ကမ္ဘာပေါ်ရှိ ပြည်သူတိုင်းဟာ သေဆုံးတဲ့ချိန်ထိ ဘဝခရီးတစ်လျှောက် ဆင်းရဲခြင်း ကင်းစွာနဲ့ ဖြတ်သန်းချင်ပေမယ့် မိမိတို့ နေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ကျင့်သုံးနေတဲ့ စနစ်နဲ့ အုပ်ချုပ်သူတွေ အပေါ်မှာ မူတည်ပြီး အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ ခန္ဓာကိုယ် ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အတွေးအခေါ် ဆင်းရဲခြင်း၊ အသိပညာ ဆင်းရဲခြင်း၊ ပစ္စည်းဥစ္စာ ဆင်းရဲခြင်းများ ကြုံတွေ့နေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့ဘဝတစ်လျှောက် ရင်ဆိုင်ကြုံတွေ့လာနိုင်တဲ့ ဆင်းရဲခြင်းတွေကို ခိုင်မာတဲ့စိတ်ဓာတ်၊ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ မှန်ကန်တဲ့ ရပ်တည်ချက်၊ နောက်မတွန့်တဲ့ ခြေလှမ်းတွေနဲ့ သတ္တိရှိရှိ ရင်ဆိုင်ဖြတ်ကျော်သွားနိုင်ရင် စနစ်ဆိုးတွေ ဆင်းရဲခြင်း ဒုက္ခတွေကနေ လွတ်မြောက်နိုင်ကြမှာ ဖြစ်ပါတယ်။ယနေ့ စာရေးသူတို့ နိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့အပြားမှာ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကြောင့် သဘာ၀ ဘေးအန္တရာယ်တွေကို ကမ္ဘာ့ပြည်သူတွေ အလူးအလဲ ခံစားနေကြရသလို့၊ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာ့အနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ သေကျေပျက်စီးနေတဲ့ သတင်းတွေမြင်တွေ့ ကြားသိနေရပါတယ်။ ဒါ့အပြင် ပြည်တွင်း စစ်ပဋိပက္ခမီးတွေ၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဗိုလ်ကျစိုးမိုးရေး ဝါဒတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဘဝဟာလည်း ရင်မောစရာ ကောင်းလှပါတယ်။ စာနာစိတ်ကင်းမဲ့ပြီး ဆင်ခြင်တုံတရား နည်းပါးကြတဲ့သူတွေ၊ ကိုယ်ကျိုးအတ္တ များပြားလှတဲ့သူတွေ၊ အတွေးအခေါ် အသိဉာဏ် ပညာနည်းပါးလှတဲ့သူတွေ၊ အယူဝါဒ လွဲမှားနေတဲ့သူတွေ၊ တစ်ယူသန်သမားတွေ၊ လက်နက်အားကိုးပြီး ထင်ရာစိုင်းချင်ကြတဲ့ အာဏာရှင် ဖြစ်ပါတယ်။နိုင်ငံရဲ့လက်ရှိပကတိ အရှိတရားကို စောင်းငဲ့ကြည့်ရရင်လည်း နိုင်ငံအနံှ့က ပြည်သူအများစုဟာ အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း၊ ခန္ဓာကိုယ် ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အတွေးအခေါ် ဆင်းရဲခြင်း၊ အသိပညာ ဆင်းရဲခြင်း၊ ပစ္စည်းဥစ္စာ ဆင်းရဲခြင်းတွေဆိုတဲ့ ဆင်းရဲခြင်းမျိုးစုံ ခံစားနေကြရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အစားဆင်းရဲခြင်း၊ အနေဆင်းရဲခြင်းမျိုးစုံ ခံစားနေကြရသလို နှစ်ပေါင်းများစွာ လွဲမှားတဲ့ ပညာရေးစနစ်ကြောင့် အတွေးအခေါ် ဆင်းရဲခြင်း၊ အသိပညာ ဆင်းရဲခြင်းတွေ ဖြစ်နေရခြင်း ဖြစ်ပါတယ်။ဒါ့အပြင် လွဲမှားတဲ့ စီမံခန့်ခွဲမှု ကိုယ်ကျိုးရှာ အတ္တလွန်ကဲမှုတွေကြောင့် ပစ္စည်းဥစ္စာ ဆင်းရဲမှုတွေနဲ့အတူ စိတ်ဆင်းရဲမှုမျိုးစုံကို ယနေ့ပြည်သူတွေ ခံစားရင်ဆိုင် ကြုံတွေ့နေရခြင်းလည်း ဖြစ်ပါတယ်။ပြည်သူတွေအဓိက အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ရေရှားပါးပြီး မီးမမှန်မှုတွေ ယနေ့အချိန်အထိ ဆန်ဈေး၊ ဆီဈေးနှုန်း ကြီးမားနေပြီး ဆိုးဆေးပါတဲ့ အစားအသောက်၊ အရည်အသွေး မမီတဲ့ မုန့်ပဲသရေစာ၊ အရောအနှော မကင်းတဲ့ဆီ နေ့စဉ်စားသုံးနေရမှုတွေ၊ ခုံးကျော်တံတားကြီးတွေ တစ်စင်းပြီးတစ်စင်း ပေါ်ထွက်လာပေမယ့်လည်း ယနေ့အချိန်အထိ ယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာ ဆင်းရဲဒုက္ခ ခံစားနေရမှုတွေ၊ အင်အားသုံးပြီး အတင်းအဓမ္မ ဖယ်ရှားခြင်းခံခဲ့ရလို့ နေစရာမရှိတဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်းစစ်မီးကြောင့် နယ်စပ်ဒေသတွေမှာ အိမ်အပြန်ကို မျှော်လင့်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် အသက်နဲ့ရင်းကာ တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေ စားသောက်နေရတဲ့ ဒုက္ခသည်တွေ၊ မိရိုးဖလာ လယ်ယာမြေတွေကို အနှစ်နှစ် အလလ ဓားမဦးချ လုပ်ကိုင်လာပါလျက်နဲ့ သူခိုးကလူဟစ် ဆိုသလို လယ်သိမ်း၊ ယာသိမ်းခံထားရတဲ့ ခံနေရတဲ့လယ်မဲ့၊ ယာမဲ့တွေရဲ့ ဆင်းရဲခြင်း ဒုက္ခတွေဟာ ထင်ရှားလှတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။ဒါပေမဲ့လည်း လောကနိယာမ တရားတွေအရ ဘယ်အရာမှ မတည်မြဲဘူးလို့ ဆိုထားတဲ့ အတွက်ကြောင့် ချမ်းသာခြင်းဟာလည်း ထာဝစဉ် မတည်မြဲနိုင်သလို ဆင်းရဲခြင်းဟာလည်း အမြဲတမ်း ဖြစ်တည်နေမှာ မဟုတ်ပါဘူး။ ခေတ်စနစ်နိုင်ငံရေး အခြေအနေတွေအရ ဆင်းရဲတွင်းကနေ မလွတ်ကင်းနိုင်ကြပေမယ့် ယနေ့အချိန်အခါမှာ ဆင်းရဲခြင်းက လွတ်ကင်းအောင် လမ်းပြဆောင်မယ့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး နိုင်ငံဖြစ်တယ် ဆိုတဲ့အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့အတွက် ဒိန်းမတ်နိုင်ငံက ပြည်သူတွေကို စာရေးသူအားကျပြီး တို့နိုင်ငံဟာလည်း အပျော်ရွှင်ဆုံး နိုင်ငံမဖြစ်ရင်တောင် ဆင်းရဲမှုတွေ ပပျောက်တဲ့ နိုင်ငံဖြစ်ပါစေလို့ စိတ်ထဲကျိတ်ပြီး ဆုတောင်းနေပါသေးတယ်။ နိုင်ငံတစ်နိုင်ငံ ဆင်းရဲမှုတွေ ပပျောက်ပြီး ဆင်းရဲခြင်းက လွတ်ကင်းအောင် အကောင်အထည်ဖော်ရာမှာ အစိုးရကိုချည်း မျှော်လင့်အားကိုးလို့ မရနိုင်ပါဘူး။ မိမိတို့ပြည်သူတွေ ကိုယ်တိုင်ပါဝင်မှသာ အနှေးနဲ့အမြန် ဆင်းရဲခြင်းက လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။ဘယ်အရာမဆို ဆုတောင်းနေရုံနဲ့ မိမိတို့ထံ ချမ်းသာမှုတွေ အလိုလို မရောက်လာနိုင်ပါဘူး။ ထီမထိုးထားဘဲနဲ့ ထီပေါက်ချင်တဲ့သူတွေ မဖြစ်ဖို့လိုပါတယ်။ အစိုးရသစ်နဲ့အတူ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရချင်ရင်တော့ အဲဒီအရည်အချင်းတွေနဲ့ ကိုက်ညီမယ့် အရည်အချင်းမျိုး မိမိတို့မှာ ရှိနေဖို့ ကြိုးစားထားကြရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း မကြိုးစားဘဲ ပြစ်တင်ဝေဖန် ရှုတ်ချနေရုံနဲ့ ဘာမှပြောင်းလဲလာမှာ မဟုတ်ဘူး။ “အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးနဲ့သလဲ” လိုလူမျိုးတွေ မဖြစ်ဖို့လိုပါတယ်။ကြုံကြိုက်လို့ မိမိတို့ လူမျိုးတွေရဲ့ စိတ်ဓာတ်လေးတွေ ပြောပြချင်ပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ သွားရောက်လုပ်ကိုင်နေသူ အချို့နှစ်တွေသာ ကြာသွားတယ်။ ဘာမှကိုယ့်အတွက် မကျန်ဘူးလို့ ပြောဆိုမှုများ ကြားရပါတယ်။ ဂျပန်နိုင်ငံမှာ သွားရောက် လုပ်ကိုင်နေသူများဟာ ဂျပန်နိုင်ငံသားလို အလုပ်မလုပ်ဘဲ ဂျပန်နိုင်ငံသားလိုနေပြီး ဂျပန်နိုင်ငံသားလို စားသောက် သုံးဖြုန်းနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အချိန်ကုန် လူပန်းပြီး အသက်ကြီးလာတာပဲ အဖတ်တင်မှာ ဖြစ်ပါတယ်။ အနေအထိုင် အစားအသောက် ခြိုးခြံချွေတာနိုင်မှ မိမိအတွက် မိသားစုအတွက် စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ရရစားစား သွားသွားလာလာ ဆိုသလို ခြိုးခြံချွေတာမှု အားနည်းတဲ့ စိတ်ဓာတ်တွေကြောင့် မိမိတို့လူမျိုးတွေ ဒုံရင်းဘဝကနေ မတက်ကြခြင်း ဖြစ်ပါတယ်။ စာရေးသူတို့ လူမျိုးတော်တော်များများဟာ ရေရှည်အကျိုး ကြည့်သူနည်းပြီး နောင်ခါလာ နောင်ဈေးဆိုသူတွေ များပါတယ်။ သစ်ပင်စိုက်ပျိုးထားရင်တောင် ပင်စည်မကြီးထွားမီ အခက်အလက်၊ အသီးအပွင့်တွေကို ခူးယူစားသုံးမှုကြောင့် အပင်ဟာလည်း နောင်လာနောက်သားအတွက် မဆိုထားနဲ့ ပင်စည်မကြီးထွားမီ သေဆုံးရပါတယ်။ပင်စည်ကြီးထွားအောင် ပြုစုပျိုးထောင်ပြီး အကိုင်းအခက်အလက်တွေ ဝေဖြာ၊ သီးကင်းတွေ မှည့်ဝင်းမှသာ ခူးယူစားသုံးကြမယ်ဆိုရင် အပင်လည်း မသေဆုံးနိုင်ပဲ အသီးအပွင့်တွေ အခက်အလက်တွေကို တစ်သက်တာ စားသုံးသွားနိုင်မှာ ဖြစ်ပါတယ်။ထို့အတူပါပဲ နိုင်ငံတော်ရဲ့ သယံဇာတတွေကို နောင်လာနောက်သားတွေ အကျိုးရှိရှိ သုံးစွဲနိုင်အောင် ရေရှည်အကျိုးမကြည့်ဘဲ အကိုင်းအခက်နဲ့ သီးကင်းတွေပါ မကျန်ခူးယူ စားသုံးခဲ့ကြတဲ့သူတွေကြောင့် ပင်စည်နဲ့တူတဲ့ နိုင်ငံတော်ကြီးဟာလည်း အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ခြင်း ဖြစ်ပါတယ်။အစိုးရသစ်နဲ့ လွှတ်တော်သစ်များ အနေဖြင့် “ခေတ်အဆက်ဆက် ဆွေမျိုးကောင်း စားရေး၊ ဆရာတပည့် ကောင်းစားရေး အစဉ်အလာဆိုးတွေ နိုင်ငံနဲ့ပြည်သူ ဆင်းရဲမွဲတေမှုရဲ့ အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်တဲ့ အကျင့်ပျက်ခြစားမှုတွေ၊ ငွေများတရားနိုင်၊ အာဏာရှိရင် အားလုံးပိုင်ဆိုတဲ့ စနစ်ဆိုးတွေကို ပြုပြင်ပြောင်းလဲ ဖယ်ရှားကာ စစ်မှန်တဲ့ အရည်အချင်း၊ ရိုးသားတဲ့ စိတ်ဓာတ်တွေနဲ့အတူ ပြည်သူနဲ့နိုင်ငံ အကျိုးရှိစေမယ့် ဥပဒေတွေ ပြဋ္ဌာန်းပြီး ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံတော်သစ်ကို ဖော်ဆောင်နိုင်မှသာ ပြည်သူအပေါင်းဟာ ယနေ့လို ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲခြင်း ဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။










