မင်္ဂလာတောင်ညွန့် မြို့နယ်တွင် အသက်ရှင်လျက် ရှိသေးသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား အမှိုက်ပုံ၌ လာရောက် စွန့်ပစ်မှု မတ် ၂၈ ရက် နံနက် ၈ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှ သိရသည်။မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာတောင်ညွန့်ကြီး ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်း၊ တိုက်အမှတ်-၃၉ နောက်ကျောရှိ စည်ပင်မြောင်းအနီး အမှိုက်ပုံပေါ်၌ မွေးကင်းစ ကလေးငယ် တစ်ဦးအား နံနက် ၈ နာရီ ၁၅ မိနစ်တွင် စည်ပင်ဝန်ထမ်း တစ်ဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်ကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ယင်းမွေးကင်းစ ကလေးငယ် တွေ့ရှိသည့် နေရာအား သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာ ကလေးငယ်မှာ မွေးကင်းစအရွယ် ယောကျ်ားလေးတစ်ဦးဖြစ်ပြီး အသက်ရှင်လျက် တွေ့ရှိခဲ့ကြောင်း၊ ယင်းကလေးငယ်ကို ဆေးဝါးကုသမှု ခံယူရန် ရန်ကင်း ကလေးဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း မင်္ဂလာတောင်ညွန့်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲထူးကျော်က ပြောကြားသည်။“တိုက် ၃၉ မြေညီထပ် အလယ်ခန်းက နေထိုင်သူတွေက နောက်ဘက်မှာ အထုပ်တစ်ထုပ် တွေ့တယ်။ သူတို့က အထုပ်ထဲမှာ ခွေးသေကောင်လေး ထင်ပြီးတော့ အမှိုက်ပုံးထဲကို ထည့်လိုက်တယ်။ နောက်တော့ ကလေးငိုသံ ကြားတော့ စည်ပင်ဝန်ထမ်းက အထုပ်ကို လှန်ကြည့်တဲ့ အချိန်မှာ မွေးကင်းစ ကလေး ဖြစ်နေတာကို သိရတယ်။ နောက်ပြီး ဆယ်အိမ်မှူးကို အကြောင်းကြားလိုက်တာပါ” ဟု မင်္ဂလာတောင်ညွန့်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲထူးကျော်က ပြောကြားသည်။မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲမှူး သိန်းအောင်က “ကလေးငယ်ကို လာရောက် စွန့်ပစ်သွားသူကို စုံစမ်း ရှာဖွေနေပါတယ်။ လာရောက် စွန့်ပစ်သူကိုတော့ ပုဒ်မ ၃၁၇ အရ ထိုသူကို ထောင်ဒဏ်ခုနစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်လို့ ရတယ်” ဟု ဆိုသည်။
အသက်ရှင်လျက် ရှိသေးသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား အမှိုက်ပုံ၌ လာရောက် စွန့်ပစ်မှု မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ဖြစ်ပွား