“အချို့သော ပုဂ္ဂိုလ်များမှာ မတော်တဆ ကုလားထိုင်ပေါ် ရောက်လာကြခြင်း ဖြစ်သည်ကို တွေ့ရသည်။ တချို့မှာ တိုင်းပြည်ကို မချစ်ဘဲ နိုင်ငံရေးခေါင်းဆောင် လုပ်နေကြသည်။ တချို့မှာ အနုပညာ စိတ်ဓာတ်မရှိဘဲ စာရေးဆရာ လုပ်နေကြသည်။ တချို့မှာ ကျော်ကြားမှု၏ ကျေးကျွန်ဖြစ်နေကြသည်။ တချို့မှာ အချစ်သို့မဟုတ် အခွင့်အရေးပေးမှု သို့မဟုတ် ကိုယ်ကျိုးစီးပွားရချင်သဖြင့် အကြိုက်ဖြင့် ဟန်လုံးပြပြီး မရသောအခါ နဂိုဇာတိရုပ် ပေါ်လာတတ်ကြသည်။
ဒဂုန်တာရာ၊ ရုပ်ပုံလွှာ စာရေးသူ၏ အမှာ၊ ၁၈-၉-၁၉၆၃။
အမြစ်တွယ်
ယင်းသို့သော ပုဂ္ဂိုလ်များသည် သွက်လက်ဖျတ်လတ်စွာပင် ခေတ်တိုင်းမှာ နေရာယူတတ်ကြသည်။ လုပ်ရည်ကိုင်ရည်ရှိသူ၊ စေတနာကောင်းဖြင့် လုပ်ကိုင်တတ်သူတို့မှာ အလိုလို ဘေးရောက်သွားတတ်ကြ၏။ အခွင့်အရေးသမားများအတွက် အခွင့်အရေးရရန် အဂတိ လိုက်စားမှု၊ မတော်လောဘ ပြုနိုင်မှု မိုက်မိုက်မဲမဲ လုပ်ရဲကိုင်ရဲလျှင် စားပေါက်များက ပွင့်နေတတ်၏။ တပည့်မွေး၊ ဆရာမွေး နာတာရှည် ရောဂါဆိုးကြီးက ခေတ်အဆက်ဆက် ကပ်ပါလာ၏။ ဆရာအတွက် တပည့်ခံတတ်သူ၊ တပည့်ကို ဆရာ့ကိုယ်စား ခိုင်းစားကြသူတို့သည် ယနေ့တိုင် ကောင်းစားနေကြ၏။ ဆရာမွေး၊ တပည့်မွေးစနစ်သည် တရားစီရင်ရေး သာမက အုပ်ချုပ်ရေးမှာပါ အမြစ်တွယ်လျက်ရှိ၏။
ပြုခွင့်
စင်စစ်ခေတ်ကြီးက မကောင်းခြင်းမဟုတ်။ မကောင်းသူတို့က ခေတ်ကြီးထဲမှာ အာဏာနှင့် အဂတိ လိုက်စားမှုတို့ ပေါင်းလျက် မကောင်းမှု ပြုနေခြင်းဖြစ်၏။ မကောင်းမှု ပြုခွင့်ရနေခြင်းဖြစ်၏။
ကြည့်ရှုမစ
မတော်တဆ ကုလားထိုင်ပေါ် ရောက်လာကြသူများသည်လည်း အဂတိ လိုက်စားမှုကြောင့်သာ ရောက်လာခြင်းဖြစ်၏။ အစိုးရ အဖွဲ့တွင် ဝန်ကြီးအဆင့် လူကြီးဖြစ်လာသောအခါ စားပေါက်ကို ဖန်တီး၏။ မိမိလက်အောက်တွင် စားပေါက်ဆက်သနိုင်သည့် တပည့်တို့ကို မွေးမြူလာကြ၏။ ယင်းအခါတွင် လာဘ်ကိုမျှော်သော လူကြီး၏ကြည့်ရှု မစမှုကြောင့် မတော်တဆ ကုလားထိုင်ပေါ်သို့ ရောက်လာကြခြင်းပင်။
ချစ်ဟန်ဆောင်
တပည့်မွေးတတ်သော လူကြီး (ဝန်ကြီး) သည်လည်း စင်စစ် တိုင်းပြည်ကိုချစ်၍ ဤနေရာသို့ ရောက်လာကြသူများ မဟုတ်ပေ။ တိုင်းပြည်ကို အမှန်တကယ် ချစ်လေဟန် ဟန်ဆောင်ကောင်းလွန်းမှုကြောင့် တကယ်ထင်ကာ တင်မြှောက်ခံရခြင်း ဖြစ်၏။ လူကြီးအဖို့ အဂတိ လိုက်စားလျက် ကိုယ်ကျိုးရှာရန် နေရာကောင်းရလေ အခွင့်အလမ်းပွင့်လေပင်။ အဂတိ လိုက်စားခြင်းဖြင့် လာဘ်ငွေအမြောက်အမြားရရန် တပည့်မွေး စနစ်ဆိုးဖြင့် အောက်လူတပည့်များက ရှာပေးကြ၏။ လူကြီးဆရာအတွက် တပည့်က ရှာပေးသလို တပည့်တို့အတွက် စားပေါက်တို့ကိုလည်း လူကြီးများက လာဘ်ယူပုံ ယူနည်း၊ ငွေမည်း ရှာနည်းနှင့် ခြောက်လှန့် ငွေရှာနည်းတို့ကို လမ်းဖွင့်သင်ပေးထား၏။ ယင်းနည်းအားဖြင့် တရားရုံးတို့ကအစ ဦးစီးဌာနများအဆုံး အားလုံးသော နေရာများတွင် အဂတိ လိုက်စားမှုများဖြင့် နံစော်ပုပ်ဟောင်လျက်ရှိ၏။
နယ်ချဲ့စနက်
၁၈၂၄ ခုနှစ်ကစ၍ မြန်မာနိုင်ငံကို ကျွန်ပြုခဲ့သော နယ်ချဲ့ဗြိတိသျှသည် တရားစီရင်ရေးတွင် မြန်မာတိုင်းရင်းသားတို့ နစ်နာအောင် ကြံဆောင်စီမံခဲ့သည်။ ယင်းတရားစီရင်ရေးကစ၍ အုပ်ချုပ်သူဘက်ကနေ၍ ဖိနှိပ်သော ကိရိယာအဖြစ် ဖွဲ့စည်းခဲ့သည်။ အမှုဖြစ်လျှင် ပြည်သူတို့ သက်သာရာ သက်သာကြောင်းဖြစ်အောင် တရားစီရင်သူတို့အား လာဘ်ပေးဆက်သရေးကို အကောင်အထည် ဖော်ခဲ့ကြ၏။ ယင်းကစ၍ လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှုတို့ စတင်ခဲ့ရာက ယနေ့ထိ ဤအဂတိ မတရားမှုကြီး စွဲမြဲခိုင်မာနေခြင်း ဖြစ်၏။
ယိုယွင်းနေ
ယခုအခါ အဘက်ဘက်တွင် ယိုယွင်းပျက်စီးနေသော အဂတိ လိုက်စားမှုတို့ကို အခြေခံကစ၍ အမြစ်လှန် အသစ်တစ်ဖန် တည်ဆောက်ရန် ဒေါ်စုအစိုးရကို စိန်ခေါ် စောင့်မျှော်လျက်ရှိ၏။ တရားစီရင်ရေး စနစ်သည်လည်း ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ရန် စီမံဆောင်ရွက်ပေးဖို့ မုချလိုအပ်နေ၏။
တစ်ခါက တရားရုံးတို့သည် ယင်းတို့၏ သုံးပိုင်ခွင့် အာဏာတို့ကို အဂတိ လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စတို့တွင်သာ အသုံးချခဲ့ကြ၏။ ယင်းကို ပိတ်ဆို့ အစားထိုးနိုင်မည့် စနစ်သစ် နည်းလမ်းသစ်တို့ကို ယခုအခါ အကောင်အထည် ဖော်ပေးရပေတော့မည်။ သူခိုးဓားရိုးကမ်းသော အရိုးစွဲနေသည့် အဂတိ နည်းလမ်းများကို ပျောက်ပျက်သွားအောင် အစွမ်းကုန် ချေမှုန်းတိုက်ဖျက်ပစ်ရပေမည်။
လူထုအကျိုး
ထိုမျှမက တရားရုံးတို့သည် ယင်းတို့၏ သုံးပိုင်ခွင့် အာဏာများကို ပြည်သူလူထု အကျိုးအတွက် သုံးစွဲနိုင်ရပေလိမ့်မည်။ ပြည်သူလူထု အကျိုးအတွက် တရားရုံးက သုံးစွဲပေးဖို့ ဆိုသည်မှာ အမှန်တကယ် အကောင်အထည် ဖော်သောအခါ ရိုးစွဲနာဖြစ်နေသော အကျင့်ဆိုး စရိုက်ဟောင်းတို့က ခေါင်းမာစွာ ခုခံနေကြမည်ကိုလည်း သတိထား စောင့်ကြည့်နိုင်ရပေမည်။
ဖြစ်ပျက်ပြုပြင်
အဖြစ်နှင့်အပျက် စနစ်ဟောင်းနှင့် စနစ်သစ်တို့သည်ကား အပြောင်းအလဲ ကာလတွင် ထိပ်တိုက်တွေ့ဆုံလျက် ပဋိပက္ခဖြစ်နေကြမည်မှာ သေချာ၏။ ယင်းကို အပျက်ကင်းလျက် အဖြစ်------သုံးစွဲလာနိုင်အောင် ဘက်စုံထောင့်စုံ နည်းလမ်းစုံသုံးလျက် ကြိုးပမ်းအားထုတ်ရပေမည်။ မတရားဆက်ပြုလိုသူ အဂတိ လိုက်စားလို သူတို့ကိုလည်း ပြတ်ပြတ်သားသား အရေးယူရပေလိမ့်မည်။
ရည်မှန်းချက်
တရားစီရင်ရေး၏ အဓိက ရည်မှန်းချက်သည် ပြည်သူလူထု အချင်းချင်း ဆက်ဆံနေထိုင်ကြရာတွင် မျှတမှု၊ စည်းလုံးညီညွတ်မှု ရှိနိုင်စေရန်ဖြစ်၏။ ယင်းရည်မှန်းချက်တို့ အကောင်အထည် ဖော်လာသည့်တိုင်အောင် စိတ်ရှည်သည်းခံစွာ ဆောင်ရွက်ကြရပေမည်။
အချိန်ပေး
အဆိုးဘက်ကနေ၍ အကောင်းဘက်သို့ ပြုပြင် တည်ဆောက်ရာတွင် ထိုက်သင့်မျှတစွာပင် အချိန်ပေးရန်လို၏။ အတင်းတွန်းထိုး ခြိမ်းခြောက်မောင်းမဲ အင်အားသုံးလျက် ပြုပြင်ပြောင်းလဲရေးလုပ်လျှင် မမျှော်လင့်သော တန်ပြန်အဖျက်တို့ကို တွေ့ရတတ်၏။ ယင်းကြောင့် အသစ်တည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေးတို့တွင် ဒိဋ္ဌဓမ္မ ဖြစ်ရပ်များနှင့် လိုက်လျောညီထွေဖြစ်အောင် အမြော်အမြင်ရှိရှိ သတိထား၍ ဆောင်ရွက်ကြပါရန် လိုအပ်လှပါကြောင်း လေးစားစွာ တင်ပြလိုက်ရပါသည်။










