လိမ်ဝံ့သော သူ မလုပ်ရဲသော အကုသိုလ် ဟူ၍ မရှိ

လိမ်ဝံ့သော သူ မလုပ်ရဲသော အကုသိုလ် ဟူ၍ မရှိ
Published 27 March 2016
နေထွန်းနိုင်

“မုသား ပြောရမည်ကို မရှက်သူ (မည်သည့် ရဟန်းအား မဆို) သည် ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှု ဟူသမျှ ပြုဝံ့တော့၏”
-မြတ်ဗုဒ္ဓမဇ္ဈိမနိကာယ်၊မန ၆၁ း အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်။

“လိမ်ဝံ့သော သူ မလုပ်ဝံ့သော အကုသိုလ် မရှိ” ဆိုတာ ခြေဆေး ရေအင်တုံ၊ ရေကြွင်းရေကျန် အနည်းငယ်၊ တိုက်ပွဲဝင် မင်းစီးဆင်နဲ့ ဆင်းစီး သရဲကို ဥပမာ ပေးပြီး ရှင် ရာဟုလာရဲ့ အမ္ဗလဌိက ကျောင်းမှာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့တဲ့ သြဝါဒ အနှစ်ချုပ် တစ်ခုပဲ ဖြစ်ပါတယ်။မုသားစကား ပြောသူရဲ့ ကိုယ့်ကျင့်တရား ဆိုတာ ခြေဆေး ရေအင်တုံထဲက ရေကြွင်းရေကျန် အနည်းငယ်လို နည်းနည်းပဲ ရှိတယ်။ ရေအင်တုံထဲက ရေကို စွန့်ပစ်လိုက် သလို သူ့ရဲ့ ကိုယ်ကျင့် တရားကလည်း စွန့်ပစ်ပြီး ဖြစ်နေမယ်။ ဒီအတိုင်းပဲ မှောက်လိုက်တဲ့ ရေအင်တုံလို သူ့ရဲ့ ကိုယ်ကျင့် တရားဟာ မှောက်လျက်သားပဲ ဖြစ်နေမယ်။ ဒီလို မှောက်ပြီး တဖန် ပြန်လှန်ချိန် ရေအင်တုံထဲမှာ ဘာမှ မရှိတော့သလို မုသားပြုသူရဲ့ ကိုယ့်ကျင့် တရားလည်း ဘာမှ မရှိဘူးလို့ မြတ်စွာဘုရားက မိန့်တော်မူခဲ့ တာပါ။ရေအင်တုံထဲက ရေကြွင်းရေကျန် အနည်းငယ်ကို ပမာပြု မိန့်ကြားပြီးတဲ့နောက် တိုက်ပွဲဝင် မင်းစီးဆင်နဲ့ ဆင်စီးသူရဲတို့ အကြောင်း ဥပမာ ထပ်မိန့်ပါတယ်။မင်းစီးဆင်ဟာ စစ်မြေပြင်ကို ရောက်တဲ့အခါ ရှေ့ခြေ၊ နောက်ခြေ၊ ရှေ့ကိုယ်၊ နောက်ကိုယ်၊ ဦးခေါင်း၊ နားရွက်၊ အစွယ်တို့ကို အသုံးပြုပြီး တိုက်ပွဲဝင် အမှုကိစ္စ ဆောင်ရွက်ပေမယ့် နှာမောင်းကို စောင့်ရှောက်ခဲ့တယ်။ ဒါကို ဆင်စီးသရဲက အကြံဖြစ်တဲ့ အခါ ဒီဆင်ဟာ သူ့မှာရှိတဲ့ အရာခပ်သိမ်းနဲ့ အမှုကိစ္စ ဆောင်ရွက်ပေမယ့် နှာမောင်းကို စောင့်ရှောက်ထားတယ်။ အသက်ကို မစွန့်နိုင်သေးဘူးလို့ ဆိုပါတယ်။ဒါပေမဲ့ စစ်မြေပြင် ရောက်တဲ့ မင်းစီးဆင်ဟာ ရှေ့ခြေ၊ နောက်ခြေ၊ ရှေ့ကိုယ်၊ နောက်ကိုယ်၊ ဦးခေါင်း၊ နားရွက်၊ အစွယ်တို့ကို အသုံးပြုပြီး တိုက်ပွဲဝင် အမှုကိစ္စ ဆောင်ရွက်သလို နှာမောင်းနဲ့လည်း အမှုကိစ္စ လုပ်ဆောင်တယ်။ ဒါကို ဆင်စီးသူရဲက မြင်ပြီး အကြံဖြစ်တဲ့ အခါ ဒီဆင်ဟာ သူ့မှာရှိတဲ့ အရာခပ်သိမ်းနဲ့ အမှုကိစ္စ ဆောင်ရွက်ပြီး နှာမောင်းကိုလည်း ချန်မထားဘူး။ သူ့ အသက်ကိုတောင် စွန့်ထားပြီ။ ဒီအခါ မင်းစီးဆင် မပြုလုပ်ဝံ့သော အရာ ဘာတစ်ခုမှ မရှိတော့ဘူးလို့ အကြံဖြစ်ပါတယ်။ဒီလို မင်းစီးဆင်နဲ့ ဆင်စီးသူရဲ ဥပမာက တစ်ဆင့် မုသား ပြောရမည်ကို မရှက်သူဟာ မကောင်းမှု မပြုဝံ့တာ မရှိတော့ဘူး။ မကောင်းမှု ဟူသမျှ ပြုဝံ့တော့ပြီ။ ဒါကြောင့် အပြောင်အပျက် သဘောနဲ့တောင် မုသားစကား မဆိုမိအောင် ကျင့်ရမယ်လို့ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာကို ဟောခဲ့ပါတယ်။ 
■ ကိုယ်ကျင့်တရား စံနှုန်းမြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ မဇ္ဈိမနိကယ်၊ အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်ပါ “မုသား မဆိုဖို့ တားမြစ်ချက်” မိန့်ကြားချက်ဟာ တရားဓမ္မ မွေ့လျော်သူတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ နယ်ပယ်စုံက လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ဘာသာတရား တိုင်းမှာလည်း လိမ်လည်ခြင်း အမှုကို မလုပ်ဖို့ တားမြစ် ထားပါတယ်။ဒီလို တားမြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားက လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရား စံနှုန်းနဲ့ သက်ဆိုင်လို့ ဖြစ်ပါတယ်။အစိုးရ တစ်ရပ်ကို ဖွဲ့စည်းတော့မယ်၊ ဒီအစိုးရဟာ အာဏာရှင် အစိုးရလို အကြောက်တရားနဲ့ မောင်းနှင်ခြင်း မလုပ်ဘဲ ကျင့်ဝတ်ကို အခြေခံတဲ့ ပြည်သူ့ အစိုးရ အဖြစ် အသက်သွင်းတော့မယ် ဆိုရင် အဲဒီ အစိုးရနဲ့ အစိုးရ အဖွဲ့မှာ ပါဝင်သူတွေဟာ ကိုယ်ကျင့်တရား စံနှုန်းနဲ့ ကိုက်ညီသူတွေ ဖြစ်ရပါမယ်။ဒါပေမဲ့ သူတို့တွေက လိမ်လည်မှုကို ကျူးလွန်ခဲ့သူတွေ ဖြစ်မယ်၊ လိမ်လည်မှု လုပ်ခဲ့တာကိုလည်း ဖုံးကွယ်ထားသူတွေ ဖြစ်မယ်ဆိုရင် သူတို့ကို ကိုယ်ကျင့်တရား စံနှုန်း ကျိုးပျက်သူတွေ အဖြစ် သတ်မှတ်ရမှာပါ။ ဒီအခါ သူတို့ လုပ်ရပ်တွေဟာလည်း ယုံစားလို့ မရတဲ့ အရာတွေ ဖြစ်လာသလို သူတို့ မလုပ်ဝံ့တဲ့ မကောင်းမှု ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ 
■ အစိုးရသစ်နှင့် ဆန်းစစ်မှု၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီး ပေါ်ထွက်လာမယ့် အစိုးရသစ်ဟာ နှစ်ပေါင်း ၅၄ နှစ်ကြာ အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေနဲ့ တူမှာ မဟုတ်ပါဘူး။ပထမဆုံး ပေါ်လာတဲ့ ပြည်သူ့ အစိုးရမှာ ပါဝင်သူတွေဟာ ကိုယ်ကျင့်တရား စံနှုန်းနဲ့ ကိုက်ညီလိမ့်မယ်လို့ ပြည်သူတွေ ယုံကြည်ခဲ့ပါတယ်။လက်တွေ့မှာ မဖြစ်ခဲ့ပါဘူး။ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာ ဖြစ်တတ်ပေမယ့် မျက်ကွယ်ပြုလို့ မရတာတွေ ရှိပါတယ်။ပြီးခဲ့တဲ့ မတ် ၂၂ ရက်က ပြည်သူ့ အစိုးရကို ဦးဆောင်မယ် ဝန်ကြီး ၁၈ ဦး အမည်စာရင်း ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ ၁၈ ဦးမှာ သုံးဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခဲ့ပြီး ၁၅ ဦးကို NLD က တင်သွင်းပါတယ်။ အဲဒီ ၁၅ ဦးကို ကိုယ်ကျင့်တရား စံနှုန်းအခြေခံ အချက်နဲ့ ဆန်းစစ်တဲ့အခါ မေးခွန်း ထုတ်စရာ လူငါးဦး ပေါ်လာပါတယ်။မေးခွန်း ထုတ်စရာ လူ ငါးဦးထဲမှာ ပါဝင်သူတွေက ဦးသန်းမြင့်၊ ဦးကျော်ဝင်း၊ သူရဦးအောင်ကို၊ ဦးခင်မောင်ချို၊ ဦးသိန်းဆွေတို့ ဖြစ်ပါတယ်။ သူတို့ထဲမှာ အကြီးအကျယ် မေးခွန်းထုတ်ရမယ့်သူ နှစ်ဦးက ဦးခင်မောင်ချိုနဲ့ ဦးသိန်းဆွေတို့ ဖြစ်ပါတယ်။ 
■ ဒေါက်တာဘွဲ့ (Ph.D)ဝန်ကြီးစာရင်း ကြေညာပြီးချိန်မှာပဲ ဝန်ကြီးလောင်း နှစ်ဦး၊ ဒေါက်တာဘွဲ့ (Ph.D) အတုဆိုတဲ့ ကိစ္စဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာပါတယ်။ ပိုဆိုးတာဟာ အဲဒီသူ နှစ်ဦးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်နဲ့ ဦးကျော်ဝင်းတို့ ဖြစ်ပါတယ်။သူတို့ နှစ်ဦးမှာ ဦးကျော်ဝင်းက သူ့ရဲ့ ကိုယ်ရေး ရာဇဝင်မှာ ဖော်ပြခဲ့တဲ့ Ph.D ဘွဲ့ဟာ အတုဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူ ပြောခဲ့တဲ့ စကားတွေကို ဆက်စပ်တဲ့ အခါ Ph.D အတု ဖြစ်တာကို ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက သိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကို သိလျက်နဲ့ ကိုယ်ရေး ရာဇဝင် ဖော်ပြချက်မှာ Ph.D အတု ဖော်ပြခဲ့သလားလို့ မေးစရာ ဖြစ်ပါတယ်။ဦးသန်းမြင့် ရရှိခဲ့တယ် ဆိုတဲ့ Ph.D ဘွဲ့နဲ့ ပတ်သက်ရင်လည်း အငြင်းပွားစရာတွေ ရှိနေဆဲပါ။   ဒီအတွက် သူတို့မှာချည်း တာဝန်ရှိတာ မဟုတ်ပါဘူး။ သူတို့ကို ရွေးချယ်ခဲ့သူတွေ၊ စိစစ်ခဲ့သူတွေ၊ အဆိုပြု တင်သွင်းခဲ့သူတွေမှာလည်း တာဝန် ရှိပါတယ်။ဒေါက်တာဘွဲ့ (Ph.D) အတု ဖော်ပြခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ကို အရေးယူမယ် ဆိုရင် နောက်ထပ် အရေးယူရမယ့် သူတစ်ဦး ရှိပါတယ်။   
■ ဒုတိယ သမ္မတရဲ့ ထိမ်ချန် ဖော်ပြမှုဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရတဲ့ ဦးဟင်နရီ ဗန်ထီးယူ ကိစ္စက ဦးကျော်ဝင်းနဲ့ ဦးသန်းမြင့်တို့ ကိစ္စထက် ပိုပြီး ရှုပ်ထွေးပါတယ်။  ဦးဟင်နရီ ဗန်ထီးယူက သူ့ရဲ့ ကိုယ်ရေး ရာဇဝင်ကို ဖော်ပြတဲ့ အခါ ပြည်ပခရီးစဉ် မှတ်တမ်း - မရှိပါလို့ ဖော်ပြပါတယ်။ဒါပေမဲ့ သူဟာ နယူးဇီလန် နိုင်ငံနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို သွားဖူးသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်လာချိန်မှာ သူ့မှာ ပြည်ပခရီးစဉ် မှတ်တမ်း ရှိနေတာ ပေါ်လာပါတယ်။  VOA သတင်းဌာနနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ တွေ့ဆုံမှုမှာ ပြည်ပခရီး သွားခဲ့ဖူးတာကို ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို သွားရောက်ခဲ့တဲ့ နှစ်ကာလ အပိုင်းအခြား၊ ဘယ်လို ပုံစံမျိုးနဲ့ သွားခဲ့တာကို ပြောဆိုခြင်း မရှိဘဲ ဇနီးသည် (အစိုးရ ခွင့်ပြုချက်ဖြင့်) ပညာသင်သွားတဲ့အခါ ကလေးတွေ ငယ်သေးတဲ့အတွက် လိုက်ပါသွားခဲ့တယ် ဆိုတာပဲ ပြောခဲ့ပါတယ်။၁၉၅၈ ခုနှစ်ဖွား ဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူဟာ ၁၀ တန်းအောင်ပြီး တပ်မတော်မှာ ဗိုလ်မှူး အဆင့်ထိ နှစ် ၂၀ ကြာ အမှု ထမ်းခဲ့တယ်။ ဒီနောက် တပ်မတော်က နုတ်ထွက်ခဲ့ပြီး စက်မှု-၁ ဝန်ကြီးဌာနမှာ ၁၀ နှစ် နီးပါး တာဝန် ထမ်းဆောင်ခဲ့တယ် ဆိုရင် အစိုးရဝန်ထမ်း မဟုတ်ဘဲ အရပ်သားအဖြစ် သူ့ရဲ့ နေထိုင်မှုဟာ ၁၀ နှစ် ဝန်းကျင်ပဲ ရှိပါတယ်။သူ ထွက်ခွာခဲ့တဲ့ ပြည်ပ ခရီးစဉ်ဟာ အစိုးရဝန်ထမ်း ဘဝနဲ့ သွားခဲ့သလား ဒါမှမဟုတ် အရပ်သား ဘဝနဲ့ သွားခဲ့သလား ဆိုတာ ထပ်မေးရမှာ ဖြစ်ပါတယ်။သူနဲ့ ပတ်သက်ပြီး ပျံ့နှံ့ခဲ့တဲ့ သတင်း အချက်အလက်တွေအရ ဦးဟင်နရီ ဗန်ထီးယူရဲ့ နိုင်ငံကူး လက်မှတ်ဟာ A-321604 ဖြစ်တယ်၊ ၂၀၀၉ ခုနှစ် မတ် ၁၆ ရက်မှာ ထုတ်ပေးခဲ့တယ်။ ၂၀၁၁ ခုနှစ် မေမှာ နယူးဇီလန် နိုင်ငံကို ကလေးတွေနဲ့ အတူ အလည်အပတ် ဗီဇာနဲ့ ထွက်ခွာသွားတယ်။ နယူးဇီလန်ကို ရောက်ချိန်မှာ အလုပ်အကိုင် ဗီဇာပြောင်း လျှောက်ခဲ့တယ်။ ၂၀၁၁ ခုနှစ် သြဂုတ် ၂၉ ရက်မှာ ကင်ဘာရာမှာ ရှိတဲ့ မြန်မာ သံရုံးက ဦးဟင်နရီ ဗန်ထီးယူကို နိုင်ငံကူး လက်မှတ် M-413428 ကို ပြောင်းလဲ ထုတ်ပေးခဲ့တယ်။ ဗီဇာ သက်တမ်းက ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်မှာ ကုန်ဆုံးမယ် စတဲ့ အချက်တွေ ဖြစ်ပါတယ်။ဒါ့အပြင် ဦးဟင်နရီ ဗန်ထီးယူနဲ့ ဇနီး၊ ကလေး သုံးဦးဟာ ၂၀၁၄ ခုနှစ် မတ် ၄ ရက်မှာ ဗီဇာသက်တမ်းတိုး လျှောက်ခဲ့တယ်။ သက်တမ်းတိုး လျှောက်ချိန်မှာ ကလေးတွေက နယူးဇီလန်နိုင်ငံ၊ Dunedin မြို့၊ Logan Park အထက်တန်းကျောင်းနဲ့ Gorge Street၊ Normal ကျောင်းမှာ တက်နေတယ်ဆိုတဲ့ အထောက်အထား ဖော်ပြတယ်လို့ ဆိုပါတယ်။ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဦးဟင်နရီ ဗန်ထီးယူက ဘာမှ ဖြေရှင်းခဲ့တာ မရှိသလို ဒုတိယ သမ္မတ ရွေးချယ်ခံရပြီး နောက်ပိုင်းမှာလည်း လွှတ်တော် တက်ရောက်ခြင်း မရှိတော့ပါဘူး။သူဟာ နယူးဇီလန်မှာ တကယ်ပဲ အလုပ်လုပ်ရင်း ခြောက်နှစ်ကြာ နေထိုင်ခဲ့သလား။ နိုင်ငံခြား ပညာတော်သင် သွားတဲ့ ဇနီးသည်နောက် လိုက်ပါရင်း ကလေးတွေကို ဘယ်က ဝင်ငွေနဲ့ ကျောင်းထားခဲ့သလဲ။ NLD ပါတီကို ဘယ်အချိန်မှာ စတင် ဝင်ရောက်ခဲ့သလဲ။ ကိုယ်ရေး ရာဇဝင်မှာ ပြည်ပ ခရီးစဉ် မရှိဘူးလို့ ဘာကြောင့် ထိမ်ချန် ဖော်ပြခဲ့သလဲ ဒီမေးခွန်းတွေကို ဖြေဖို့ လိုပါတယ်။ ဒါဟာ ဦးဟင်နရီ ဗန်ထီးယူနဲ့ ပတ်သက်ပြီး မပြီးပြတ်သေးတဲ့ ကိစ္စ ဖြစ်ပါတယ်။တကယ်လို့ ဦးဟင်နရီ ဗန်ထီးယူကို ဒုတိယ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ပြီးမှ လွှတ်တော်က အရေးယူမယ် ဆိုရင် တပ်မတော်ဘက်က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့ ဦးမြင့်ဆွေကိုလည်း အရည်အချင်းနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ ပြန် စိစစ်ရမှာပါ။ 
■ ချင်းပြည်နယ်က ဇာတ်လမ်း တစ်ပုဒ်အမှန်တကယ် ဖြစ်ခဲ့တယ် ဆိုရင် ကိုယ်ကျင့်တရား စံနှုန်း ကျိုးပျက်မှု အဖြစ် မှတ်ယူနိုင်စရာ ရှိတဲ့ ဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။NLD အစိုးရသစ် လက်ထက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကို ကိုင်တွယ်ဖို့ သတင်းပြေးနေတဲ့ သူရဦးအောင်ကိုရဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။သူရဦးအောင်ကိုက ချင်းတိုင်းရင်းသူ ဆရာမ တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့ဖူးတယ် ဆိုတဲ့ စွပ်စွဲချက် တစ်ခု ထွက်ပေါ်လာပါတယ်။ကနေဒါမှာ မှတ်ပုံတင်ထားတဲ့ ချင်းလူ့အခွင့်အရေး အဖွဲ့ (Chin Human Rights Organization) ရဲ့ ၂၀၀၈ ခုနှစ် ဇွန်လ ထုတ်ပြန်ချက်မှာ ဒါကို ဖော်ပြထားတာပါ။သူရဦးအောင်ကိုနှင့် ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ၂၀၀၈ ခုနှစ် ဇွန်လ၌ ဖော်ပြခဲ့သည့် မှတ်တမ်း
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လူထု ဆန္ဒခံယူပွဲ အတွက် သာသနာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးအဖြစ် ကန်ပက်လက်မြို့နယ် အတွင်း စည်းရုံးရေး ဆင်းချိန်မှာ ဒီဖြစ်စဉ် ပေါ်ပေါက်ခဲ့တာလို့ CHRO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ဖော်ပြချက်မှာပဲ သူရဦးအောင်ကိုအား ဒေသဆိုင်ရာ အာဏာပိုင်တွေက ဧည့်ခံပွဲ ပြုလုပ်ပေးခဲ့ပြီး ဒီပွဲ အပြီးမှာပဲ သူက ကျောင်းဆရာမ တစ်ဦးကို အဓမ္မ ပြုကျင့်ပြီး တစ်ည အိပ်စေခဲ့တယ်လို့ ဆိုပါတယ်။စစ်အာဏာရှင် အစိုးရ လက်ထက်မှာ ဖော်ပြခဲ့တဲ့ အဲဒီ ဖြစ်စဉ်ဟာ ဖြစ်နိုင်ဖွယ် အနေအထား ပုံစံမျိုးပဲ ဖြစ်ပြီး သေချာမှု မရှိပါဘူး။ မီဒီယာမှာ တက်လာတာ မဟုတ်ဘဲ အဖွဲ့အစည်း တစ်ရပ်က ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် သေချာမှု ပြောဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ အဲဒီ စွပ်စွဲချက် ထပ်ပေါ်လာခဲ့ရင်တော့ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို သူရဦးအောင်ကိုဘက်က ပြောပြဖို့ လိုပါတယ်။ ဦးသန်းမြင့်၊ ဦးကျော်ဝင်းနဲ့ သူရဦးအောင်ကိုတို့နဲ့ မတူတဲ့ နောက်ထပ် နှစ်ဦး ပြဿနာက ပိုပြီး ရှုပ်ထွေးသလို ရှင်းဖို့ မလွယ်ပါဘူး။ 
■ သီရိပျံချီ ဦးသိန်းဆွေသီရိပျံချီဘွဲ့ ရထားတဲ့ ဦးသိန်းဆွေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)ရဲ့ ဗဟို အကြံပေး၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်၊ ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်၊ သြဂုတ်လ ပြည်ခိုင်ဖြိုး ပါတီရဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲ ဖယ်ရှားခံရသူ စာရင်းထဲ ပါဝင်ခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ၂၀၁၂ ခုနှစ် ပြည်ခိုင်ဖြိုးပါတီ ဖွဲ့စည်းမှုမှာ ပါတီဗဟို အတွင်းရေးမှူး ဖြစ်ပါတယ်။နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်မှာ ပို့ဆောင်ရေးဝန်ကြီး တာဝန် ယူခဲ့တဲ့ ဦးသိန်းဆွေကို NLD ဦးဆောင်တဲ့ အစိုးရက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ပေးမယ်လို့ သတင်းထွက်နေပါတယ်။ဦးသိန်းဆွေကို အစိုးရ အဖွဲ့သစ်မှာ နေရာပေးတာ ပြဿနာ  မဟုတ်ပေမယ့် တာဝန်ယူမယ့် ဝန်ကြီးဌာနနဲ့ ချိတ်ဆက် စဉ်းစားရင် ပြဿ နာ ဖြစ်နေပါတယ်။ပြည်ခိုင်ဖြိုး ပါတီရဲ့ ရခိုင်ပြည်နယ် စည်းရုံးရေး တာဝန်ခံ တစ်ဦး ဖြစ်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ဆက် အနိုင်ရခဲ့တဲ့ ဦးသိန်းဆွေဟာ ရခိုင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် တာဝန်ရှိသူ ဖြစ်ပါတယ်။ပြည်ခိုင်ဖြိုး ပါတီဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နိုင်ငံသား မဟုတ်ဘဲ ဝှိုက်ကတ် ကိုင်ဆောင်သူ ဘင်္ဂါလီ ငါးသိန်းကျော်ကို ပြည်ခိုင်ဖြိုး ပါတီအတွက် မဲထည့် စေခဲ့တယ် ဆိုတဲ့ အခိုင်အမာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ပြည်ခိုင်ဖြိုး ပါတီကို မဲပေးမယ်ဆိုရင် ဝှိုက်ကတ် ကိုင်ထားသူတွေကို နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးမယ် ဆိုတဲ့ ကတိပြု မဲဆွယ်မှုတွေလည်း ရှိခဲ့ပါတယ်။၂၀၁၅ ပြည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း အမ်းမြို့နယ် ဒေသခံတွေကို ဖိအားပေးပြီး ပြည်ခိုင်ဖြိုးကို မဲထည့်ခိုင်းတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာကိုလည်း အမ်းမြို့နယ် မဲဆန္ဒနယ်မှာ ဝင်ပြိုင်ခဲ့တဲ့ NLD လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ပြောခဲ့ဖူးပါတယ်။ဒီအချက်တွေကပဲ အလုပ်သမားနဲ့ လဝက ဝန်ကြီး တာဝန်ယူမယ့် ဦးသိန်းဆွေအတွက် မေးစရာ ဖြစ်လာတာပါ။ ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့် ပြုခဲ့တာ၊ ဘင်္ဂါလီတွေ လွှတ်တော်အမတ် ဖြစ်ခဲ့တာ၊ ခန့်မှန်းခြေ အနည်းဆုံး လူဦးရေနှစ်သန်းအထက်မှာ ရှိနေတဲ့ တရုတ်တွေ နိုင်ငံသား မှတ်ပုံတင် အလွယ်တကူ ကိုင်ဆောင်ခွင့် ရခဲ့တာ၊ ရွေးကောက်ပွဲ နှစ်ခုလုံးမှာ အဲဒီ တရုတ်တွေ မဲပေးခွင့် ရခဲ့ပြီး အဲဒီ ဒေသတွေမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေပဲ အနိုင်ရခဲ့တာတွေဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီ လက်ထက်မှာ ဖြစ်ခဲ့တာပါ။နောက်ပြီး ပို့ဆောင်ရေး ဝန်ကြီး တာဝန် ယူထားချိန် ဗိုလ်ချုပ် ဘဝမှာ သိမ်းယူခဲ့ဖူးတဲ့ မြေကွက်တွေ ကိစ္စတွေ ရှိနေပါသေးတယ်။၂၀၁၅ ခုနှစ် မတ် ၃၀ ရက်က ဧရာဝတီ မြန်မာပိုင်း သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ သတင်း တစ်ပုဒ် အရ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာ အုပ်စုမှာ ရှိတဲ့ မြေဧက ၅၀ ကျော်ကို ဦးသိန်းဆွေ သိမ်းယူခဲ့ဖူးတယ်လို့ သိရပါတယ်။စာဘူးတောင် ကျေးရွာ အုပ်စု၊ အင်ကြင်းကွင်း ကျေးရွာ အနီး ကွင်းအမှတ် ၁၀၀၆ ကျေးရွာပိုင်မြေ ၈၅ ဧကမှာ ဧက ၅၀ ကျော်ကို ၂၀၀၁-၂၀၀၂ မှာ ဦးသိမ်းဆွေက သိမ်းယူခဲ့တာလို့ ဒေသခံတွေ ပြောပါတယ်။မြေ သိမ်းယူမှုနဲ့ ပတ်သက်ပြီး ဦးသိန်းဆွေ ဘက်က ဖြေရှင်းမှုတွေ လုပ်ရပါဦးမယ်။ ပြည်သူတွေကို နှိပ်စက်ခဲ့သူတွေ ပြည်သူ့ အစိုးရမှာ မပါသင့်ပါဘူး။အရေးကြီးဆုံးက လူဝင်မှု ကြီးကြပ်ရေး ပြဿနာကို ရင်ဆိုင်နေရတဲ့ တိုင်းပြည် တစ်ခုမှာ နိုင်ငံသား မဟုတ်သူတွေ နိုင်ငံသား အခွင့်အရေး ရစေဖို့ အခွင့်အရေး ပေးခဲ့တဲ့ ပါတီ တစ်ခုက လူကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး တာဝန် ပေးမယ်ဆိုရင် ပြဿနာတွေ ရှိလာနိုင်ပါတယ်။ဒါ့အပြင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပကို ရောက်ရှိခဲ့ရပြီး မလွှဲသာလို့ ပြည်ပနိုင်ငံသား ဘ၀ ခံယူခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ၊ ဒီမိုကရေစီ အင်အားစုဝင်တွေ ပြည်ဝင်ခွင့် ကိစ္စ၊ နိုင်ငံသား ပြန်လျှောက်ထားမှု ကိစ္စတွေမှာ အခက်တွေ့စရာတွေ ဖြစ်လာနိုင်ပါတယ်။ 
■ ဦးခင်မောင်ချိုနဲ့ S သုံးလုံး ကုမ္ပဏီ  ဦးခင်မောင်ချိုက NLD အစိုးရသစ် လက်ထက်မှာ စက်မှုဝန်ကြီး တာဝန် ယူမယ်လို့ သတင်း ပြေးနေပါတယ်။ စက်မှု-၂ ဝန်ထမ်းဟောင်း ဖြစ်တဲ့ သူဟာ မန္တလေးတိုင်း၊ မိတ္ထီလာဇာတိ ဖြစ်ပြီး Super Seven Star (SSS) Motors Industry ကုမ္ပဏီမှာ Executive Engineer (စက်ရုံမှူး) တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူ့ဇနီးဟာလည်း လက်ရှိ စက်မှုဝန်ကြီးဌာနရဲ့ ဝန်ထမ်း ဖြစ်ပါတယ်။ ဒီအချက်က သူသာ စက်မှုဝန်ကြီး ဖြစ်မယ်ဆိုရင် အကျိုးစီးပွားအရ ထိပ်တိုက်တိုးမှု (Conflict of Interest) ဖြစ်မှာပါပဲ။သူနဲ့ ပတ်သက်ပြီး ငွေကြေး အလွဲသုံးစားမှု၊ အမျိုးသမီး ကိစ္စတွေနဲ့ ဝန်ထမ်း ဘဝမှာ စုံခုံဖွဲ့ စစ်ဆေးခံရပြီး ရာထူးက ထုတ်ပယ်ခံရတယ် ဆိုတဲ့ ပြောဆိုချက်တွေ ရှိပေမယ့် အတည် မပြုနိုင်ပါဘူး။ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စီးပွားရေး လောကမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်သောင်းတို့နဲ့ ရင်းနှီးမှု ရှိတယ်လို့ ဆိုကြတဲ့ SSS ကုမ္ပဏီ၊ ဒီကုမ္ပဏီရဲ့ အခွန် တိမ်းရှောင်မှု၊ ဥပဒေ ချိုးဖောက်ပြီး ကားတင်သွင်းမှုတွေမှာ ဦးခင်မောင်ချို ပါဝင် ပတ်သက်ခဲ့တာကို ငြင်းလို့ မရပါဘူး။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌ တာဝန်ယူချိန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ MIC ကနေ SSS ကုမ္ပဏီကို သုံးနှစ်အတွင်း ကားအစီးရေ ၄၅၀၀ တင်သွင်း ထုတ်လုပ်ခွင့် ပေးပါတယ်။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေးလိုက်တဲ့ အတွက် အစီးရေ ၄၅၀၀ စလုံးကို အခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့် ရခဲ့ပါတယ်။ဒီလို ခွင့်ပြုရာမှာ ကိုရီးယား နိုင်ငံထုတ် KIA ကား အမျိုးအစားတွေထဲက Optima အစီး ၁၅၀၀၊ Sportage အစီး ၁၅၀၀၊ Sorento အစီး ၁၅၀၀၊ စုစုပေါင်း ၄၅၀၀ တင်သွင်းခွင့် ပြုလိုက်တာပါ။ဒါပေမဲ့ တင်သွင်းခွင့် ပြုခဲ့တဲ့ စနစ်က SKD စနစ်လို့ ခေါ်တဲ့ Semi Knocked Down စနစ်နဲ့ တင်သွင်းပြီး ဒီနိုင်ငံမှာ ပြန်လည်တပ်ဆင် ထုတ်လုပ်ခိုင်းတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီအခါမှာ SSS ကုမ္ပဏီက ခွင့်ပြုပေးထားတဲ့ SKD စနစ်ကို ချိုးဖောက်ပြီး အစီးလိုက် နီးပါး တင်သွင်းခဲ့တဲ့ အလွဲသုံးစားမှု ဖြစ်စဉ် ပေါ်ခဲ့ပါတယ်။ 
■ ဘယ်လို အလွဲသုံးစားမှု ဖြစ်ခဲ့လဲကားတင်သွင်း ထုတ်လုပ်တဲ့ နေရာမှာ CKS စနစ်၊ SKD စနစ်၊ CBU စနစ်ဆိုပြီး ခွဲခြားထားပါတယ်။CKS (Complete Knocked Down) စနစ် ဆိုတာက ပုံစံထုတ်၊ ဝရိန်တို့၊ ဆေးမှုတ်တာကအစ နောက်ဆုံး ထုတ်လုပ်စမ်းသပ် မောင်းနှင်ပြီးတဲ့အထိ အစိတ်အပိုင်းတွေပဲ တင်သွင်းပြီး ထုတ်လုပ်ရတဲ့ စနစ် ဖြစ်ပါတယ်။ပုံစံထုတ်၊ ဝရိန်တို့၊ ဆေးမှုတ်ပြီးတဲ့ အစိတ်အပိုင်းတွေကို တစ်စိတ်တစ်ပိုင်းချင်း တင်သွင်းပြီးမှ ပြန်တပ်ဆင် ထုတ်လုပ်ရတဲ့ စနစ်က SKD (Semi Knocked Down) စနစ် ဖြစ်ပါတယ်။CBU (Complete Build Unit) စနစ်က (လက်ရှိ ကားတင်သွင်း စီးနင်းနေတဲ့ စနစ်) အသင့်စီး ကားအစီးလိုက် တင်သွင်းတဲ့ စနစ် ဖြစ်ပါတယ်။SSS ကုမ္ပဏီကို တင်သွင်းခွင့် ပြုလိုက်တဲ့ SKD စနစ်မှာ သတ်မှတ်ချက် ကိုးချက် ရှိပါတယ်။အင်ဂျင်နဲ့ ဂီယာ အတွဲလိုက် တစ်ပိုင်း၊ ရှေ့နောက် ဝင်ရိုးတွေက တစ်ပိုင်း၊ စတီယာရင်စနစ် တစ်ခုလုံးက တစ်ပိုင်း၊ တံခါးနဲ့ ခုံတွေက တစ်ပိုင်း၊ ဘီးနဲ့ တာယာတွေက တစ်ပိုင်း၊ ရှေ့နောက် လေကာမှန်တွေက တစ်ပိုင်း (မှန်တွေကို ကိုယ်ထည်မှာလည်း တပ်ဆင်လာခွင့် ရှိပါတယ်)၊ ကားအောက်ပိုင်း စနစ်က တစ်ပိုင်း၊ အိတ်ဇော စနစ်က တစ်ပိုင်း၊ ကားကိုယ်ထည်မှာ မီတာများ၊ ဝိုင်ယာကြိုးများ၊ လျှပ်စစ်စနစ်များ၊ အတွင်းခန်း မျက်နှာကြက်နဲ့ အခင်းများ တင်ဆင်ပြီး စနစ်များက တစ်ပိုင်း စသဖြင့် အပိုင်းလိုက် တင်သွင်းပြီး ပြည်တွင်းမှာ ပြန်လည်တပ်ဆင် ထုတ်လုပ်ရမှာပါ။ဒါပေမဲ့ SSS ကုမ္ပဏီက သတ်မှတ်ချက်တွေကို မလိုက်နာဘဲ အစိတ်အပိုင်း အချို့ကိုပဲ ဖြုတ်ပြီး ကားတွေ တင်သွင်းခဲ့တယ်၊ ပြည်တွင်း ရောက်ချိန်မှာ ပြန်တပ်ပြီး ရောင်းတာ လုပ်ခဲ့တဲ့ အတွက် ၂၀၁၅ ခုနှစ် ဇူလိုင် ၉ ရက်မှာ တာဝန်ရှိ အဖွဲ့စုံက ဆိပ်ကမ်းကို ဝင်စစ်ခဲ့ပါတယ်။ဒီလို ဝင်စစ်တဲ့အချိန် ရောက်မှ SSS ကုမ္ပဏီက တင်သွင်းတဲ့ ကားတွေဟာ ခုံနဲ့ တံခါးတွေကို ကားကိုယ်ထည်နဲ့ တစ်ပါတည်း တပ်ဆင်ထားတယ်၊ စတီယာရင်ကိုလည်း အပြီး တပ်လာတယ်၊ ကားကိုယ်ထည်မှာလည်း နံပါတ်တွေ ရိုက်ထားပြီး SKD စနစ်နဲ့ မညီဘဲ (ကားလောက အခေါ်) အစီးလိုက် နီးပါး တင်သွင်းတဲ့ ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ပိုဆိုးတဲ့ အချက်က ခွင့်ပြုချက်ထဲမှာ မပါတဲ့ ကားအမျိုးအစားတွေကိုပါ တင်သွင်းခဲ့တာပါ။ MIC က SSS ကုမ္ပဏီကို တင်သွင်းခွင့် ပြုတဲ့ အခါ Optima၊ Sportage၊ Sorento အမျိုးအစား သုံးမျိုးကိုပဲ SKD စနစ်နဲ့ တင်သွင်းခွင့် ပြုပေမယ့် ဒီအမျိုးအစားတွေ အပြင် ခွင့်ပြုမှုထဲ ပါဝင်ခြင်း မရှိတဲ့ Rio နဲ့ Carens အမျိုးအစားတွေပါ တင်သွင်းခဲ့တာကို စစ်ဆေးနေဆဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေပါခွင့် ပြုချက်ကို ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ 
■ ကျပ်ငွေ ဘီလျံ ၂၀ နစ်နာမှုSSS ကုမ္ပဏီရဲ့ ချိုးဖောက်မှုကို စစ်ဆေးတဲ့ အဖွဲ့နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက သူတို့ရဲ့ စစ်ဆေး တွေ့ရှိချက်ကို အစိုးရဆီ တင်ခဲ့ပါတယ်။SSS ရဲ့ တင်သွင်းမှုဟာ SKD စနစ်နဲ့ မကိုက်ညီဘဲ တစ်စီးလုံး နီးပါး တင်သွင်းတာ ပေါ်ပေါက်တဲ့ အတွက် အခွန် ပြန်ကောက်ဖို့ အစိုးရက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ဒါပေမဲ့ အခွန် ပြန်ကောက်တာက ဆိပ်ကမ်းကို ရောက်နေတဲ့ ကား ၃၀၆ စီး အပေါ်မှာပဲ ပြန်ကောက်ပြီး အရင်က လိုင်စင် ရပြီး တင်သွင်းခဲ့တဲ့ ၆၃၂ စီး အပေါ်မှာ (၂၀၁၅ ခုနှစ် ဇူလိုင်အထိ) အခွန် ပြန်မကောက်ခဲ့ ပါဘူး။ ပိုဆိုးတာက အခွန် ပြန်ကောက်ဖို့ အစိုးရက ညွှန်ကြားပြီးတာတောင် အဲဒီ ၃၀၆ စီးကို အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ပဲ ပြန်ကောက်ခဲ့ပြီး ကညနက ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ကြေး မကောက်ဘဲ ကင်းလွတ်ခွင့် ပေးလိုက်တယ်လို့ ကားလောကထဲကနေ ပြန်ကြားပါတယ်။ ဒီအတွက် တရားဝင် သတင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ဒီအတွက် နိုင်ငံတော် အနေနဲ့ လက်တွေ့ မိခဲ့တဲ့ ၃၀၆ စီး အပေါ်မှာပဲ အကောက်ခွန်နဲ့ ကုန်သွယ် လုပ်ငန်းခွန် ရခဲ့ပြီး အရင်က လိုင်စင် ရပြီး တင်သွင်းခဲ့တဲ့ ၆၃၂ စီး အပေါ်မှာ အခွန် လုံး၀ မရခဲ့တာကြောင့် အခွန်ငွေ ကျပ်ဘီလျံနဲ့ချီ နစ်နာမှု ဖြစ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့ CIF တန်ဖိုးအရ ဆိုရင် Optima က အမေရိကန် ဒေါ်လာ ၂၂၀၀၀၊ Sportage က အမေရိကန် ဒေါ်လာ ၂၂၅၀၀ သတ်မှတ်ပါတယ်။ အဲဒီ အထဲမှာ တန်ဖိုး အနည်းဆုံး ဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၂၂၀၀၀ တန် Optima တစ်စီးရဲ့ အခွန်နဲ့ပဲ တွက်ချက် ကြည့်ပါမယ်။အမေရိကန်ဒေါ်လာ ၂၂၀၀၀ Optima တစ်စီးကို အခွန်ကောက်မယ် ဆိုရင် အင်ဂျင် ပါဝါ (၂၄၀၀ စီစီ အတွက်) တစ်စီး အတွက် အမေရိကန် ဒေါ်လာ ၃၁၁၆၆ နီးပါး ကျသင့်ပါမယ်။ အစီး ၆၃၂ စီးအတွက် ဆိုရင် အခွန် ပမာဏ အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး (ကျပ် ဘီလျံ ၂၀) အထိ နိုင်ငံတော်က အခွန်ငွေ နစ်နာ သွားပါတယ်။SSS ကုမ္ပဏီနဲ့ ပတ်သက်ပြီး ၂၀၁၅ ခုနှစ် အတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတင် မကဘဲ Super Custom တင်သွင်းမှု ကိစ္စမှာလည်း မေးခွန်းထုတ်စရာတွေ ရှိခဲ့ပါတယ်။အရင်ကလည်း စက်မှုဇုန်ထုတ် ဆိုပြီး Super Custom ကားတွေကို အလုံးလိုက် သွင်းပြီး ပြည်တွင်းထုတ်လို့ ပုံမှားရိုက် မြင်မကောင်းအောင် လုပ်ခဲ့တဲ့ ပြည်တွင်းက ကားထုတ်တဲ့ ကုမ္ပဏီတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး Alphard လို ကားမျိုးကိုတောင် စက်မှုဇုန်ထုတ် ဆိုပြီး လုပ်တဲ့အထိ အတင့်ရဲခဲ့ကြပါတယ်။SSS ကုမ္ပဏီဟာ Super Custom တွေကို စက်မှုဇုန်ထုတ် အဖြစ် လုပ်ခဲ့တဲ့ ကုမ္ပဏီတွေထဲမှာ ပါခဲ့ပြီး တိုယိုတာ Super Custom အစီးပေါင်း များစွာကို ပြည်တွင်းစက်မှုဇုန် ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်သလို ကားအရောင်းပြပွဲတွေမှာတောင် ပါဝင်ပြသ ရောင်းချခဲ့ဖူးပါတယ်။      
■ ဘယ်လို အခွင့်ထူး ရခဲ့သလဲစက်မှုဝန်ကြီး ဖြစ်မယ် ဆိုတဲ့ ဦးခင်မောင်ချိုက SSS ကုမ္ပဏီမှာ မန်နေဂျာအဆင့် ဖြစ်တယ် ဆိုရင် ဥပဒေကို ချိုးဖောက်ခဲ့တဲ့ အလွဲသုံးစားမှု ဖြစ်စဉ်က ရုန်းထွက်လို့ ရနိုင်ပါသေးတယ်။ဒါပေမဲ့ ကုမ္ပဏီရဲ့ Executive Engineer (စက်ရုံမှူး)၊ အင်ဂျင်နီယာ ဖြစ်တဲ့ အတွက်ကြောင့် ကုမ္ပဏီရဲ့ စီမံ ခန့်ခွဲမှု၊ လုပ်ဆောင်မှု အပိုင်းမှာ ပါဝင် ပတ်သက် နေပါပြီ။ သူ့အနေနဲ့ ရှောင်လွှဲလို့ မရတော့ပါဘူး။SSS ကုမ္ပဏီနဲ့ ပတ်သက်ရင် မပြီးပြတ်သေးတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မေးခွန်းတွေလည်း ရှိနေပါတယ်။ခွင့်ပြုထားတဲ့ စနစ်နဲ့ ကိုက်ညီမှု မရှိဘဲ တင်သွင်းမှု၊ ခွင့်ပြုထားတဲ့ အမျိုးအစား အပြင် အခြား အမျိုးအစား တင်သွင်းမှုတွေ တိတိကျကျ ပေါ်ပေါက်ပါလျက် လုပ်ထုံးလုပ်နည်းအတိုင်း ပစ္စည်းသိမ်းခြင်း၊ ဒဏ်ကြေး တပ်ရိုက်ခြင်း မပြုခဲ့ဘဲ (မပြုခဲ့ဘဲ) အခွန် ပြန်ကောက်ခြင်း တစ်ခုတည်းသာ လုပ်ခဲ့တယ် ဆိုရင် ဘာကြောင့် ပစ္စည်းသိမ်း၊ ဒဏ်ရိုက်မှု မပြုလုပ်ခဲ့ ကြသလဲ။၃၀၆ စီး အပေါ်မှာ ကနဦး မှတ်ပုံတင်ကြေး ကင်းလွတ်ပေးမှု ရှိ၊ မရှိနဲ့ ရှိခဲ့တယ် ဆိုရင် ဘာကြောင့် ကင်းလွတ်ခွင့် ပေးခဲ့ပါသလဲ။၃၀၆ စီးကို အခွန် ပြန်ကောက်တဲ့ အခါ သတ်မှတ် CIF တန်ဖိုးပေါ်မှာ ကောက်ခဲ့သလား ဒါမှမဟုတ် SSS ကုမ္ပဏီက လိုင်စင်မှာ ပြထားတဲ့ ဈေးနည်းနည်း အပေါ်မှာပဲ ကောက်ခဲ့သလား။SSS ကုမ္ပဏီရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားတာကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါလျက် ဘာကြောင့် အမည်ပျက် (Black List) မသွင်းခဲ့တာလဲ။ဒါတွေက မရှင်းလင်းသေးတဲ့ ကိစ္စရပ်တွေ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဘယ်လို အခွင့်ထူး ရခဲ့ပြီး သက်သာခွင့် ရခဲ့သလဲဆိုတာ မေးစရာ ဖြစ်ပါတယ်။အခုချိန်မှာ မရှင်းသေးတဲ့ ကိစ္စတွေနဲ့ မေးခွန်းထုတ်စရာတွေက နောက်အစိုးရအထိ ဆက်ပါနေမယ့် ပုံစံ ဖြစ်ပါတယ်။ဘာကြောင့် ဆိုရင် ဦးခင်မောင်ချို စက်ရုံမှူး၊ အင်ဂျင်နီယာ လုပ်နေတဲ့ SSS ကုမ္ပဏီ ကိစ္စဟာ သတ်မှတ်ချက် ကျော်လွန် အလွဲသုံးစားလုပ်မှု၊ ဥပဒေ ချိုးဖောက်မှု၊ အခွန် တိမ်းရှောင်မှုတွေ အပြင် အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ပါ ဆက်နွှယ်နေနိုင်ပါတယ်။ ဒါကို စုံစမ်း စစ်ဆေးမှု လုပ်တဲ့အခါ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်နေသူက ဝန်ကြီး ဖြစ်နေပြီ ဆိုရင် အစိုးရ အဖွဲ့သစ် ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်လာပါပြီ။အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်ပြီး အဂတိတရား ကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ဖို့ လိုပြီး ထိရောက်စွာ ကိုင်တွယ်မယ်လို့ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဆိုပါတယ်။အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို နှိမ်နင်းမယ်လို့ ခေတ်အဆက်ဆက် အစိုးရတိုင်း ပြောခဲ့တာပါပဲ။ ၁၉၉၇ ခုနှစ်မှာ ဦးသန်းရွှေက လာဘ်မစားကြဖို့ အကြီးအကျယ် လုပ်ခဲ့ပေမယ့် မအောင်မြင် ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရလည်း  လာဘ်ပေး လာဘ်ယူမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မအောင်မြင်ပါဘူး။NLD အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေ ထဲမှာလည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ အခွန်ရှောင်မှု တိုက်ဖျက်ရေးတို့ ပါဝင်ပါတယ်။ ဒီနှစ်ခုကို ပီပြင်အောင် လုပ်ဖို့ ဆိုရင် အစိုးရမှာ ပါဝင်နေသူတွေက ကိုယ့်ကျင့် တရားစံနှုန်း မြင့်မားနေမှ ဖြစ်မှာပါ။        
■ နိုင်ငံရေး သမားများ၏ ကိုယ်ကျင့်တရား  NLD ဦးဆောင်တဲ့ အစိုးရဟာ ပြည်သူ့ အစိုးရ ဖြစ်ပါတယ်။ ပြည်သူ့ အစိုးရဟာ ပြည်သူကို တာဝန်ခံရပါမယ်။ ပြည်သူကို တာဝန်ခံတဲ့ ပြည်သူ့ အစိုးရဆိုရင် ကိုယ်ကျင့်တရား စံနှုန်း (ethical values) တွေကို အလေးထားရမှာ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရ ဆိုရင်တော့ ဒါကို ထည့်ပြောနေစရာ မလိုပါဘူး။ သူတို့က ကိုယ်ကျင့်တရား စံနှုန်းကို ပစ်ပယ်ကြမှာ ဖြစ်ပါတယ်။ပြည်သူကို တာဝန်ခံတဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ အာဏာရှင်တွေနဲ့ မတူအောင် နိုင်ငံရေးသမား ပီသရပါမယ်။ နိုင်ငံရေးသမား ပီသဖို့ဆိုရင် နိုင်ငံရေးသမားတွေ လိုက်နာ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရား စံနှုန်းတွေ ရှိပါတယ်။နိုင်ငံရေးသမား ကိုယ်ကျင့်တရား စံနှုန်း ခြောက်ချက် ရှိပါတယ်။ (၁) အမှန်ကို ပြောဆိုရပါမယ် (၂) တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်၊ (၃) နှစ်ဖက် ရန်ပွဲများရဲ့ အထက်မှာ ရှိနေ ရပါမယ်၊ (၄) ပြည်သူ့ အသံကို နားထောင်ရပါမယ်၊ (၅) လူပုဂ္ဂိုလ်ကို မဟုတ်ဘဲ အဆိုပြုချက်ကိုပဲ ဝေဖန် ရပါမယ် (၆) ကိုယ်မလုပ်ပေးနိုင်တဲ့ ကတိတွေ မပေးရပါဘူး။လက်ရှိ နိုင်ငံရေး နယ်ပယ်မှာ နေရာကြီး ယူမယ့် သူတွေရဲ့ ကိုယ်ကျင့်တရား စံနှုန်းကို ဒီအချက်တွေနဲ့ပဲ တိုင်းတာရမှာပါ။အရေးကြီးတဲ့ နောက်တစ်ချက်က NLD အစိုးရ အဖွဲ့မှာ ပါဝင်နေသူတွေက နိုင်ငံရေး သမားတွေ လိုက်နာရမယ့် ကိုယ့်ကျင့်တရား စံနှုန်းအတိုင်း ကိုက်ညီရမှာ ဖြစ်သလို အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေနဲ့ ကင်းရှင်းပြီး အခွန်ကိစ္စ ကင်းရှင်းသူတွေလည်း ဖြစ်ရမှာပါ။   NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပြည်သူတွေက အခွန်ငွေ လိုလိုလားလား ပေးချင်စိတ် ဖြစ်အောင် တွန်းအားပေးမယ်၊ ပြီးတဲ့အခါ အခွန်ငွေ သုံးစွဲပုံတွေကို လူတွေသိအောင် ထုတ်ပြန်ပေးမယ်လို့ ဆိုထားပါတယ်။ဒီအတိုင်း ဆိုရင် NLD အစိုးရမှာ ပါဝင် ထားသူတွေဟာ အခွန်ကိစ္စ ကင်းရှင်းထားဖို့ လိုပါတယ်။ ဒီလိုမျိုး ကင်းရှင်းထားမှာ ပြည်သူတွေရဲ့ စံနမူပြ ဖြစ်လာမှာပါ။ ဦးခင်မောင်ချို ရဲ့ ပြဿနာဟာ အခွန် တိမ်းရှောင်မှုနဲ့ပါ ဆက်နွှယ်နေပါတယ်။ အခွန် တိမ်းရှောင်မှု၊ ဥပဒေ ချိုးဖောက် အလွဲသုံးစား လုပ်မှုတွေနဲ့ ဆက်နွှယ်နေသူ တစ်ဦးကို ဝန်ကြီးနေရာ ပေးတာနဲ့ ဒါဟာ ပြည်သူတွေအတွက် စံနမူနာပြ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။NLD အစိုးရ တက်လာချိန်မှာပဲ အရင် အစိုးရရဲ့ ဆုံးဖြတ်ခဲ့မှု အရ ဖုန်းခွန် ငါးရာခိုင်နှုန်းကို ပြည်သူတွေ ပေးရပါတော့မယ်။ ဒီလိုမျိုး ပြည်သူတွေဆီက အခွန်ငွေကို ညှစ်ယူချိန်မှာ အုပ်ချုပ်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ခရိုနီတွေဆီက အခွန်ငွေ ဘယ်လို ယူမလဲ။သေချာတာကတော့ NLD အစိုးရမှာ ပါဝင်မယ့် သူတွေဟာ အခွန်ကိစ္စ အရှုပ်အရှင်း မရှိတဲ့ အချက်၊ အခွန်ပေးဆောင်ထားခြင်း ရှိ၊ မရှိ အချက်၊ ဝင်ငွေရလမ်း ဖော်ပြချက်တွေကို ကြိုတင် ဖော်ပြထားရပါမယ်။ ဒါမှသာ ပြည်သူတွေရဲ့ အခွန်ပေးလိုစိတ် ဖြစ်အောင် တွန်းအားပေး နိုင်မှာပါ။အထူးသဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး တာဝန်ယူမယ် ဆိုတဲ့ ဦးကျော်ဝင်း၊ စက်မှုဝန်ကြီး တာဝန်ယူမယ့် ဦးခင်မောင်ချို၊ ဆောက်လုပ်ရေး ဝန်ကြီး တာဝန်ယူမယ့် ဦးဝင်းခိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး တာဝန်ယူမယ့် ဦးအုန်းခိုင်၊ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး တာဝန်ယူမယ့် ဦးသန်းမြင့်၊ ပြန်ကြားရေးဝန်ကြီး တာဝန်ယူမယ့် ဒေါက်တာဖေမြင့်တို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေ၊ မိသားစုပိုင် ဂျာနယ်၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခွန်ပေးဆောင်မှု ဘယ်လောက် ရှိခဲ့တယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားရပါမယ်။  ဒီလို မဟုတ်ဘဲ အခွန်တိမ်းရှောင် ခဲ့သူတွေက ဝန်ကြီး တက်လုပ်ပြီး ပြည်သူတွေဆီက အခွန်ငွေ ညှစ်ယူတာတွေ လုပ်မယ် ဆိုရင် ဒါဟာ နိုင်ငံရေးသမား ကိုယ့်ကျင့်တရား သာမက အခြေခံ ကိုယ်ကျင့်တရား စံနှုန်းတွေကို ချိုးဖောက်တာပါ။အခွန်ငွေနဲ့ ရပ်တည်မယ့် အစိုးရဟာ အခွန်ပြဿနာနဲ့ ကင်းရှင်းဖို့ လိုပါတယ်။ 
■ ရလဒ် သာလျှင် အဓိကNLD အစိုးရကို ဝေဖန်တာ စောလွန်းတယ်၊ အလုပ် မလုပ်ရသေးဘဲ ဝေဖန်တာဟာ အဆိုးမြင် တိုက်ခိုက်တာပဲလို့ ပြောသူတွေ၊ ဝေဖန်နေမယ့် အတူတူ ကိုယ်တိုင် ဝင်လုပ်ပါလား ဆိုတဲ့ သူတွေကို ပြန်ပြောချင်ပါတယ်။ကျွန်တော်တို့က ဂျာနယ်လစ်တွေပါ။ ဝေဖန် ထောက်ပြခြင်း ဆိုတာ ဂျာနယ်လစ်တွေရဲ့ အလုပ် ဖြစ်ပါတယ်။ ဂျာနယ်လစ်တွေရဲ့ လုပ်ရပ် မှန်ခြင်း၊ မှားခြင်းကို ပြည်သူတွေက ဆုံးဖြတ်ပါမယ်။ နိုင်ငံရေး သမားတွေက ဝင်ရောက် ဆုံးဖြတ်ပေးလို့ မရသလို ပါတီ ထောက်ခံသူတွေက ဝင်ပြီး ဆုံးဖြတ်ပေးလို့ မရပါဘူး။ဒီအတိုင်းပဲ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာန လေးခု တာဝန်ယူမယ် ဆိုတာကို ဘာမှ ပြောမှာ မဟုတ်ပါဘူး။ ဒီထက် ပိုယူလို့လည်း ရပါမယ်။ ၁၉၆၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ် ဦးနုဟာ ဝန်ကြီးဌာန ခြောက်ခု ယူခဲ့ပါတယ်။ ဝန်ကြီးဌာန ဘယ်နှစ်ခုပဲ ယူယူ ရလဒ်ကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။နိုင်ငံရေးသမား တစ်ဦး၊ နိုင်ငံရေးပါတီ တစ်ခုကို အဆုံးအဖြတ် ပေးတဲ့ အခါ ရလဒ် (results) က အဓိက ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ NLD ပါတီရဲ့ ရလဒ်ပိုင်းကို ဘာမှ ဝေဖန် ထောက်ပြခြင်း မလုပ်သေးပါဘူး။ နောင်လာမယ့် ရက် ၁၀၀ အတွင်းမှာ ဝေဖန်ထောက်ပြမှာ မဟုတ်သလို တစ်နှစ်ပြည့်ချိန် အထိလည်း ဘာမှ ပြောဦးမှာ မဟုတ်ပါဘူး။ အခု ဝေဖန် ထောက်ပြနေတာတွေဟာ လုပ်ရပ်ပိုင်းကို ပြောနေတာပါ။ရလဒ်ပိုင်း မဟုတ်တဲ့ လုပ်ရပ်အပေါ် ဝေဖန် ထောက်ပြမှုဟာ ဘယ်အချိန်မဆို လုပ်လို့ ရပါတယ်၊ စောသည်၊ နောက်ကျသည် မရှိပါဘူး။ ဒီနေ့ ဖြစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဒီနေ့ ဝေဖန် ထောက်ပြလို့ ရသလို စက္ကန့်ပိုင်း အတွင်း လုပ်ရပ်အပေါ် ထောက်ပြလို့လည်း ရပါတယ်။ ဒါက ဂျာနယ်လစ်တွေရဲ့ တာဝန် ဖြစ်ပါတယ်။ နိုင်ငံတကာ မှာလည်း ဒီအတိုင်းပဲ လုပ်ကြပါတယ်။NLD ပါတီရဲ့ လုပ်ရပ်ပိုင်း အပေါ် ဝေဖန်မှုကို ပြန်ဆန်းစစ်ရင် ဂျာနယ်တွေ အနေနဲ့ အဓိက အချက် သုံးချက်ကို သတိပေးခဲ့ပါတယ်။ပထမ အချက်က အငြင်းပွား ဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန် ပေးခဲ့တာပါ။ ဒုတိယ အချက်က ဒုတိယ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ ဦးဟင်နရီ ဗန်ထီးယူ ကိစ္စ ဖြစ်ပါတယ်။ နောက်ဆုံး အချက်က ပြည်ထောင်စု ဝန်ကြီးနေရာ ပေးဖို့ အမည်စာရင်း တင်သွင်းခဲ့သူ တချို့ရဲ့ နောက်ကြောင်း မရှင်းမှု ဖြစ်ပါတယ်။သုံးချက် စလုံးမှာ ဖော်ပြခဲ့ကြတဲ့ ထောက်ပြမှုတွေကို NLD ပါတီက လျစ်လျူရှုခဲ့ ပါတယ်။ သိသာ ထင်ရှားတဲ့ တာဝန်ခံ ဖြေရှင်းမှု မရှိခဲ့ပါဘူး။ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ အရာ ခပ်သိမ်းကို လျစ်လျူ ရှုထားလို့ မရပါဘူး။သမ္မတ ဦးသိန်းစိန် အစိုးရလည်း သူတို့အပေါ် ဝေဖန် ထောက်ပြမှုတွေကို လျစ်လျူ ရှုခဲ့တာပါပဲ။ ငါးနှစ်တာ ကာလ ကုန်ဆုံးသွားချိန် သူတို့ ရရှိခဲ့တဲ့ ရလဒ်က အဖြေ ဖြစ်ပါတယ်။ NLD အနေနဲ့ ဦးသိန်းစိန် အစိုးရလို မဖြစ်ဖို့ နမူနာ ယူစရာ ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်း ပြောရရင် NLD ပါတီရဲ့ လူရွေးချယ်မှုမှာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ပြဿနာ ရှိနေသူတွေ ပါဝင်နေပါတယ်။အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်နဲ့ သူတို့ကို ရွေးချယ်ခဲ့တယ် ဆိုရင်လည်း ခေါင်းစဉ်နဲ့ မညီဘဲ NLD ပါတီဝင် မဟုတ်တဲ့ ရွေးချယ်ခံရသူ အများစုဟာ သူရဦးရွှေမန်း၊ ဦးအောင်သောင်းတို့နဲ့ ဆက်နွှယ်သူတွေပဲ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးလား၊ ဦးရွှေမန်း၊ ဦးအောင်သောင်းတို့နဲ့ ပြန်လည် သင့်မြတ်ရေး လုပ်တဲ့ အစိုးရလား ဆိုပြီး မေးခွန်း ထုတ်မှုတွေ ဖြစ်နေတာပါ။တစ်ဖက်မှာလည်း ဦးရွှေမန်း၊ ဦးအောင်သောင်းတို့နဲ့ ဆက်နွှယ်တဲ့ ပြည်ခိုင်ဖြိုး ပါတီဝင် ဟောင်းတွေ၊ ခရိုနီတွေနဲ့ NLD ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ အကြား ခင်မင် ရင်းနှီးမှုနဲ့ နောက်ကွယ်မှာ တွေ့ဆုံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ဒီလို သတင်းတွေ ထွက်နေချိန်မှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ တိုင်းရင်းသားတွေနဲ့ NLD အကြား အဆင်မပြေ ဖြစ်နေပါတယ်။ တကယ်တော့ NLD ပါတီရဲ့ တိုင်းရင်းသားတွေကို နေရာပေးမှုဟာ ဦးနေဝင်း လက်ထက် မဆလ ခေတ် နိုင်ငံတော် ကောင်စီမှာ နေရာပေးပုံ မျိုးနဲ့ သိပ်မကွာသလို ဦးသိန်းစိန် အစိုးရ လက်ထက် ဒေါက်တာ စိုင်းမောက်ခမ်းကို ဒုတိယ သမ္မတ ပေးပြီး တိုင်းရင်းသားတွေ အပေါ် နှစ်သိမ့်တဲ့ သဘောထားနဲ့ သိပ်မကွာပါဘူး။ဒီအတွက် NLD က ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် နေရာ ပေးခဲ့တဲ့ ဦးတီခွန်မြတ်၊ ဒုတိယ သမ္မတ နေရာပေးခဲ့တာ ဦးဟင်နရီ ဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာ ပေးခဲ့တဲ့ မန်းဝင်းခိုင်သန်း တို့ကို ရွေးချယ်ပုံကို ကြည့်လို့ ရပါတယ်။တစ်ဖက်မှာလည်း ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ပေးပြီးချိန်မှာ ရခိုင်ပါတီတွင်း အကွဲအပြဲတွေ ဖြစ်ခဲ့ပါတယ်။ ပြည်နယ် အစိုးရ အဖွဲ့မှာ ပါဝင်မှာ မဟုတ်ဘူး ဆိုတဲ့ ပြောဆိုမှုတွေ ဖြစ်လာပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကလည်း ပြည်နယ် အစိုးရမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အခု ပြောလာပါပြီ။ တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် မွန်အမျိုးသား ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်သက်လွင်ကို ရွေးချယ်ခဲ့ပေမယ့် ဒီရွေးချယ်မှုမှာ သူတို့ကို အသိပေးခဲ့ခြင်း မရှိဘူးလို့ မွန်အမျိုးသား ပါတီဘက်က ပြောခဲ့ပါတယ်။ဒီအချက်တွေက တိုင်းရင်းသား ပြည်သူ အားလုံး ယုံကြည် အားထားတဲ့ ပြည်သူ့ အစိုးရ ဖြစ်ဖို့ အခက်ကြုံစရာ ဖြစ်ပါတယ်။ 
■ ဘုရားဟောကို နှလုံးသွင်းပါ“လိမ်ဝံ့သောသူ မလုပ်ရဲသော အကုသိုလ်” မရှိ ဆိုတဲ့ ဘုရားဟောအတိုင်း ဆိုရင် ကိုယ်ကျင့်တရား စံနှုန်း ပျက်ယွင်းသူတွေ ပါဝင်နေမယ့် အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်ဖို့ မလွယ်ပါဘူး။နိုင်ငံရေး လျှော်ဖွတ်မှု (Political Laundry) လုပ်ပြီး ကျင့်ဝတ်ပိုင်း အရ ပြစ်ချက် ရှိသူတွေကို နေရာပေးလို့ ရပေမယ့် သမိုင်းကိုတော့ ပြန်ပြင်လို့ မရပါဘူး။လက်ရှိ ဖြစ်နေတဲ့ အကျိုးဆက်တိုင်းရဲ့ အခြေခံဟာ NLD ပါတီရဲ့ သတင်း ထုတ်ပြန်မှု နှောင့်နှေးခြင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ တကယ်လို့များ အစိုးရ အဖွဲ့မှာ ပါဝင်မယ့် သူတွေ စာရင်းကို ကြိုထုတ်ပေးခဲ့မယ်၊ မီဒီယာတွေနဲ့ ပြည်သူတွေရဲ့ အသံကို နားစွင့်ပြီး အချိန်မီ ပြင်ဆင်မှု လုပ်နိုင်ခဲ့မယ် ဆိုရင် ပြည်သူ့ အစိုးရ ဖြစ်ဖို့ အာမခံချက် ပိုရနိုင်ပါတယ်။ဒီလို မဟုတ်ဘဲ အဆိုပြုသူတွေရဲ့ ပြောဆိုချက် တစ်ခုတည်းနဲ့ ရွေးချယ်မှု လုပ်ခဲ့တာ ဖြစ်တဲ့အတွက် လွဲချော်မှုတွေဟာ ရွေးချယ်သူတွေမှာပဲ တာဝန် ရှိပါတယ်။ ရွေးချယ်ခဲ့သူတွေ ကိုယ်တိုင်က မှားယွင်းမှုတွေ ရှိခဲ့သလား၊ ဒါမှမဟုတ် ရွေးချယ်သူတွေ ကိုယ်တိုင် မရိုးသား ခဲ့တာလား မေးခွန်း ထုတ်စရာပါ။ဘယ်လိုပဲ ဖြစ်ဖြစ် ဝန်ကြီးတွေရဲ့ ဂုဏ်သိက္ခာထက် ပါတီရဲ့ ဂုဏ်သိက္ခာ ပိုအရေးကြီးပါတယ်။ ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ နှိုင်းယှဉ်ရင် တိုင်းပြည် ဂုဏ်သိက္ခာကို ဦးစားပေးရမှာပါ။အရာ အားလုံးကို အမှန်တရား အတိုင်း ဆုံးဖြတ်ရမှာ ဖြစ်သလို ဥပဒေ အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သမိုင်းဟာလည်း အမှန်အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။တိုင်းပြည်ဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်ကျော်ခဲ့ရ ပါတယ်။ အစိုးရ အဖွဲ့ ပြောင်းပြီ ဆိုပေမယ့် ခက်ခဲတဲ့ ခရီးလမ်းပေါ်မှာ ရှိနေပါသေးတယ်။ အပြောင်းအလဲဟာ လွယ်လွယ်ကူကူ မဖြစ်နိုင်သေးဘဲ အချိန်မရွေး နောက်ပြန်လိမ့်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ဒီအခြေအနေမျိုးမှာ အမှားကို အမှားနဲ့ တိုက်လို့ မရပါဘူး။ အမှားကို အမှန်နဲ့ပဲ တိုက်လို့ ရပါလိမ့်မယ်။ ဒီအတွက် NLD အစိုးရမှာ ပါဝင်သူတွေဟာ ကိုယ်ကျင့်တရား စံနှုန်း မြင့်မားဖို့ လိုပါတယ်။ ကိုယ်ကျင့်တရား စံနှုန်း မြင့်မားနေမှ သာလျှင် တပ်မတော် အပါအဝင် ကျန်တဲ့ သူတွေကိုပါ စံနမူပြ အဖြစ် စည်းရုံး ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ်ကိုယ်တိုင်က ချွတ်ယွင်းနေလို့ မရပါဘူး။ ကိုယ်ကျင့်တရား စံနှုန်း မြင့်မားတဲ့ အစိုးရကပဲ လက်ရှိ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး တိုင်းပြည်ရဲ့ အပြောင်းအလဲ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် NLD ဦးဆောင်တဲ့ အစိုးရမှာ ကိုယ်ကျင့်တရား စံနှုန်း မြင့်မားသူတွေ ပါဝင်ဖို့ လိုပြီး ဂုဏ်သိက္ခာရှိတဲ့ အစိုးရအဖြစ် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းရင်း ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှာ နှစ်ပေါင်း ၅၄ နှစ် အတွင်း ပထမဆုံး ပေါ်ထွက်လာမယ့် ပြည်သူ့ အစိုးရကို ဒီဆောင်းပါးနဲ့ ကြိုဆိုလိုက်ပါတယ်။

Most Read

Most Recent