတောင်းမိပါတယ်။

Most Read

Most Recent