"NLD အစိုးရအနေနဲ့ စီးပွားရေးမူဝါဒချမှတ်ရာမှာ ရှေ့အစိုးရကို အများကြီး သင်ခန်းစာ ယူလို့ရတယ်။ လူထုကြိုက်အောင် အများကြီးလုပ်လို့ရတယ်"
တစ်ချိန်က အာရှနိုင်ငံများ အားကျရသော စီးပွားရေးအခြေအနေတစ်ရပ်မှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရမှဖော်ဆောင်သင့်သည့် စီးပွားရေးမူဝါဒအချို့နှင့် ယခင်အစိုးရများလက်ထက် မှားယွင်းခဲ့သည့် စီးပွားရေးမူဝါဒအချို့ကို တစေ့တစောင်းသိရှိနိုင်ရန် ဦးသိန်းစိန်အစိုးရ၏ လူမှုရေးနှင့် စီးပွားရေး အကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ အခွန်ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စီးပွားရေးပညာရှင် ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း-ရန်ကုန်စီးပွားရေးတက္ကသိုလ်) နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
■ မေး - အခုဆိုရင် ဦးသိန်းစိန်အစိုးရလည်း သက်တမ်းငါးနှစ် ပြည့်တော့မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ် တက်ရောက်တော့မှာ ဖြစ်ပါတယ်။ အရင်ဆုံး အစိုးရဟောင်းအပေါ်မှာ ထားရှိတဲ့ ထင်မြင်ချက်တွေနဲ့ အစိုးရသစ်အပေါ်မှာ ထားရှိတဲ့ မျှော်မှန်းချက်တွေကို ပြောပြပေးပါခင်ဗျ။
ဖြေ - ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လမ်း၊ တံတားတွေကတော့ မြင်သာတဲ့ကိစ္စတွေအရ အထိုက်အလျောက် တိုးတက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့လည်း မမြင်သာတဲ့ကိစ္စတွေ၊ အရင်အစိုးရရဲ့ သန့်ရှင်းမှုနဲ့ ပတ်သက်လို့ ကိုယ့်မှာ သက်သေအထောက်အထားတော့ မရှိဘူးပေါ့ဗျာ။ သန့်ရှင်းမှုဆိုတာက လာဘ်လာဘနဲ့ ပတ်သက်ပြီး လူတော်တော်များများက သံသယရှိနေတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်အစိုးရက အမည်းကွက်ဖြစ်ခဲ့တဲ့ကိစ္စကို နောက်အစိုးရလက်ထက်မှာ အမည်းကွက် မဖြစ်တော့ဘူးဆိုရင် အဲဒီတစ်ချက်တည်းနဲ့ တိုင်းပြည်က တော်တော် တိုးတက်သွားနိုင်တယ်လို့ စိတ်ထဲမှာထင်မိတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အဓိကတော့ Corruption ပဲ။ ဒါတွေက တိုင်းပြည်မှာ ခေါင်းဆောင်ပြီး တာဝန်ခံတဲ့သူတွေက ကိုယ့်ကျင့်သိက္ခာ သမာဓိနဲ့ စောင့်ရှောက် ထိန်းသိမ်းဖို့လိုတယ်။ နိုင်ငံရေးသမားက ခေါင်းဆောင်အဖြစ် တာဝန်ယူပြီဆိုရင် ကိုယ်ကျိုးစီးပွား လုံးဝမယူဘူးလို့ ပြောရင်လည်း မမှန်နိုင်ဘူး။ ကိုယ်ကျိုးစီးပွားကို အထိုက်အလျောက်ယူပြီး အများပြည်သူ အကျိုးစီးပွားအတွက် ရှေ့တန်းတင်တဲ့ သိက္ခာ၊ သမာဓိ၊ ကိုယ့်ကျင့်တရားမျိုးရှိရမယ်။ အံ့သြစရာကောင်းတာက မြန်မာအနေနဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် မွှန်းကြပြောကြတယ်။ စိတ်စေတနာလည်း အင်မတန်ရှိတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ လုပ်ငန်းတွေ လုပ်ကိုင်တဲ့နေရာမှာ တချို့နေရာတွေမှာ မြန်အောင်လုပ်တာတွေရှိတယ်။ စစ်တပ်ရဲ့ ဆောင်ပုဒ်ကိုကလည်း မြန်မြန်ဆန်ဆန်လုပ်ဖို့ပဲကို။ စီးပွားရေးကိစ္စရပ်ပဲဖြစ်ဖြစ်၊ တခြား ဘယ်ကိစ္စရပ်ပဲဖြစ်ဖြစ် မြန်မြန်နဲ့ကိစ္စပြီးဖို့ပဲ။ ဒါပေမဲ့ လုပ်ပုံကိုင်နည်းက Simple ဖြစ်ဖို့လိုတယ်။ ကြိုးနီစနစ်ဖြစ်လို့မရဘူး။ သက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင်စွမ်းရှိရမယ်။ တာဝန်လွှဲအပ်မှုတွေလည်း ရှိရမယ်။ အလုပ်တစ်ခုကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်၊ သွက်သွက်လက် လက်လုပ်မယ်ဆိုရင် စီးပွားရေးပဲဖြစ်ဖြစ်၊ ကျန်တဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် တော်တော့်ကို တိုးတက်သွားမယ်လို့ထင်တယ်။ ဥပမာပြောရရင် တာဝန်အရ ဗဟိုဘဏ်ကို ငါးခေါက်လောက်သွားရရင် လေယာဉ်နဲ့သွားတဲ့အခါ သုံးခေါက်လောက်က အချိန်မမှန်ဘူး။ ၆ နာရီ ချိန်းထားရင် ၈ နာရီမှလာတယ်။ လေယာဉ်ပျံအောက်မှာ မီးရထား၊ မီးရထားအောက်မှာ မော်တော်ကားရှိသေးတယ်။ အချိန်မှန်မှန် ဖြစ်ဖို့က စည်းကမ်းပဲ။ အချိန်မမှန်တာဟာ စည်းကမ်းကို မလိုက်နာတာ။ စည်းကမ်းကို လိုက်နာမယ်ဆိုရင် လူကိုလေးစားမယ်။ အချိန်ကိုလေးစားမယ်။ စံတွေကိုလည်း လေးစားမယ်။ စည်းကမ်းမရှိဘူးဆိုရင် အချိန်ကို တန်ဖိုးမထားဘူးပေါ့။ အခုလာမယ့် အစိုးရလက်ထက်မှာ စည်းကမ်းနဲ့ ပတ်သက်ပြီး သေချာလုပ်နိုင်ရင်ကောင်းမယ်။
■ မေး - အခု NLD အစိုးရသစ်ကို လူတွေက မျှော်လင့်ချက်ကြီးတယ်။ နောက်ပြီး စောင့်ကြည့် ဝေဖန်မယ့်သူ တွေလည်းရှိတယ်ဆိုတော့ NLD အနေနဲ့ အာဏာရပြီးတဲ့ အစောပိုင်းအချိန်တွေမှာ ဘာတွေလုပ်သင့်လဲ။
ဖြေ - အစိုးသစ်တစ်ရပ်ဆို နိုင်ငံတော်တော်များများမှာက ရက် ၁၀၀ အတွင်း လိုက်တယ်။ အဲဒီကာလအတွင်း လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ရှေ့အလားအလာ ဘယ်လိုဖြစ်မယ်ဆိုတာကို ခန့်မှန်းကြတယ်။ NLD အစိုးရအနေနဲ့ စီးပွားရေးမူဝါဒချမှတ်ရာမှာ ရှေ့ အစိုးရကို အများကြီး သင်ခန်းစာယူလို့ရ တယ်။ လူထုကြိုက်အောင် အများကြီးလုပ်လို့ရတယ်။ နှစ်ပေါင်းများစွာကြာအောင် အာဏာရှင်တွေရဲ့ အုပ်စိုးမှုကို ခံခဲ့ရတဲ့ ပြည်သူတွေ ဘာကိုကြိုက်တယ်၊ မကြိုက်ဘူးဆို ရွေးကောက်ခံအစိုးရက လွယ်လွယ်လေးသိနိုင်ပါတယ်။ ဥပမာ အဂတိတရား ကင်းစင်အောင်နေမယ်။ တိုင်းပြည်အဆင့်၊ ဝန်ကြီးအဆင့်၊ မိသားစုအဆင့်၊ တစ်ကိုယ်ရေတစ်ကာယ အဆင့်မှာတင် မသမာမှုတွေ ပျောက်မယ်။ အချိန်ကိုလေးစားမယ်။ အလုပ်တွေ လွယ်ကူအောင်လုပ်မယ်ဆိုရင် တိုင်းပြည်က ကာလတိုအတွင်း သိသိသာသာ ပြောင်းလဲနိုင်တယ်။ အခြေခံဆိုတာက အဆင့်တိုင်းနဲ့ နေတယ်။ အဆင့်တိုင်းမှာသာ ဂရုတစိုက်လုပ်မယ်ဆိုရင် သိသိသာသာကြီး တိုင်းပြည်တိုးတက်ဖို့များတယ်။ မြန်မာနိုင်ငံက စင်ကာပူလို ရေလည်း ဝယ်သောက်ရတာ မဟုတ်ဘူး။ ရေလည်း ပေါပေါလောလော ရှိတယ်။ ရေမြေတောတောင်သဘာဝ၊ ရာသီဥတု ရှုခင်း ဘယ်လိုပဲပြောပြော၊ အယ်လ်နီညိုပဲပြောပြော၊ သူများနဲ့စာရင် တော်တော်လေးကောင်းတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လည်း ရှိတယ်။ သတ္တုတွင်းထွက်လည်းရှိတယ်။ ဒါတွေရှိရက်သားနဲ့ တစ်ဖက်က ချို့ယွင်းချက်တွေကြောင့် နည်းပညာ၊ လူတွေလုပ်နိုင်စွမ်း ကျွမ်းကျင်မှုတွေ လိုအပ်ချက်တွေ ရှိနေတယ်။
■ မေး - အရင်အစိုးရလက်ထက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားတယ်ဆိုပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ အကျိုးခံစားခွင့် နည်းပါးခဲ့တာတွေ့ရပါတယ်။ အဲဒီတော့ နိုင်ငံလုံးဆိုင်ရာစီးပွား ရေးပြုပြင်ပြောင်းလဲမှုမှာ NLD အစိုးရအနေနဲ့ ဘာတွေကို ဦးစားပေးသင့်တယ်ထင်ပါလဲ။
ဖြေ - Macro Level ပြောရမယ်ဆိုရင် စိုက်ပျိုးမွေးမြူရေးနဲ့ သစ်တောရှိမယ်။ ဒုတိယအဆင့်က ကုန်ထုတ်လုပ်မှု။ တတိယအနေနဲ့ တော့ ဝန်ဆောင်မှု ကဏ္ဍပေါ့။ အဲဒီကဏ္ဍသုံးခုမှာလည်း လူတော်တော်များများဖြစ်တဲ့ ရာခိုင်နှုန်း ၇၀ လောက်က နယ်မှာရှိနေတယ်။ ဒီလူတွေကလည်း စိုက်ပျိုးရေးနဲ့ အသက်မွေးကြတာ။ ကျန်တဲ့ကဏ္ဍတွေကိုမလုပ်ဘဲ လျှော့ချဖို့ပြောတာမဟုတ်ဘူး။ လယ်ယာကဏ္ဍ တိုးတက်အောင် လုပ်သင့်တယ်။ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတွေလည်း လျှော့မှာမဟုတ်ဘူး။ ဒီကဏ္ဍတွေလည်း တိုးတက်အောင်လုပ်ပြီး ကျွန်တော်တို့အားလုံးရဲ့ စားဝတ်နေရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်အောင် လုပ်ရမယ်။ ကျန်တာတွေလည်း သူ့အပိုင်းနဲ့သူ တိုးတက်အောင်လုပ်မယ်ဆိုရင် ကောင်းတယ်။ လယ်ယာစိုက်ပျိုးရေး မကောင်းကြလို့ ကျွန်တော်တို့ တိုင်းပြည်က လူတော်တော်များများ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြရတာ တကယ်ဝမ်းနည်းစရာကောင်းတယ်။ လူထုက ကိုယ့်တိုင်းပြည် ကောင်းကျိုးအတွက် အလုပ်မလုပ်ရဘဲ သူများတိုင်းပြည် ကောင်းကျိုးအတွက် လုပ်နေရတယ်။ နိုင်ငံတကာဆက်ဆံရေးမှာတော့ ဒီလိုပြောတာ ကောင်းချင်မှကောင်းမယ်။ ပညာရှင်တွေလည်း ဥပမာအားဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ နည်းပညာနဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေ၊ စင်ကာပူမှာဆိုရင် CSO တွေ၊ IT ပညာရှင်တွေအများကြီး။ ဒါတွေကိုယ့်ဆီမှာ လုပ်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။
■ မေး - အရင်အစိုးရအဖွဲ့တုန်းက ယူထားတဲ့ ရာထူးတွေ၊ လုပ်နိုင်စွမ်းတွေနဲ့ အရင်ဖောင်းပွခဲ့တဲ့ ဝန်ကြီးဌာနတွေ အများကြီးကနေ အခုကျစ်ကျစ်လျစ်လျစ်နဲ့ လုပ်မယ်ဆိုရင် ထိထိရောက်ရောက်ဖြစ်ဖို့ ဘယ်လို ကိုင်တွယ်သင့်လဲ။
ဖြေ - စီမံခန့်ခွဲမှု ရှုထောင့်ကနေကြည့်မယ်ဆိုရင် ဗဟိုဦးစီးစနစ်ကိုလျှော့ပြီး အောက်ပိုင်းက လုပ်နိုင်စွမ်းရှိသူကို လုပ်ပိုင်ခွင့်ပေးရမယ်။ Delegation ပေါ့။ တစ်ခုတည်းက ချုပ်ကိုင်ထားမယ် ဆိုရင်လည်း ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဝန်ကြီးဌာန ၃၆ ခုကနေ အခု ၂၁ ခုပဲ ကျန်တယ်။ ကျစ်ကျစ်လျစ်လျစ် လုပ်နိုင်ဖို့ဆိုရင် နေ့စဉ်ပုံမှန်အလုပ်ကို အောက်ခြေကို လွှဲနိုင်၊ တာဝန်ပေးနိုင်ဖို့လိုတယ်။ တိုင်းပြည်မှာ ခေါက်ရိုးကျိုးနေတာက ငွေပေးစနစ်နဲ့ လုပ်တာ။ လာဘ်ပေးမှပဲ လုပ်တယ်။ ငွေမပေးရင် မလုပ်ဘူး။ ကိုယ့်အသိနဲ့ကိုယ်တာဝန်ကို လည်းပဲ လုပ်ကိုင်ခွင့်ပေးရင် ကာယကံရှင်ကိုယ်တိုင်ကပဲ လုပ်ကိုင်နိုင်ရမယ်။ Competance Delegation နဲ့လုပ်မှပဲရမယ်။ တိုင်းပြည်မှာက အမိန့်နဲ့လုပ်၊ ခိုင်းတဲ့အလုပ်လုပ်၊ ကိုယ်ပိုင်ဉာဏ်မသုံးဘဲနဲ့ လုပ်ကြတာ စွဲနေတယ်။ Confidence Crisis ဖြစ်နေတယ်။ တစ်ခုခုဆိုမလုပ်ရဲဘူး၊ အမိန့်ပေးစနစ်နဲ့ လုပ်တာ ခေါက်ရိုးကျိုးနေတယ်။ လုပ်ချင်စိတ်လည်း မရှိဘူး။ လုပ်ပိုင်ခွင့်လည်းမရှိဘူး ဖြစ်နေတယ်။
■ မေး - ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ အရင်ထက်ပိုဝင်တယ်။ ဒါပေမဲ့ ကုန်သွယ်ရေးလိုငွေ များတယ်။ ဘတ်ဂျက်လိုငွေလည်း ရှိခဲ့တယ်။ NLD အစိုးရ လက်ထက်မှာရော ဘယ်လို အခြေအနေတွေဖြစ်မယ်လို့ မျှော်မှန်းထားပါသလဲ။
ဖြေ - ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် တော်တယ်၊ တတ်တယ်။ ငွေအရင်းအနှီးရှိတယ်။ လုပ်ကိုင်ခွင့် ရှိတယ်ဆိုရင် တိုးတက်မယ်။ အဲဒီလိုပဲ တိုင်းပြည်အနေနဲ့ သယံဇာတရှိမယ်။ ကျွမ်းကျင်မှုအနေနဲ့က မပြည့်စုံဘူး။ နိုင်ငံခြား အရင်းအနှီး လိုတယ်။ နည်းပညာ၊ ကျွမ်းကျင်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လိုတယ်။ Foreign Investment ကနေမှ နည်းပညာရမယ်။ MIC မှာ Foreign Direct Investment မှာဆိုရင် တော်တော် အလိမ်ခံရတာများတယ်။ Capital ယူလာတယ်။ သန်း ၄၀၀ လောက်ယူလာပြီး ပြန်ပို့တဲ့အခါကျ အဲဒီလောက် မကတော့ဘူး။ ထိုက်သင့်တဲ့အရင်းအနှီး ယူမလာဘဲ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတယ်။ MIC က ဒါကိုသေချာကြည့်ပြီး လုပ်ရမယ်။ ဝင်ငွေခွန်ရော ကုန်သွယ်ခွန်ပါ ကင်းလွတ်ခွင့်ပေးထားတယ်။ MIC အနေနဲ့ Investment Proposal တစ်ခုလာရင် အကုန်လုံးကို သေချာလေ့လာပြီးမှ ခွင့်ပြုသင့်တယ်။ Foreign Investment က လာတယ်။ ဒါပေမဲ့ စာရင်းပဲပြတယ်။ ဒေါ်လာသန်း ၆၀၀ ရင်းနှီးပါမယ်။ သန်း ၁၀၀၀ ရင်းနှီးပါမယ်။ တကယ်ယူလာတော့ ဒေါ်လာ သန်း၂၀၀၊ ၃၀၀ပဲ။ ဒါကြောင့် သေချာစိစစ်ဖို့လိုတယ်။ NLD အစိုးရလက်ထက်မှာ သေချာပေါက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာမယ်။ ကုန်သွယ်မှုတွေ တိုးလာပါမယ်။ အဲဒီလိုနေရာမှာလည်း သန့် ရှင်းမှုကအရေးကြီးတယ်။ MIC ပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနပဲဖြစ်ဖြစ် သန့်ရှင်းမှုရှိဖို့အရေး ကြီးပါတယ်။
■ မေး - မြန်မာနိုင်ငံရဲ့ ဘဏ်တိုးနှုန်းလို၊ အခွန်နှုန်းလို စီးပွားရေးအတွက် အခြေခံကျတဲ့ နှုန်းထားတွေကိုရော NLD အစိုးရက အလျင်အမြန်ပြောင်းလဲဖို့ လိုအပ်တယ် ထင်ပါသလား။
ဖြေ - အခု တော်တော်များများတိုင်းပြည်တွေ ဥပမာဆိုရင် ဂျပန်ဆိုရင် Negative Interest အတိုးနှုန်းက အနုတ်ပြတယ်။ ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာ Half Percent လောက် One Percent လောက်ပဲရှိတယ်။ ကျွန်တော်တို့ တိုင်းပြည်အတိုးနှုန်းကို အဲဒီလောက်လျှော့ချမယ်ဆိုရင် စုဆောင်းထားတဲ့ငွေလည်း ကျသွားမယ်။ တစ်ဖက်ကလည်း သုံးနိုင်တဲ့ ငွေပမာဏ ကျသွားမယ်။ အဲဒီလိုနှုန်းမျိုးတွေချနိုင်ဖို့က မဖြစ်နိုင်သေးဘူး။ ချနိုင်ဖို့လုပ်မယ်ဆိုရင်လည်း စုဆောင်းငွေလျော့သွားမယ်။ မြန်မာနိုင်ငံအနေနဲ့ ရှိနေတဲ့အတိုးနှုန်းက သိပ်မရိုင်းပါဘူး။ အပြင်လုပ်ငန်းတွေဆိုရင် တစ်လကို သုံးကျပ်တိုး၊ တစ်နှစ်ကို ၃၆ ကျပ်၊ အစိုးရက ဘယ်လောက်လဲဆိုရင် ၈ ဒသမ ၅ ရာခိုင်နှုန်း ဘယ်လောက်သက်သာလဲ။ ချေးချင်ရင်လည်း ၁၄ ရာခိုင်နှုန်းပေးရမယ် ဆိုရင်တောင် တစ်လမှ တစ်ကျပ် ပြား၂၀ပဲ။ ဘဏ်တိုးနှုန်း မြှင့်လိုက်ရင်တော့ အပြင်နဲ့ ခုနကပြောသလို တစ်လကို ငါးကျပ် တစ်နှစ်ကို ၆၀၊ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ၁၈ ရာခိုင်နှုန်းနဲ့ဆိုရင်တောင် ၁ ကျပ်ခွဲပဲရှိတာ။ အတိုးနှုန်း တိုးလိုက်မယ်ဆိုရင် စုဆောင်းငွေ တိုးလာမယ်။ ဒါပေမဲ့ အတိုးနှုန်းက ၁၀ ရာခိုင် နှုန်းရှိမယ်။ ငွေကြေးဖောင်းပွမှုက ၁၂ ရာခိုင်နှုန်း ရှိမယ်ဆိုရင် အတိုးနှုန်းတိုးတာ ဘာမှမထူးဘူး။ ငွေကြေးဖောင်းပွမှုထက် အတိုးနှုန်းက များမှဖြစ်မှာ။ အဲဒီတော့ အတိုးနှုန်း တိုးတိုးလျှော့လျှော့ ငွေကြေးဖောင်းပွမှုနှုန်းကို ချိန်ကြည့်ရမယ်။ အခွန်နှုန်းဆိုရင်လည်း NLD အစိုးရတောင် မတက်သေးဘူး။ အရင်က အခွန်ပေးဆောင်တာနည်းတဲ့၊ အခွန်မဆောင်တဲ့ ကုမ္ပဏီတွေတောင် အခွန်ဆောင်လာကြတာ ကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အခွန်ရရှိဖို့ အရေးပါတာသလို အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်တဲ့ အခွန်နှုန်းထားဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အခုအချိန်မှာတော့ အခွန်ကျသင့်သူတိုင်း အခွန်ဆောင်ဖို့ကိုပဲ ဆက်ပြီးစည်းရုံးရဦး မှာပါ။
■ မေး - NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း သိသိသာသာမြင့်တက်လာမယ်လို့ ယူဆထားလား။
ဖြေ - အရင်အစိုးရလက်မှာ ဂျီဒီပီတိုးတက်နှုန်း ပျမ်းမျှ ရှစ်ရာခိုင်နှုန်းကျော်ရှိတယ်လို့ ပြောတာပေါ့နော်။ တိုး/မတိုး အဓိကကျတဲ့ အကြောင်းရင်းတစ်ခုက သယံဇာတရောင်းချရတဲ့ ငွေတွေသာ Budget အထဲ အကုန်ဝင်မယ်ဆိုရင်ပေါ့။ တိတိကျကျ သက်သေအထောက်အထားတော့ မရှိဘူး။ ဒါပေမဲ့ သယံဇာတ ရောင်းချရတဲ့ငွေတွေက Budget အထဲဝင်မှ ဝင်ရဲ့လား။ တကယ်လို့သာ ဝင်ငွေအကုန်ဝင်မယ်ဆိုရင် GDP က NLD လက်ထက်မှာ ဒီထက်တိုးတက်မှာပဲ။ သက်ဆိုင်ရာ NLD အစိုးရလက်ထက် ဝန်ကြီးတွေအနေနဲ့ အရင်အမှားတွေကို သင်ခန်းစာယူပြီး မမှားအောင် ကိုယ်ကျင့်တရားနဲ့ ထိန်းသိမ်းဖို့လိုပါတယ်။
မေး - ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ဥပမာ NLD အစိုးရအပေါ် မျှော်လင့်ချက်ပေါ့။
ဖြေ - ကျွန်တော့်တစ်ယောက်တည်း မျှော်လင့်ချက်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ မျှော်လင့်တယ်ဆိုတာထက် ယုံကြည်တယ်ပြောရမလား။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုရင် Corruptioin တို့ဘာတို့နည်းသွားမယ်။ ဒေါ်စုကိုယ်တိုင်ပြောထားတာပဲ။ မဟုတ်တာလုပ်ရင် အကူအညီတော့မမျှော်လင့်နဲ့။ ထောင်ဝင်စာပဲ လာတွေ့မယ်ဆိုတာ။ အစိုးရတစ်ရပ် ပြောင်းလဲရင် ဝန်ကြီးတွေကတော့ နမူနာကောင်းတွေ လုပ်ပြနိုင်တာပေါ့။ ကိုယ့်လက်အောက် ဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ထမ်းအဆင့်ဆင့်ကို လုပ်ငန်းတာဝန် ခွဲဝေပေးရမယ်။ အရည်အချင်း မြှင့်တင်ပေးရမယ်။ လှုံ့ဆော်မှုတွေ လုပ်ပေးနိုင်ရမယ်။ အဲဒီလိုဆိုရင် တိုးတက်ဖို့အတွက် အထောက်အပံ့ကောင်းတွေ အများကြီးရမယ်။ စည်းကမ်းတကျ နေနိုင်ဖို့လည်းလိုတယ်။ စင်ကာပူမှာဆိုရင် ကားလမ်းတွေမှာ ဘတ်စ်ကားက ဘယ်အချိန် ဆိုက်မယ်ဆိုရင် အဲဒီအချိန်ပဲ ဆိုက်တယ်။ သူတို့တောင်လုပ်နိုင်ရင် ကျွန်တော်တို့က ဘာလို့မလုပ်နိုင်ရမလဲ။ ဒီလိုအသေးအမွှားလေးတွေကစလို့ Structure ကြီးတစ်ခု ဖြစ်လာအောင် တည်ဆောက်သွားမယ်ဆိုရင် အခြေခိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ်လို့ မျှော်မှန်းပါတယ်။