အခုတလော ‘ကမ့်ဒေးဗစ်’ Camp David အကြောင်း သတင်းတွေထဲမှာ မကြာခဏ တွေ့နေရလို့ အသေးစိတ် သိရအောင် ကမ့်ဒေးဗစ် အကြောင်းကို လေ့လာကြည့်မိပါတယ်။ ကမ့်ဒေးဗစ်ဆိုတာ အမေရိကန် သမ္မတတွေ အနားယူတဲ့ ‘ဆိတ်ငြိမ်ရာ ရိပ်သာ’ တစ်ခုဖြစ်ပြီး မြို့တော် ဝါရှင်တန် ဒီစီရဲ့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ တည်ရှိပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဆောက်လုပ် ပြီးစီးခဲ့ပြီး ၁၉၄၂ ခုနှစ်ရောက်တော့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ ‘ဖရန့်က လင်ဒီရုဇဗဲ့’ က အဲဒီ ဆိတ်ငြိမ်ရာ ရိပ်သာလေးကို အမေရိကန် သမ္မတတွေ အနားယူတဲ့ ရိပ်သာအဖြစ် သတ်မှတ်ပေးခဲ့တဲ့အပြင် ‘ရှန်ဂရီလာ’ Shangri-La လို့လည်း အမည်ပေးခဲ့ပါတယ်။ အဲဒီ ကတည်းက လူတိုင်း နှစ်သက်ကြတဲ့ ‘ရှန်ဂရီလာ’ ဆိုတဲ့ နာမည်လေးကို မွေးဖွားပေးလိုက်တဲ့ ဝတ္ထုကို ပြန်ပြောင်း သတိရသွားခဲ့တာပါ။ အဲဒီ ဝတ္ထုရဲ့ အမည်ကတော့ ‘ပျောက်ဆုံးသွားသော မိုးကုတ်စက်ဝိုင်း’ Lost Horizon ဖြစ်ပါတယ်။ ဒီဝတ္ထုကို အင်္ဂလိပ် စာရေးဆရာ ‘ဂျိမ်းစ်ဟင်လ်တန်’ James Hilton (၁၉၀၀-၁၉၅၄) က ၁၉၃၃ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်ရောက်တော့ အဲဒီ ဝတ္ထုဟာ မူရင်းနာမည်တူနဲ့ပဲ ရုပ်ရှင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး ဇာတ်လမ်းလေးက သမားရိုးကျ မဟုတ်ဘဲ အလွန် ဆန်းကြယ်နေတာကို တွေ့ကြရပါတယ်။အချိန်ကတော့ တရုတ်ပြည်တွင်းစစ်ကြီး အရှိန်မြင့်တက်နေတဲ့ ၁၉၃၅ ခုနှစ် မတ်လမှာ ဖြစ်ပြီး နေရာကတော့ တရုတ်နိုင်ငံထဲက ‘ဘတ်စကူးလ်’ ဆိုတဲ့ မြို့လေးမှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းဟောင်းလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ဝါရင့်သံတမန် ‘ရော့ဘတ်ကွန်ဝေး’ ဟာ ဒီတစ်ခါ အင်္ဂလန်ကို ပြန်ရောက်ရင် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တော့မှာပါ။ အဲဒီလို အင်္ဂလန်ကို မပြန်ခင် အချိန်ကလေးမှာ သူဟာ အထူးတာဝန်တစ်ရပ် ပေးအပ်တာ ခံရပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ ‘ဘတ်စကူး’ မြို့မှာ သောင်တင်နေတဲ့ အနောက်နိုင်ငံသား အယောက် ၉၀ ကို ဘတ်စကူးကနေ ‘ရှန်ဟဲ’ ကို ကယ်ထုတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ လူ ၁၀ ယောက်လောက်ပဲ တင်ဆောင်နိုင်တဲ့ လေယာဉ်ငယ်လေးတွေနဲ့ အဲဒီလို ပိတ်မိနေတဲ့ လူတွေကို ကွန်ဝေးက စီစဉ် ကယ်ထုတ်ပေးခဲ့ ရပါတယ်။ တရုတ်တော်လှန်ရေး တပ်သားတွေ လေဆိပ်နားကို ရောက်လာခါနီး အချိန်မှာပဲ သူကိုယ်တိုင်လည်း နောက်ဆုံး ခရီးသည် တချို့နဲ့အတူ လေယာဉ်ကွင်းကနေ လေယာဉ်ငယ်လေး တစ်စီးနဲ့ ပျံတက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့ လေယာဉ်မှူးကတော့ ကွန်ဝေးတို့လူ မဟုတ်တော့ပါဘူး။ ညအချိန်အခါ ဖြစ်တဲ့အတွက် တရုတ်တော်လှန်ရေး တပ်သားတစ်ယောက်က လေယာဉ်မှူးနေရာကို လူစားဝင်လဲ လိုက်တာကို ခရီးသည်တွေ မသိလိုက်ကြပါဘူး။ ဒီ့နောက်မှာတော့ လေယာဉ်ဟာ ပျံသန်းနေရင်း ဆီကုန်သွားတဲ့အတွက် ဟိမဝန္တာတောင်တန်း တစ်နေရာမှာ ထိုးဆင်းလိုက်ရပါတယ်။ တော်လှန်ရေးတပ်သား လေယာဉ်မှူးလည်း သေဆုံးသွားပါတယ်။ ကျန်တဲ့ သူတွေကတော့ ဘယ်သူမှ ထိခိုက်မှု မရှိခဲ့ပါဘူး။ နှင်းမုန်တိုင်းတွေလည်း တိုက်နေတဲ့ အဲဒီလိုအချိန်မှာ လေယာဉ်ပျက်ကျတဲ့ နေရာကို ‘ချန်း’ လို့ ခေါ်တဲ့ ခေါင်းဆောင် တစ်ယောက်ရဲ့ လူတစ်စု ရောက်လာကြပြီး သူတို့ကို ‘ရှန်ဂရီလာ’ လို့ ခေါ်တဲ့ တောင်ကြားဒေသ တစ်ခုထဲက တိဘက်ဘုန်းတော်ကြီး ကျောင်းဝင်း တစ်ခုထဲဆီကို ခေါ်သွားကြပါတယ်။ ဒီနေရာလေးဟာ တောင်ပတ်လည် ဝန်းရံနေလို့ အအေးဒဏ်ကို ကာကွယ်ပေးထားနိုင်တာကိုလည်း တွေ့ကြရပါတယ်။တောင်ကြားထဲမှာ တောမြို့လေးလို ဖြစ်နေတဲ့ အဲဒီ နေရာလေးမှာ သိုးတွေကို မွေးမြူထားကြပြီး စမ်းရေတွေ ပန်းမန်တွေအပြင် ငှက်မျိုးစုံကိုလည်း တွေ့နေကြရပါတယ်။ ဒါ့အပြင် လူတွေ အားလုံးရဲ့ မျက်နှာတွေဟာလည်း အပူအပင်ကင်းပြီး ချမ်းမြေ့တဲ့ အသွင်ဆောင်နေတာကို တွေ့မြင်ကြရလို့ ကွန်ဝေးတို့ လူတစ်စုရဲ့ မျက်စိထဲမှာတော့ ဒီနေရာလေးဟာ လူ့ပြည်ထဲက နတ်ဘုံနတ်နန်းလေး တစ်ခုလ့ိုသာ ထင်မြင်နေကြပါတော့တယ်။ ဒီနေရာလေးကို လျှို့ဝှက်ဆန်းကြယ်ပြီး အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်တဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တစ်ပါးက အုပ်စိုးထားတယ် ဆိုတာကိုလည်း သိလိုက်ကြရပါတယ်။စ,ရောက်ရောက်ချင်းတော့ ကွန်ဝေးတို့ လူတစ်စုဟာ အိမ်ပြန်ချင်ကြပေမယ့် နောက်ပိုင်းမှာတော့ သူတို့အားလုံးဟာ တဖြည်းဖြည်းနဲ့ ရှန်ဂရီလာ ဒေသကို သဘောကျလာကြပါတယ်။ အဲဒီလို သဘောကျသူတွေထဲမှာ ထိပ်ဆုံးက ပါသူကတော့ သံတမန် ကွန်ဝေး ကိုယ်တိုင်ပါပဲ။ ရှန်ဂရီလာကို ကွန်ဝေး သဘောကျရတာကတော့ ရှန်ဂရီလာမှာ ကြီးပြင်းလာခဲ့တဲ့ ‘ဆွန်ဒရာ’ ဆိုတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ကို တွေ့လိုက်ရလို့ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ ကွန်ဝေးရဲ့ ညီဖြစ်သူ ‘ဂျော့ရှ်’ နဲ့ ဂျော့ရှ်ကို စွဲလန်းမြတ်နိုးနေတဲ့ တခြား ရှန်ဂရီလာသူ တစ်ယောက် ဖြစ်တဲ့ ‘မာရီယာ’ တို့ကတော့ ရှန်ဂရီလာကနေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားကြပါတယ်။ဒီလိုနဲ့ ချန်း စီစဉ်ပေးလို့ ကွန်ဝေးဟာ High Lama လို့ခေါ်တဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီးနဲ့ တွေ့ဆုံစကားပြောခွင့် ရသွားပါတယ်။ အဲဒီအခါကျမှ သူတို့တစ်တွေ အားလုံးဟာ ရှန်ဂရီလာကို သွေးရိုးသားရိုး လေယာဉ်ပျက်ကျလို့ ရောက်လာကြတာ မဟုတ်ဘဲ ဝိညာဉ်တစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ကြရတာသာဖြစ်ကြောင်း သိလိုက်ကြရပါတော့တယ်။ ကွန်ဝေးတွေ့လိုက်ရတဲ့ အဲဒီ ဘုန်းတော်ကြီးဟာ တိဘက်လူမျိုး မဟုတ်ဘဲ ဘယ်ဂျီယံ ဘုန်းတော်ကြီး ‘ပီရော့’ ဆိုသူ ဖြစ်နေပြီး သူဟာ ရှန်ဂရီလာကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဖာသာပီရော့ဟာ ၁၇၁၃ ခုနှစ် ကတည်းက ရှန်ဂရီလာကို ရောက်လာခဲ့တဲ့အတွက် အခု သူ့အသက်က နှစ်ပေါင်း ၂၀၀ ကျော်နေပြီ ဆိုတာကိုလည်း ကွန်ဝေး သိလိုက်ရပါတယ်။ ဒါပေမဲ့ သူဟာ ကျန်းမာရေး သိပ်မကောင်းတော့လို့ သူ့ကိုယ်စား အသိဉာဏ်လည်း ထက်မြက်၊ ဗဟုသုတလည်း ကြွယ်ဝပြီး ရှန်ဂရီလာကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်နိုင်မယ့် လူတစ်ယောက်ကို ရှာဖွေနေရင်းနဲ့ ကွန်ဝေးကို တွေ့သွားတာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ စာရေးဆရာဖြစ်သူ ကွန်ဝေးရဲ့ စာတွေကို ဖတ်ပြီး ရှန်ဂရီလာသူ မိန်းမချောလေး ‘ဆွန်ဒရာ’ ကတော့ ကွန်းဝေးသာလျှင် ဘုန်းတော်ကြီး ပီရော့ လိုချင်နေတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့သူ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကို ဘုန်းတော်ကြီး ပီရော့ကလည်း သဘောတူတဲ့အတွက် ကွန်ဝေးကို ရှန်ဂရီလာမှာ ဆက်ပြီး ထားရှိနိုင်အောင် ဘုန်းတော်ကြီး ပီရော့က သူ့နည်း သူ့ဟန်နဲ့သူ စီစဉ်လိုက်ပါတော့တယ်။ ဘုန်းတော်ကြီး ပီရော့ဟာ သူရဲ့ အရိုက်အရာကို ဆက်ခံဖို့ ကွန်ဝေးကို ရွေးချယ်သွားပြီးတဲ့နောက်မှာ ငြိမ်းချမ်းစွာနဲ့ ပျံလွန်တော်မူသွားပါတယ်။ဒါပေမဲ့ ဘာပဲပြောပြော ဒါတွေ အားလုံးကို ကွန်ဝေးရဲ့ညီ ဂျော့ရှ်ကတော့ မယုံပါဘူး။ သူ အဲဒီလို မယုံတာကိုလည်း ချစ်သူဖြစ်တဲ့ မာရီယာက ထောက်ခံနေတော့ ဂျော့ရှ်တစ်ယောက်မှာ အားတက်နေရပြန်တာပေါ့။ ဒီအချိန်မှာ တိုင်းပြည်အပေါ် သစ္စာရှိမှုနဲ့ အချစ်အကြားမှာ လွန်ဆွဲနေရသူကတော့ သံတမန် ကွန်ဝေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သံတမန် ကွန်ဝေးဟာ ညီဖြစ်သူရဲ့ ဆန္ဒကို လိုက်လျောလိုက်တဲ့အတွက် သူတို့ အားလုံး ရှန်ဂရီလာကနေ ထွက်ခွာလာနိုင်ကြပါတော့တယ်။ အဲဒီလို ထွက်ခွာလာတဲ့ အခါမှာ မာရီယာလည်း သူတို့နဲ့အတူ လိုက်ပါလာခဲ့ပါတယ်။ မာရီယာရဲ့ သွင်ပြင်ဟာ ငယ်ရွယ်နေပုံ ပေါက်နေပေမယ့် တော်တော် အသက်ကြီးနေပြီလို့ ချန်းပြောခဲ့တာကိုလည်း ကွန်ဝေး အမှတ်ရနေပါတယ်။ သူတို့ တစ်တွေဟာ ရှန်ဂရီလာက ထွက်ခွာလာခဲ့ပြီး ရက်ပေါင်း အတော်ကြာအောင် ခရီးပြင်းနှင်လာခဲ့ကြရပါတယ်။ လမ်းခရီး တစ်နေရာ အရောက်မှာတော့ နှင်းတောင်ပြိုကျရာမှာ ပါသွားလို့ အထမ်းသမားတွေ အားလုံး အသက် ဆုံးရှုံးသွားကြပါတယ်။ မာရီယာလည်း အားပြတ်သွားတဲ့အတွက် နှင်းတွေထဲမှ မျက်နှာအပ်ပြီး လဲကျသွားပါတယ်။ မာရီယာရဲ့ ခန္ဓာကိုယ်ကို ဆွဲလှန်လိုက်တဲ့ အခါမှာတော့ မာရီယာဟာ သေဆုံးနေပြီး အလွန်အမင်း အသက်အရွယ် ကြီးရင့်နေပြီ ဆိုတာကိုလည်း တွေ့လိုက်ရပါတယ်။ တကယ်လို့သာ မာရီယာဟာ ရှန်ဂရီလာမှာသာ ဆက်နေခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး ဆိုတာကို သိလိုက်ရလို့ အကြီးအကျယ် ထိတ်လန့်သွားတဲ့ ကွန်ဝေးရဲ့ညီ ဂျော့ရှ်ဟာ ထခုန်လိုက်မိတဲ့အတွက် တောင်စောင်းကနေ အောက်ထဲကို ပြုတ်ကျပြီး ကွယ်လွန်သွားပါတော့တယ်။ဒီလိုနဲ့ ကွန်ဝေး တစ်ယောက်တည်း ခရီးဆက်လာတဲ့ အခါမှာ ကယ်သူတွေနဲ့ တွေ့သွားပါတယ်။ အဲဒီအချိန်မှာ ကွန်ဝေးဟာ အတိတ်ကို လုံး၀ မေ့သွားခဲ့ပါပြီ။ ဒါပေမဲ့ မကြာခင် အားပြန်ပြည့်လာတဲ့ အခါမှာ သတိပြန်လည်လာပြီး အားလုံးကို မှတ်မိလာလို့ ရှန်ဂရီလာအကြောင်း သူ့ဘေးက လူတွေကို အသေးစိတ် ပြန်ပြောပြနိုင်လာပါတယ်။ ကွန်ဝေးဟာ အင်္ဂလန်ကို ပြန်ခဲ့တဲ့ ခရီးလမ်းမှာ တစ်နေ့ စင်ကာပူအရောက် ညဘက်မှာ သင်္ဘောပေါ်ကနေ ပျောက်သွားပါတယ်။ သူ့နောက်ကို လူတွေ လိုက်ကြပေမယ့် မီအောင် မလိုက်နိုင်ကြတော့ပါဘူး။ နောက်ဆုံးမှာတော့ ကွန်ဝေးဟာ ရှန်ဂရီလာကို ပြန်ရောက်သွားပြီး ရုပ်ရှင်လည်း အဲဒီနေရာမှာတင် ပြီးသွားပါတယ်။ရှန်ဂရီလာ ဆိုတာ စိတ်ကူးယဉ် နတ်ဘုံနတ်နန်းလေး ဆိုပေမယ့် စာရေးဆရာက သူ့စိတ်ကူးနဲ့သူ မှန်းဆပြီး စိတ်ကူးပေါ်ရာအတိုင်း ရေးခဲ့တာတော့ မဟုတ်ပါဘူး။ တရုတ်ပြည်က ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ဘက်ပိုင်းမှာနဲ့ တိဘက်မှာ ရှန်ဂရီလာလို မြို့လေးတွေ ရွာလေးတွေ အမှန်တကယ် ရှိနေကြပါတယ်။ စာရေးဆရာဟာ ဒီမြို့လေးတွေကို ကြည့်ပြီး ဈာန်ဝင်စားရင်းနဲ့ ဒီဝတ္ထုကို ရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မြို့လေးတွေရဲ့ ရှန်ဂရီလာနဲ့ တူတဲ့ အချက်တွေကတော့ ရာသီဥတု မျှတတာ၊ လူတွေဟာ ဘယ်တော့မဆို အမြင့်ဆုံးကို မျှော်မှန်းလေ့ မရှိဘဲ အလယ်အလတ်လောက်ကိုပဲ မျှော်မှန်းလေ့ ရှိကြတာနဲ့ အလိုရမ္မက် နည်းပါးကြတာတွေရယ်ပဲ ဖြစ်ကြပါတယ်။ ရှန်ဂရီလာမှာ မွေးနေ့ပွဲ ကျင်းပတာမျိုး မရှိသလို သူတို့ဟာ အသက်ကို အတတ်နိုင်ဆုံး မေ့ထားသူတွေလည်း ဖြစ်ကြပါတယ်။ ‘မွေးနေ့ပွဲ တစ်ခါ လုပ်လိုက်တာဟာ ကိုယ့်စိတ်ကို ခြံစည်းရိုး တစ်ထပ် ထပ်ခတ်လိုက်တာနဲ့ အတူတူပဲ’ လို့ ချန်းက ကွန်ဝေးကို တစ်ခါက ပြောပြခဲ့ဖူးပါတယ်။ တကယ်တော့ ရှန်ဂရီလာဆိုတဲ့ နေရာလေးဟာ နတ်ဘုံနတ်နန်းလေး တမျှ သာယာချမ်းမြေ့လို့ လူတွေ သဘောကျကြတာ ဖြစ်သလို ရှန်ဂရီလာက လူတွေဟာ သူတို့စိတ်ကို သူတို့ အတတ်နိုင်ဆုံး ငြိမ်းချမ်းအောင် ထားနိုင်ကြတာကို အားကျကြတဲ့ အတွက်လည်း ‘ရှန်ဂရီလာ’ ဆိုတဲ့ နာမည်လေးကို ကမ္ဘာသူ ကမ္ဘာသားတွေ နှစ်သက်မြတ်နိုး တန်ဖိုးထားကြတာ ဖြစ်ပါတယ်။










