နိုင်ငံတစ်နိုင်ငံရဲ့ ဘက်ပေါင်းစုံ တိုးတက်လာမှုက အဲဒီနိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု (Good Governance) အပေါ်မှာ အဓိကအားဖြင့် မူတည်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုတွေ ဖြစ်နိုင်စေဖို့ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့မှာ ပါဝင်ကြသူတွေ အားလုံးရဲ့ ကောင်းမွန်တဲ့ ပေါင်းစည်း လုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေနဲ့ နိုင်ငံတွေက Good Governance နဲ့ Good Government ကို လက်တွေ့ကျကျ ရုပ်လုံးဖော်ဆောင်မှုတွေကနေ မိမိနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဖြစ်စေကြရတာ ဖြစ်ပါတယ်။စာရေးသူတို့နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ကြည့်ရင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရခဲ့တယ်။ ပင်လုံစာချုပ်အရ ၁၀ နှစ်တာကာလပြည့်မြောက်တဲ့ ၁၉၅၈ ခုနှစ်မှာ ဖက်ဒရယ်နဲ့ အုပ်ချုပ်ဖို့ ပင်လုံစာချုပ်မှာ အတိအလင်း ပါရှိခဲ့ပေမယ့် ပင်လုံစာချုပ်ရဲ့ ဖက်ဒရယ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ လွဲမှားတဲ့ အဓိပ္ပာယ် ကောက်ယူမှုတွေကနေ ဖက်ဒရယ်စနစ်ကို ပေယျာလကန်ပြုမှုတွေကနေ မိမိနိုင်ငံသားတွေ အချင်းချင်း တိုက်ခိုက်ကြတဲ့ပြည်တွင်း စစ်တွေပေါ်ပေါက်လာခဲ့ပြီး နိုင်ငံမတည်မငြိမ် ဖြစ်လာရာမှာ ယာယီအိမ်စောင့်အစိုးရ အနေနဲ့ နိုင်ငံကို ယာယီထိန်းသိမ်းပေးဖို့ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီး နေဝင်းကို လွှဲအပ်ပေးခဲ့ရာကနေ နိုင်ငံရဲ့ကံကြမ္မာက တဖြည်းဖြည်း ယိုယွင်းလာခဲ့တယ်။ နိုင်ငံတိုးတက်စေဖို့ထက် ကိုယ်ကျိုးကိုသာ ကြည့်လိုစိတ်ကြောင့် ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ တော်လှန်ရေး ကောင်စီအမည်နဲ့ ဗိုလ်ချုပ်ကြီး နေဝင်းကပဲ အာဏာသိမ်းယူခဲ့ပြန်တယ်။ စစ်တပ်က စစ်ပုံစံနဲ့ အာဏာရှင် စနစ်နဲ့ ကျင့်သုံးခဲ့ရာမှာ အဓိက,ကတော့ နိုင်ငံရဲ့နေရာတိုင်းမှာ လူမှန်နေရာမှန် မဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေကနေ အဘက်ဘက်မှာ ယိုယွင်းလာခဲ့တယ်။ဟိုယခင်က စာရေးသူတို့နိုင်ငံရဲ့ ငွေကြေးက ဆွစ်ဇာလန်နိုင်ငံမှာ ရွှေပေါင်ထားပြီးမှ နိုင်ငံရဲ့ ငွေကြေးကို ရိုက်နှိပ်ထုတ်ဝေတာဖြစ်လို့ ထားရှိတဲ့ ရွှေပေါင်ပေါ်မူတည်ပြီး ငွေကြေးကို ထုတ်တာကြောင့် စာရေးသူတို့နိုင်ငံရဲ့ ငွေကြေးက ဘယ်နိုင်ငံမှာမဆို သုံးစွဲပိုင်ခွင့် ရှိခဲ့တယ်။ သို့ပေမဲ့ အဲဒီရွှေပေါင်ထားတဲ့ ရွှေတွေကို ပြန်လည် ထုတ်ယူပြီး စစ်တပ်က ကိုင်တွယ်ထိန်းချုပ်တဲ့ ဝါဇီငွေစက္ကူ ရိုက်ထုတ်တဲ့ စက်ရုံကို တည်ဆောက်ကာ ရိုက်နှိပ်ထုတ်ဝေရာမှာ ငွေစက္ကူရိုက်နှိပ်မှုမှာ ထင်သာမြင်သာ မရှိခဲ့သောကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်စေနိုင်တဲ့ အဓိကအချက် သုံးချက်ဖြစ်တဲ့ Excess Circulation of Local currency ဆိုတဲ့ လွန်ကဲတဲ့ ငွေကြေးရိုက်နှိပ် ထုတ်ဝေခဲ့တာကြောင့် စာရေးသူတို့နိုင်ငံရဲ့ ငွေကြေးက တန်ဖိုးလျော့နည်း ကျဆင်းလာခဲ့ပါတယ်။အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းက တစ်ဒေါ်လာကို ခြောက်ကျပ်နှုန်း သတ်မှတ်ထားပေမယ့် ငွေကြေးလဲလှယ်နှုန်းက လုပ်ငန်းနေရာအလိုက် အမျိုးမျိုး ပေါ်ပေါက်လာခဲ့တယ်။ သွင်းကုန်အခွန်ပေါ်မှာ ငွေလဲလှယ်နှုန်းက တစ်မျိုး၊ အကောက်ခွန်နှုန်းထားပေါ်မှာ တစ်မျိုး၊ ပြင်ပပေါက်ဈေးက တစ်မျိုးနဲ့ ငွေလဲလှယ်နှုန်းတွေ ပေါ်ပေါက်ခဲ့တယ်။ နောက်တစ်ခုက ရောင်းလိုအားနဲ့ ဝယ်လိုအား သဘောတရားတွေကို နားမလည်ကြတာကြောင့်ရယ်၊ စီးပွားရေး လုပ်ငန်းတွေမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုတွေ၊ အာဏာရှင်တွေနဲ့ ဆက်စပ်တဲ့သူတွေရဲ့ ပြည်ပထုတ်ကုန် အပေါ်ကနေ အကျိုးဖြစ်ထွန်းမှု ပိုမိုရရှိလိုတာကြောင့် ငွေလဲလှယ်နှုန်း တစ်ဒေါ်လာကို ကျပ် ၁၀၀၀ သတ်မှတ်ဖို့ ကြိုးပမ်းလာခဲ့ရာမှာ လက်ရှိအခြေအနေအရ စာရေးသူတို့နိုင်ငံရဲ့ ငွေလဲလှယ်နှုန်းက တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင်မှာ ရှိနေခဲ့ပါတယ်။ဒီလိုငွေကြေးဖောင်းပွနေတဲ့ကြားမှာ တာဝန်ရှိသူ တစ်ဦးကနေ ငွေကြေးဖောင်းပွမှု ရှိပါမှ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မယ်ဆိုတဲ့ စကားကလည်း ငွေကြေးသဘောတရားကို နားမလည်ဘဲ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းမှာ နေရာရယူထားတာက နိုင်ငံအတွက် ရင်လေးဖွယ် ဖြစ်ပါတယ်။နေရာတိုင်းလိုလိုမှာ လူမှန်နေရာမှန် မဖြစ်တာကလည်း နိုင်ငံကို ဘက်ပေါင်းစုံမှာ ကျဆင်းစေခဲ့တယ်။ ငွေကြေးဖောင်းပွပြီး ငွေတန်ဖိုး လျော့နည်းကျဆင်းလာရတာက လူနည်းစုဖြစ်တဲ့ အာဏာနဲ့ ချမ်းသာကြွယ်ဝအောင် လုပ်ခဲ့သူတွေနဲ့ အဲဒီအာဏာရှင်တွေနဲ့ ပေါင်းစည်းပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ ခရိုနီလို့ ခေါ်နေကြသူအတွက် တစ်ရက်ကို သိန်းဆယ်ဂဏန်း ရာဂဏန်း သုံးနိုင်ပေမယ့် ဆင်းရဲတွင်းနက်နေကြတဲ့ ပြည်သူလူထု အများစုအတွက်ကတော့ နေ့စဉ်စားသုံးဖို့ ဈေးဝယ်ရာမှာ မိမိအိတ်ကပ်အတွင်းမှာ လုံလောက်တဲ့ငွေကြေး မရှိသောကြောင့် မဝယ်နိုင် မစားနိုင်ကြဘဲ တောင်ဒဂုံ၊ လှိုင်သာယာမှာ နေထိုင်ပြီး ဆင်းရဲတွင်းနက်နေသူတွေ အနေနဲ့ တချို့က ထမင်းရည် သောက်နေရသူတွေ ရှိသလို၊ တစ်ရက်ကို ထမင်းတစ်နပ်သာ စားနေကြရသူတွေလည်း ရှိနေတာကို စာရေးသူကိုယ်တိုင် အင်တာဗျူး လုပ်ရာကနေ သိလာခဲ့ရလို့ စိတ်မကောင်းဖြစ်မိတယ်။စာရေးသူ အနေနဲ့ အကြုံပြုလိုတာကတော့ ငွေစက္ကူရိုက်ထုတ်မှုကို ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုနဲ့ သီးခြားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ဆောင်ရွက်သင့်ပါတယ်။ အဲဒီအဖွဲ့မှာ ပါဝင်သူတွေ အနေနဲ့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ပြီး ကိုယ်ကျိုးရှာမှု မရှိသူတွေ ဖြစ်စေရမှာပါ။ နောက်တစ်ခုကတော့ စီးပွားရေး လုပ်ငန်းတွေမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှု မရှိစေဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျိုးရှိစေမယ့် စီးပွားရေး လုပ်ငန်းတွေကို တည်ထောင် လုပ်ဆောင်နိုင်စေရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး စီးပွားရေး တိုးတက်စေဖို့ အဆိုပြုလွှာ (Business Proposal) ကိုလည်း စာရေးသူ အနေနဲ့ တင်ဖို့စီစဉ်ထားပါတယ်။စာရေးသူတို့နိုင်ငံမှာ နိုင်ငံတိုးတက်စေဖို့ ငွေကြေးတည်ငြိမ်မှုရှိပြီး ငွေဖောင်းပွမှုနှုန်းတွေ လျော့နည်း ကျဆင်းလာစေရမှာဖြစ်တယ်။ အတိတ်ကာလက လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကို သင်ခန်းစာအဖြစ် ရယူပြီး လက်ရှိ ပကတိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မှုတွေကနေ အနာဂတ်မှာ အကောင်းဆုံးဖြစ်လာအောင် တစ်ယောက်တစ်လက် တစ်တပ်တစ်အား ပေါင်းစည်းပြီး တက်ညီလက်ညီ မခိုမကတ်ဘဲ လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ အတ္တများတဲ့စိတ်တွေ ဖယ်ခွာကြရမယ်။ အဝိဇ္ဇာ ဖုံးလွှမ်းမှု မရှိအောင် စာများများ ဖတ်ကြရမယ်။ွGross Domestic Product (GDP) လို့ခေါ်တဲ့ တစ်နိုင်ငံလုံးရဲ့ စုစုပေါင်း အသားတင် ထုတ်ကုန်တန်ဖိုးတွေ မြင့်မားအောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်ကြရမယ်။ အဲဒီ GDP တွေ မြင့်မားလာပါမှ လူတစ်ဦးချင်းစီရဲ့ တစ်နှစ်ပျမ်းမျှ ဝင်ငွေတွေ မြင့်မားလာပြီး တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ နိုင်ငံသားတွေ အားလုံးပျော်ရွှင်နိုင်ကြမယ့် Gross National Happiness (GNH) အဆင့်ကို ရောက်ရှိလာမှာ ဖြစ်ကြောင်းပါ။










