■ ပြည်သူတို့၏ လက်ရုံးလက်သီး ဓားသွားများ ဖြစ်စေရမည်
ဗိုလ်ချုပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ BIA ခေါ် မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို တည်ထောင်ရာမှစတင်ကာ ယနေ့တပ်မ တော်ကြီး ပေါ်ထွန်းလာခဲ့ခြင်းဖြစ်၏။ ဗိုလ်ချုပ်က စစ်ရေးဆိုင်ရာဒဿနများကို ပြောကြားခဲ့ပါသည်။ ၁၉၄၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဗိုလ်ချုပ်ပြောကြားခဲ့သည်မှာ-
“ငါတို့ တပ်မတော်ဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော်မို့ ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။ တပ်မတော်ဟာ ပြည်သူများနဲ့ ကွဲပြားပြီး ပြည်သူ့အကျိုး ရည်ရွယ်ချက်မရှိတဲ့ တပ်မျိုး မဟုတ်။ ပြည်သူများနဲ့ အဆက်မပြတ် ကွဲပြားခြင်းမရှိ။ အမြဲဆက်စပ်ကာ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေရမယ်၊ တပ်မတော်သည် ပြည်သူတို့၏ လက်ရုံးလက်သီး ဓားသွားများ ဖြစ်စေရမယ်။ ထိုလက်ရုံးလက်သီး ဓားသွားများဖြင့် ပြည်သူ့ရန်ကို တွန်းလှန်ကာကွယ်ရမယ်” ဟု တိကျလေးနက်စွာ မှာကြားခဲ့ပါသည်။
■ စစ်တပ်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်
“ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုယ်ပိုင်တပ်မတော်များရှိခဲ့သည်။ ထိုတပ်မတော်အားဖြင့် သူတို့နိုင်ငံကို သူတို့ကာကွယ်ခဲ့ကြ၏။ မိမိတို့နိုင်ငံကိုလည်း မိမိတို့တပ်မတော်ဖြင့် ကာကွယ်ရမည်။ ဗိုလ်ချုပ်က...
“ကျွန်တော်တို့တိုင်းပြည်ကို ကာကွယ်ရေးအတွက် လေတပ်၊ ရေတပ်နှင့် ကုန်းတပ်တွေ တည်ထောင်ရလိမ့်မယ်။ တကယ်ကတော့ တညီတညာတည်း တည်ထောင်လို့ မရနိုင်သေးဘူး။ တစ်ခုတော့ ချန်ထားရလိမ့်မယ်။ အကုန်လုံး အကောင်းချည်း လုပ်ချင်လို့ မရနိုင်ဘူး။ ဘယ်တိုင်းပြည်မှာမှ အကုန်လုံး အကောင်းချည်းဆိုတာ မရှိဘူး။ ဥပမာ-အင်္ဂလိပ်က ရေတပ်၊ ဂျာမနီက ကုန်းတပ်နဲ့ လေတပ်။ ဒါတွေကို အားကိုးနေကြရတယ်။ ဂျပန်မှာလည်း ရေတပ်နဲ့ ကုန်းတပ် တောင့်တင်းပါတယ်။ အင်္ဂလန်မှာတော့ ကြည်းတပ်က သိပ်မတောင့်တင်းဘူး။ ရေတပ်ကိုသာ အားကိုးနေရတယ်။ ဒီတော့ ကိုယ့်တိုင်းပြည် အခြေအနေကိုကြည့်ပြီး ကုန်းတပ်၊ လေတပ်၊ ရေတပ်တွေ ရှိနေရမယ်” ဟု မှာကြားခဲ့သည်။
■ ကုန်းတပ်အင်အားရှိဖို့လို
“ဒီအထဲမှာ အရေးအကြီးဆုံးက ကုန်းတပ်ပဲ။ ရေတပ်လည်းလိုတယ်။ ရန်သူဝင်လာရင် ရန်သူ့သင်္ဘောတွေကို ဖျက်ပစ်ရမယ်။ စစ်သားတွေကို ရိက္ခာပို့ပေးရမယ်။ လေတပ်နဲ့လည်း ကာကွယ်တိုက်ခိုက်ရမယ်။ စစ်သားတွေချည်း လုပ်လို့မရဘူး။ ပြည်သူက ဝိုင်းကူရမယ်။ စစ်လက်နက်အင်အား တောင့်တင်းအောင် ရှေ့တန်းနောက်တန်း မခွဲခြားဘဲ နိုင်ငံသားတွေ ပါဝင်ကြရမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်က ရှင်းလင်းစွာမှာခဲ့ပါသည်။
■ ဗိုလ်ချုပ်၏ စစ်သဘောတရား
“စစ်ဟူသည် နိုင်မည်ရှုံးမည်ကို သေချာစွာ မဖြေဆိုနိုင်ပါ။ သေမည်ရှင်မည်လည်း မသိနိုင်ပါ။ ပြောလည်းမပြောနိုင်ပါ။ ယခုဆိုရင် အင်္ဂလိပ်နဲ့ ဂျပန်ဟာ အပြန်အလှန် စစ်ကြေညာပြီး တိုက်နေကြတယ်။ ကျုပ်တို့ကလည်း ဗမာ့လွတ်လပ်ရေးအတွက် ပါဝင်ဆင်နွှဲကြရမှာဖြစ်ရာ အင်္ဂလိပ်ဖြစ်စေ၊ ဂျပန်ဖြစ်စေ ဖမ်းမိရင်မသတ်ရဘူး။ မညှဉ်းပန်းရဘူး။ ကောင်းကောင်း ထိန်းသိမ်းထားရမယ်”
“ယခုခေတ် စစ်တိုက်ပွဲတွေမှာ ဟိုတုန်းကလို အဘိုးကြီးတွေနဲ့ တိုက်လို့မရတော့ဘူး။ တက်တက်ကြွကြွ လှုပ်ရှားနိုင်မယ့် တပ်မှူးကြီးများနဲ့သာ သင့်လျော်တယ်။ အငယ်ဆုံး တပ်စိတ်မှူးကစပြီး စည်းကမ်းကောင်းရမယ်။ တိုက်ရည်ခိုက်ရည်ရှိရမယ်။ ဆင်ကန်းတောတိုး မလုပ်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ချင့်ချိန် ဆောင်ရွက်တတ်ရမယ်” ဟု ဗိုလ်ချုပ်က သတိပေးခဲ့လေသည်။
■ စစ်နှင့် သေနင်္ဂဗျူဟာ
စစ်တိုက်ကြရာတွင် နည်းဗျူဟာ၊ မဟာဗျူဟာပိုင်းအရေးကြီးလို့ ဗိုလ်ချုပ်က ဤသို့ မှာခဲ့၏။ “သေနင်္ဂဗျူဟာအကြောင်းပြောဖို့ရှိတယ်။ သေနင်္ဂဗျူဟာစစ်ပညာဟာ အပြောသမားများ အလုပ်မဟုတ်။ အလွန်ခက်ခဲနက်နဲတဲ့ ပညာရပ်ကြီးဖြစ်တယ်။ အမှန်ပြောရင် ကျွန်တော်ကိုယ်တိုင် သေနင်္ဂဗျူဟာကို မကျွမ်းသေးပါဘူး။ စစ်ဆင်၊ စစ်ချီ၊ စစ်တက်၊ စစ်ထိုးအလုပ်ဟာ တော်ရုံအလေ့အကျင့်နဲ့ ရနိုင်တာမျိုးမဟုတ်။ ယခု ကျွန်တော်အဓိက ပြောချင်တာ ကာကွယ်ရေးပဲ”
■ တိုင်းပြည်ကာကွယ်ရေး
“ကာကွယ်ရေးဆိုလို့ ဘယ်လိုနည်းနဲ့ ကာကွယ်ကြမယ်ဆိုတဲ့ အကောင်းဆုံးနည်းလမ်းတွေ ပါးစပ်နဲ့ပြောတဲ့ စိတ်ကူးယဉ်တွေချည်းဆိုရင် မောရုံပဲပေါ့ဗျာ။ နွားခြေရာကွက်လေးလောက် တိုင်းပြည်လေးချည်း ကြည့်ပြောလို့မရဘူး။ အခြားတိုင်းပြည်တွေနဲ့ ကမ္ဘာ့ရေးရာမှာ ဗမာရဲ့လက်ရှိအခြေအနေကို ကြည့်ပြီး စဉ်းစားတတ်ရမယ်”
“စစ်နဲ့ ကာကွယ်ရေးအကြောင်းပဲ ဆက်ပြောမယ်။ ဗမာပြည်ဟာ ရှေးကမကြုံဖူးတဲ့ စစ်ကြီးမှာ စစ်မြေပြင် အဖြစ်ခံနေရလို့ တစ်တိုင်းပြည်လုံး ပျက်စီးနေတယ်။ တိုင်းသစ်ပြည်သစ် ထူထောင်ဖို့ကိစ္စရှိတယ်။ တိုင်းသစ်ပြည်သစ် ထူထောင်ဖို့ရာက အပြောလွယ်သလောက် အလုပ်မလွယ်ဘူး။ စိတ်ညစ်စရာ စိတ်ပျက်စရာ စိတ်ညစ်ညူးစရာတွေ အခက်တွေ ကြုံကြရလိမ့်မယ်”
“တိုင်းသစ်ပြည်သစ် ထူထောင်ရာမှာ ကာကွယ်ရေးဟာ အရေးအကြီးဆုံးပဲ။ ပညာရေးတွေ စီးပွားရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ဘယ်လို သစ်လွင် တောက်ပြောင်နေပေမယ့် ကာကွယ်ရေး မလုံလောက်ရင် တစ်နေ့မှာ အားလုံးပျက်စီးကုန်မှာပဲ။ ကြိုးပမ်းသမျှ အလကားဖြစ်လိမ့်မယ်” ဟုမှာခဲ့၏။
“စစ်စိတ်စစ်သွေးပိုင်းမှာ ကျွန်တော်ပြောခဲ့ပြီ။ လူတစ်ရာမှာ ၇၀ ဟာ စစ်ရေးစစ်ရာကို ဘာမျှနားမလည်ကြဘူး။ တစ်သက်လုံး ကျွန်ဖြစ်လာပြီး ဒီလိုစစ်ရေးစစ်ရာမျိုး ဒီလို တိုင်းရေးပြည်ရာမျိုး ဒီလိုခေတ်အခါမျိုး ကြုံမှမကြုံဖူးသေးပဲကိုး။ စစ်ရေးစစ်ရာဆိုတာ ယခုခေတ်စစ်က ရှေးခေတ်လို စစ်တိုက်ထွက်တဲ့ လူနဲ့တင် မပြီးသေးဘူး။ စစ်သားတွေပဲ စိတ်စစ်သွေးရှိယုံနဲ့မပြီးသေးဘူး။ တိုင်းပြည်မှာကျန်ခဲ့တဲ့ ယောကျ်ားမိန်းမ၊ ကလေး၊ လူကြီးတစ်ယောက်မကျန် စစ်စိတ်စစ်သွေး ရှိရမယ်၊ နိပွန်လို Bushido ဘူရှိဒို စိတ်ဓာတ် ရှိရမယ်”
■ နောက်ဆုံး မှာချင်တာကတော့
“ငါတို့သာ နိုင်ငံတော်ကို ချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမထားကြဖို့၊ ဒီနိုင်ငံမှာဖြစ်ဖြစ် အခြားနိုင်ငံဖြစ်ဖြစ် စစ်သားတွေကချည်း နိုင်ငံတော်ကို ချစ်ကြတာမဟုတ်ဘူး။ တခြားတိုင်းပြည်တွေမှာလည်း တခြားလူတွေက နိုင်ငံကိုချစ်ကြတယ်။ စစ်သားမှနိုင်ငံတော်ကို ချစ်တဲ့စိတ် ကူးပြောင်းပစ်ရမယ်။ တခြားတိုင်းပြည်တွေမှာ အသေခံတပ်တွေဖွဲ့ပြီးပြီ။ ကျုပ်တို့ဆီမှာလည်း ဒီစိတ်ဓာတ်မျိုးမွေးရမယ်။ ယနေ့အချိန်ကစပြီး ဗမာ့တပ်မတော်တင် သိင်္ဂုတ္တရကုန်းတော်ကို ရှေးရှု၍ ဗမာ့ကာကွယ်ရေးအတွက် အသေခံပြီး ရန်သူကို နှိမ်နင်းမယ်လို့ အဓိဋ္ဌာန်ပြုကြပါစို့”ဟု ဗိုလ်ချုပ်က သစ္စာဆိုသွားကြောင်း သူ၏ စစ်ရေး စစ်ရာ ဒဿနအမြင်များကို ယနေ့တပ်မတော်နေ့အတွက် တင်ပြပါသည်။
- ကျမ်းကိုး
- ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပေါင်းချုပ်
- ဗိုလ်ချုပ်ပြောခဲ့တဲ့ အတွေးအခေါ်များ (နေမင်းသွေး)










