ဂီတလောကထဲမှ အမျိုးသမီးအဆိုတော်များတွင် ထူးခြားသည့် အသံပိုင်ရှင်၊ ကွဲပြားသည့်ဆိုဟန်၊ ပြောင်မြောက်သည့် ပါဖောမန့်စ်တို့နှင့် ရပ်တည်နေသူ အနုပညာရှင်တစ်ဦးမှာ အဆိုတော် ဖြူဖြူကျော်သိန်းဖြစ်သည်။ ဂီတသက်တမ်း ၁၃ နှစ်တာ ကာလအတွင်းတွင် အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုခဲ့ကာ တစ်ကိုယ်တော် တေးစီးရီးငါးခွေ ထွက်ရှိခဲ့ပြီးဖြစ်သည့် အဆိုတော် ဖြူဖြူကျော်သိန်းက ဆဋ္ဌမမြောက် တစ်ကိုယ်တော်တေးစီးရီး ‘April Fool’ ကိုဧပြီ ၁ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။ ယခင်သီဆိုခဲ့သည့် တေးသီချင်း အမျိုးအစားများနှင့်ကွဲပြားသည် EDM ဂီတအမျိုးအစား တေးသီချင်းလေးပုဒ် ပါဝင်မည့် ယင်းတေးစီးရီး သီဆိုဖြစ်ခဲ့သည့်ခံစားချက်၊ ပြင်ဆင်မှု အပါအဝင် လတ်တလော ဂီတရေးရာအဖြာဖြာကို မေးမြန်းဖြစ်ခဲ့ပါသည်။
■မေး - April 1 ရက် April Fool နေ့မှာထွက်ဖို့ စီစဉ်ထားတဲ့ ဒီအခွေလေးအတွက် ပြင်ဆင်ထားမှုနဲ့ မနှစ်တုန်းက Warter Party ရေပါတီကလည်း အရမ်းပေါက်ခဲ့တဲ့အခါကျတော့ တာဝန်ကြီးမှု အပိုင်းတွေလည်း သိချင်ပါတယ်။
ဖြေ - တာဝန်ကြီးတာထက်စာရင် Warty Party ရေပါတီနဲ့ လုံးဝမတူတာက April Fool Mini Album သည် သင်္ကြန်သီချင်းခွေ လုံးဝမဟုတ်ပါဘူး။ အချစ်သီချင်းမြူးမြူးလေးတွေပဲပါတဲ့ အခွေဖြစ်တယ်။ ဂီတအမျိုးအစားအားဖြင့်တော့ တူတယ်။ EDM Music ချင်းတော့တူတယ်။ Mini Album အနေနဲ့ ဖြူဖြူရဲ့ခြောက်ခွေမြောက် တစ်ကိုယ်တော်ခွေအဖြစ် လုပ်တာဖြစ်တယ်။ အောင်မြင်တာ မအောင်မြင်တာထက် ကိုယ်လုပ်ချင်တာလေးကို ပရိသတ်ကို ဖန်တီးပြချင်တာလေးကို ရိုးရိုးသားသားခံစားပြီးတော့ ဒါလေးကို လုပ်မယ်ဆိုတဲ့စိတ်ပဲရှိပါတယ်။ ကိုယ်ယုံယုံကြည်ကြည် လုပ်တာလေးကို အစွမ်းကုန် လုပ်တယ်ဆိုတာပဲရှိပါတယ။ ကျန်တဲ့အပိုင်းကတော့ မအောင်မြင်ဘူး၊ ဈေးကွက်ဝင်တယ်၊ မဝင်ဘူးကတော့ ပရိသတ်နဲ့ကိုယ်နဲ့ ဒီသီချင်းအပေါ် ရင်ဘတ်ချင်း ဘယ်လောက်နီးလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။ ဘယ်အချိန်ပြန် ကြည့်ကြည့် ဒီသီချင်းနဲ့ ပတ်သက်ရင် နောင်တပြန်မရအောင် လုပ်ထားတာဖြစ်တဲ့အတွက် ပေါပေါပဲပဲ ပေါ့ပေါ့တန်တန်လုပ်တယ်ဆိုတာ ဘာမှမရှိဘူးဆိုတာ ပရိသတ်တွေသိမှာပါ။
■ မေး - April Fool နဲ့ ပတ်သက်လို့ ပရိသတ်ကို ပြောချင်တဲ့ သတင်းစကားမျိုးများ ရှိမလား။
ဖြေ - ဖြူဖြူလောလောဆယ်တော့ Audio CD အနေနဲ့ပဲ အရင်ထွက်ပါမယ်။ ကိုယ်ပိုင် သံစဉ် သီချင်းလေးပုဒ်ပါပါမယ်။ တေးရေးတွေက စိမ့်နဲ့သိန်းလင်းစိုးပါ။ တီးထားတာက ချမ်းအေးဝင်း၊ DJ Wine နဲ့ သားသား၊ သီချင်းလေးတွေအကုန်လုံးက EDM Music လေးတွေ ဖြစ်တယ်။ သင်္ကြန်သီချင်း မဟုတ်ပေမယ့် သင်္ကြန်မှာဖွင့်ပြီး ကလို့ရမယ့် မြူးမြူးမြောက်မြောက် သီချင်းလေးတွေပါ။ ပရိသတ်တွေကို ဒီသီချင်းလေးတွေ နားထောင်ပြီး ပျော်စေချင်တယ်။ Positive ခံစားမှုကို ပေးချင်တာလည်း ပါပါတယ်။ ကမ္ဘာမှာတော့ ဒီဂီတက ခေတ်စားနေတာကြာပြီ။ ဒီမှာလည်း အခြားသော ဂီတသမားတွေ လုပ်ထားခဲ့တာလည်း ရှိပါတယ်။ ဖြူဖြူကတော့ Mini Album လေးအနေနဲ့ လုပ်ဖြစ်သွားတာပါ။
■ မေး - EDM Music ကို ပထမဆုံးအနေနဲ့ စီးရီးလုပ်ဖြစ်ဖို့ ဘယ်အရာတွေက inspiration ရစေခဲ့လဲ။
ဖြေ - ပထမဆုံးတော့ မနှစ်ကသင်္ကြန်တုန်းက ကိုရွှေရေးပေးခဲ့တဲ့ Water Party ရေပါတီက စတာပေါ့လေ။ ပြီးတဲ့အခါကျတော့ Forever Music ကနေပြီးတော့ ဖြူဖြူတို့အနုပညာရှင်တွေကို ရွေးချယ်ပြီးတော့ ဆွီဒင်မှာ Music Producer တွေနဲ့ လုပ်ခိုင်းတဲ့ ဂီတပုံစံကလည်း ။ အဲဒီမှာပိုးက ထပ်ဝင်လာတယ်ပေါ့နော်။ ဒီရောက်တဲ့အခါကျတော့လည်း တေးရေး စိမ့်ရယ်သိန်းလင်းစိုးရယ် ကိုမျိုးဇော်ထက်ရယ်က ထပ်ပြီး ပိုးထည့်ပေး တဲ့သူတွေဆိုရင်လည်း မမှားဘူး။ သီချင်းတွေ နားထောင်ခိုင်း၊ အခွေတွေအိမ်လာပို့၊ စတူဒီယိုသွားရင်လည်း သီချင်းတွေ ဖွင့်ပြပေးနဲ့ လုပ်ပေးခဲ့ကြတာပေါ့လေ။
■ မေး - April Fool လို့ စီးရီးနာမည်ကိုပေးဖြစ်တာနဲ့ ဧပြီ ၁ ရက်မှာ ထုတ်ဖြစ်တဲ့ စိတ်ကူးကရော။
ဖြေ - ဒီအခွေထဲက သီချင်းတွေကိုက မနှစ်ကတည်းက ရထားပြီးနေပြီ။ ဒီနှစ်အစပိုင်းမှာ အသံသွင်းဖြစ်တဲ့အခါ ဘယ်တော့ထွက်မလဲဆိုပြီး စဉ်းစားဖြစ်တယ်။ မနှစ်က နှစ်ဆန်းပိုင်းတုန်းကလည်း အခွေထွက်ဖြစ်သလို ချစ်သူများနေ့မှာလည်း အခွေထွက်ဖြစ်တဲ့အခါကျတော့ ဖြူဖြူ့မွေးနေ့ လလည်းဖြစ်တဲ့ ဧပြီလမှာ ဒီအခွေလေးကိုထွက်ဖို့ စဉ်းစားဖြစ်သွားတာပါ။ April Fool ဆိုတာကတော့ ဧပြီ ၁ ရက်တိုင်းမှာ ဖြူဖြူတို့သူငယ်ချင်းတွေအားလုံး တစ်ယောက်ကိုတစ်ယောက် စနောက်တတ်ကြတဲ့ အလေ့အထပေါ့။ ဒီအခွေလေးကလည်း ပရိသတ်တွေကို ပျော်စေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်ဖြစ်တဲ့အခါကျတော့ April Fool လို့ ပေးဖြစ်သွားတာပါ။
■ မေး - သီချင်းတစ်ခွေနဲ့တစ်ခွေ ပုံစံအမြဲတမ်း ပြောင်းလဲဖြစ်တယ်နော်။ အဲဒီရည်ရွယ်ချက်ကိုလည်း သိချင်ပါတယ်။
ဖြေ - ဖြူဖြူဒီအခွေအတွက် ကြော်ငြာဓာတ်ပုံတွေ လူမှုကွန်ရက်မှာ တက်လာတဲ့အခါ ဖြူဖြူလိုင်းပြောင်းသွားတာလားဆိုပြီး ပြောကြတာတွေတွေရှိပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ဖြူဖြူရဲ့ ကိုယ်ပိုင် Style သည် Attitude ပဲ။ ဘယ်လို Attitude လဲဆိုရင် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖြူဖြူ လွတ်လပ်စွာ ဖန်တီးတင်ဆက်ချင်တဲ့ စိတ်ကူးစိတ်သန်းရှိတယ်။ အဲဒါသည် ဖြူဖြူ့ရဲ့ Attitude ပါပဲ။ ရော့ခ်သီချင်းတွေလည်း ဖြူဖြူဆိုသလို အသည်းကွဲသီချင်းတွေဆိုရင်လည်း ပရိသတ်တွေက လက်ခံထားကြတယ်။ အဲဒီလိုပါပဲ EDM Music နဲ့ပတ်သက်ရင်လည်း ဖြူဖြူအကောင်းဆုံး ကြိုးစားသီဆိုပါတယ်။ ဒါသည်ပင် ဖြူဖြူယုံကြည်ထားတဲ့ အပြောင်းအလဲပါ။
■ မေး - မြန်မာနှစ်သစ်မှာ ပရိသတ်တွေအတွက် ဆုတောင်းစကားများ ရှိမလား။
ဖြေ - ဖြူဖြူတို့အားလုံးအတွက် မျှော်လင့်ချက်တွေလည်း တစ်စွန်းတစ်စတော့ ပြည့်လာပြီဆိုတဲ့အတွက် ဒီနှစ်မြန်မာနှစ်သစ်က အရင်နှစ်တွေနဲ့ လုံးဝမတူဘဲ စိတ်ရွှင်လန်းပြီးတော့ မျှော်လင့်ချက်တွေ ပြည့်ဝပြီး ကျေနပ်နေမယ်လို့ထင်ပါတယ်။ အဲဒီအပျော်လေးကို ဆက်ထိန်းထားပြီး ကိုယ့်ဘက်ကလည်း စည်းကမ်းရှိစွာနဲ့ စောင့်ထိန်းမှုတွေနဲ့ ဆက်သွားကြရအောင်လို့။ ပိုကောင်းတဲ့အရာတွေ လာတော့မှာပါ။ အဲဒီအတွက် အားခဲထားပြီး ဆုတောင်းကြပါ။ အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ဆင်ခြင်တုံတရားနဲ့ လက်တွဲပြီး ဆက်ပြီးသွားကြ ပါလို့ မေတ္တာနဲ့ တိုက်တွန်းချင်ပါတယ်။