မော်ဒယ်မေမြတ်နိုးနှင့် တွေ့ဆုံခြင်း

မော်ဒယ်မေမြတ်နိုးနှင့် တွေ့ဆုံခြင်း
Published 29 March 2016
လင်းလင်းခိုင်

အာရှနိုင်ငံများမှ ထိပ်တန်းမော်ဒယ်များ ပါဝင်ယှဉ်ပြိုင်ကြသည့် Asia's Next Top Model Season 4 တွင် မြန်မာကိုယ်စားပြု မော်ဒယ်မေမြတ်နိုးက ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်လျက် ရှိနေပါသည်။ အပတ်စဉ် ယှဉ်ပြိုင်မှုများတွင် စိန်ခေါ်မှု အခက်အခဲများစွာနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ရမှတ်အနည်းဆုံး တစ်ဦးအား အပတ်စဉ် ထုတ်ပယ်သည့် အစီအစဉ်ဖြစ်သည့်အတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများစွာနှင့် စောင့်ကြည့်အားပေးရသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။ Asia's Next Top Model Season 4 ၏ ပြိုင်ပွဲဝင် မော်ဒယ်မေမြတ်နိုးနှင့် တွေ့ဆုံ၍ ပြိုင်ပွဲတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ပြိုင်ပွဲဝင် အချင်းချင်း ပေါင်းသင်းဆက်ဆံရေးနှင့် နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံများ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။မေး- Asia's Next Top Model Season 4 ပြိုင်ပွဲမှာ မေမြတ်နိုးက အသက်အငယ်ဆုံး ပြိုင်ပွဲဝင်လည်း ဖြစ်သလို မြန်မာနိုင်ငံ အနေနဲ့ ပထမဆုံး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဝင်လည်း ဖြစ်နေတော့ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုကို သိချင်ပါတယ်။ဖြေ- ပြိုင်ပွဲမှာကျတော့ နိုင်ငံတကာက အောင်မြင်ပြီးသား မော်ဒယ်တွေ၊ အတွေ့အကြုံ ရှိပြီးသား မော်ဒယ်တွေနဲ့တွဲပြီး ယှဉ်ပြိုင်ရတဲ့အခါမှာ ပရော်ဖက်ရှင်နယ်ဖြစ်မှုက အရမ်းအရေးကြီးပါတယ်။ ပရော်ဖက်ရှင်နယ် ဘယ်လောက်ဖြစ်တယ် ဆိုတာကို ကြည့်တယ်။ လေ့ကျင့်မှုလည်း လိုအပ်တယ်။ နိုင်ငံတကာကို သွားဖို့ Standard တစ်ခုလည်း လိုအပ်ပါတယ်။ အဲဒီအတွက် အရမ်းကို ကြိုးစားခဲ့ရသလို အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။မေး- ညီမလေးက အသက်အငယ်ဆုံးလည်း ဖြစ်သလို မြန်မာအနေနဲ့ ပထမဆုံးဆိုတော့ ပြိုင်ပွဲဝင် အချင်းချင်း ဆက်ဆံမှုမှာ ကျတော့ရော ဘယ်လိုကြုံတွေ့ခဲ့ရတာတွေရှိလဲ။ဖြေ- အဓိကတော့ ပြိုင်ပွဲရဲ့ ဖိစီးမှုတော့ အရမ်းရှိပါတယ်။ ပြိုင်ပွဲရဲ့ ဖိစီးမှုအပေါ်မှာ ပြိုင်ပွဲဝင်တွေ အားလုံးကတော့ Limit တစ်ခုကို ရောက်တဲ့အထိ တစ်ယောက်ကိုတစ်ယောက် သည်းခံရတာတွေတော့ ရှိတယ်။ Limit တစ်ခုကျော်သွားတဲ့ အခါမှာတော့ သည်းမခံနိုင်ဘဲ ထပြီးပေါက်ကွဲကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ညီမကတော့ အတတ်နိုင်ဆုံး သည်းခံပြီးတော့ အဆင်ပြေအောင်နေပါတယ်။ တစ်ခါတလေ ကျရင်တော့ ကိုယ်ကအရမ်းကို ဖိစီးမှုတွေ များနေတဲ့ အချိန်မျိုးမှာ တစ်ယောက်ယောက်က ကိုယ့်ကိုလာပူနေမယ် ဆိုရင်တော့ အဆင်မပြေဘူးပေါ့။မေး- တစ်ပတ်ချင်းစီက မတူကွဲပြားတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိတယ်ဆိုတော့ အဲဒီတစ်ပတ်ချင်း ယှဉ်ပြိုင်မှုမှာရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ဆင်ခဲ့ရလဲ။ဖြေ- စိန်ခေါ်မှုတွေကတော့ တစ်ခါမှ မမြင်ဖူးတဲ့ စိန်ခေါ်မှုမျိုးတွေပေါ့။ အရမ်းပြင်းထန်ပါတယ်။ တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခုကို ပထမဆုံး စလုပ်တဲ့အခါမှာ ရတဲ့အတွေ့အကြုံ၊ ဘယ်လိုဖြစ်မလဲ၊ ဘယ်လိုတွေရလာမလဲ ဆိုတာတွေက တကယ့်အကြီးမားဆုံး စိန်ခေါ်မှုတွေပါပဲ။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ကြိုးစားပြီး ဖြတ်သန်းဖြစ်ပါတယ်။မေး- ယှဉ်ပြိုင်မှုအပေါ်မှာ အပတ်စဉ် အကဲဖြတ်ဒိုင်တွေက သုံးသပ်ချက်တွေ ပြောတဲ့အခါမှာလည်း မျှော်လင့်ထားတာမျိုး ပါဝင်သလို မမျှော်လင့်ထားတာတွေလည်း ကြားရတယ်။ အဲဒီအခြေအနေတွေမှာရော ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ဆင်ခဲ့ရလဲ။ဖြေ- ဒိုင်တွေကတော့ ဆရာသမားတွေပါပဲ။ နာအောင်တော့ ပြောတယ်။ နာပြီးထပ်ပြီး ပြင်တဲ့အခါ ဒီထက်ပိုပြီးကောင်းလာအောင်လို့ ထင်ပါတယ်ရှင့်။ သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်းတော့ အကုန်ပြောပါတယ်။ တစ်ခါတလေကျတော့ ကိုယ်ဘယ်လောက် ကြိုးစားထားရလဲဆိုတာ ကိုယ်ပဲသိတယ်လေ။ အဲဒီအချိန်မှာ အရမ်းအပြောခံရရင်တော့ ခံစားရတာပေါ့။မေး- ညီမလေးကို ပြီးခဲ့တဲ့ ရက်သတ္တပတ် ယှဉ်ပြိုင်မှုမှာ Cute ဖြစ်နေတာက ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အတွက် အဆင်မပြေဘူးလို့ သုံးသပ်သွားတယ်နော်။ အဲဒီအချိန်မှာ ဘယ်လိုခံစားသွားရလဲ။ဖြေ- အဓိကတော့ မြတ်နိုးက အသက် အငယ်ဆုံးဖြစ်တယ်။ ဆံပင်ပုံစံ ပြောင်းရတဲ့အခါ ရှေ့ကဆံမြိတ်ကို ညှပ်ပေးလိုက်တော့ နဂိုကတည်းက ကလေးမျက်နှာလေးကို ဆံမြိတ်ညှပ်လိုက်တော့ အရမ်းနုသွားတာပေါ့။ အဲဒီအချိန်မှာ ဘယ်လိုမှ Sexy ပုံစံ လုပ်လို့မရတော့ဘူး။ အဲဒီမှာ အခက်အခဲရှိတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး Post တွေဖြစ်အောင် လုပ်တယ်။ ဒါပေမဲ့ ဓာတ်ပုံတွေထဲမှာ မပေါ်လွင်လာတဲ့အခါ ခံစားရပါတယ်။မေး- ညီမလေး နာမည်ကို ခေါ်လိုက်တဲ့ အချိန်မှာ မျက်ရည်တွေကျလာတာ တွေ့ရပါတယ်။ ဘာကြောင့် အဲဒီလောက် ဝမ်းနည်းသွားတာလဲ။ဖြေ-အဓိကတော့ ဒိုင်ရဲ့မှတ်ချက်မှာ မြတ်နိုးကို ကလေးနဲ့တူတယ်လို့ ပြောလိုက်တော့ အားလုံးကလည်း ကိုယ့်ထက်အသက်ကြီးကြတယ်။ အတွေ့အကြုံ ရှိကြတယ်ဆိုတော့ ကိုယ့်ကိုမရွေးလောက်တော့ဘူးလို့ထင်ပြီး အရမ်းစိတ်ပူနေခဲ့တယ်။ ဒါပေမဲ့ နာမည်ခေါ် လိုက်တဲ့အချိန်မှာ လည်ပင်းထဲက အလုံးတစ်လုံး ကျသွားသလိုပဲ အရမ်းပျော်သွားခဲ့တယ်။မေး- မြန်မာဆိုတာ ပထမဆုံးသွားပြိုင်တဲ့အတွက် အဲဒီပြိုင်နေစဉ် တစ်လျှောက်လုံးမှာရော ဘယ်လိုခံစားခဲ့ရလဲ။ဖြေ- နိုင်ငံတကာမှာ မြန်မာနိုင်ငံကို သိပါတယ်။ မြန်မာနိုင်ငံက မော်ဒယ်တွေကို သူတို့က နိုင်ငံတကာ အဆင့်အတန်း ရှိလားမရှိလား ဆိုတာကို သူတို့က မသိကြတဲ့အတွက် မြတ်နိုးအပေါ်မှာ အရမ်းမူတည်နေပါတယ်။ မြတ်နိုးကတော့ ပထမဆုံး Represent လုပ်ပြီး သွားပြိုင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက မော်ဒယ်တွေလည်း ဒီလိုနိုင်ငံတကာ အဆင့်အတန်းမျိုး ရှိတယ်ဆိုတာကို သိအောင်ပြရတဲ့အတွက် အရမ်းစိတ်ဖိစီးမှု များပါတယ်။ ကိုယ်လုပ်သမျှ အပြုအမူတစ်ခုက မြန်မာနိုင်ငံက မော်ဒယ်တွေအားလုံး အပေါ်မှာသွားပြီး Reflect ပြန်သွားတယ်လေ။ ဝန်အကြီးကြီး ထမ်းထားရတဲ့ အချိန်မှာ သူတို့အရှေ့မှာ စိန်ခေါ်မှုအနေနဲ့ရော ဖိစီးမှု အနေနဲ့ပါ အရမ်းဖြစ်ရပါတယ်။ Make Myanmar Proud ဆိုပြီး စိတ်ထားရတဲ့ အချိန်မှာ ပိုလေးသွားပါတယ်။ အဓိက ဒီပြိုင်ပွဲဝင် ပြိုင်တာက မြန်မာနိုင်ငံကို Represent လုပ်ချင်တာရယ် အတွေ့အကြုံ လိုချင်တာကြောင့်ရယ်ပါ။ နံပါတ် ၁ လိုချင်လို့ဆိုပြီး ဝင်ပြိုင်တာမျိုး မဟုတ်ပါဘူး။ ကြိုးစားရင် ကြိုးစားသလို ရောက်သွားမယ့်နေရာပါ။ တစ်ပတ်နဲ့တစ်ပတ် Survival အတွက်ပဲ ပြိုင်နေတာပါ။မေး- ဘယ်အဆင့်ထိ တက်ခွင့်ရခဲ့လဲ ဆိုတာကိုရော ပြောပြလို့ရမလား။ဖြေ- အဲဒါတော့ ပြောပြလို့ မရဘူးရှင့်။ တစ်ပတ်ချင်း ယှဉ်ပြိုင်မှုကိုပဲ စောင့်ကြည့်အားပေးပါလို့ ပြောချင်ပါတယ်။မေး- ပြိုင်ပွဲတစ်ခုလုံးကို ခြုံငုံပြီးပြောမယ်ဆိုရင်ရော ကျေနပ်စရာ ပြိုင်ပွဲတစ်ခု အနေနဲ့ ဖြစ်ခဲ့တယ်လို့ ပြောလို့ရလား။ဖြေ- အဓိကတော့ လေ့လာမှုတွေ၊ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ အများကြီးရခဲ့တဲ့ ပြိုင်ပွဲပါပဲ။ ဒီပြိုင်ပွဲက မြတ်နိုးကို မော်ဒယ် တစ်ယောက်အနေနဲ့ ပိုပြီးတော့ ရင့်ကျက်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်စေတယ်လို့ ပြောလို့ရပါတယ်။မေး- ဒီပြိုင်ပွဲကတစ်ဆင့် နိုင်ငံတကာ ပြိုင်ပွဲတွေကို ထပ်သွားဖို့ ဘယ်လိုခွန်အားတွေရလာလဲ။ဖြေ- နိုင်ငံတကာကို သွားဖို့အတွက် ပထမ ခြေလှမ်းဖြစ်သွားတာကြောင့် ဆက်ပြီးကြိုးစားမှာပါ။

Most Read

Most Recent