တောင်သူများ အနေဖြင့် ပဲဈေးနှုန်း အတက်အကျပေါ် မူတည်ကာ ဈေးကွက်၌ ကုန်စည်ထိန်း၍ ရောင်းချမှုများကြောင့် ရန်ကုန်သို့ ကုန်အဝင် နည်းသော်လည်း ဈေးနှုန်းမှာမူ တစ်တန်လျှင် ကျပ်နှစ်သိန်း နီးပါး ပြန်လည် မြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။ပဲဈေးနှုန်းများ အနေဖြင့် မတ်လ ပထမပတ်တွင် ပြည်ပတင်ပို့သည့် ပဲများကို အိန္ဒိယမှ ဈေးချဝယ်ယူမှုများကြောင့် ပဲဈေးနှုန်းများ ပြန်လည် ကျဆင်းသွားလျက် ရှိသော်လည်း ယနေ့တွင် ကျပ်နှစ်သိန်းနီးပါး ဈေးနှုန်း ပြန်လည်မြင့်တက်လာလျက် ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။ပဲဈေးနှုန်းများမှာ လက်ရှိပေါက်ဈေး အနေဖြင့် မတ်ပဲတစ်တန်လျှင် ကျပ် ၁၄ သိန်း ၅ သောင်း၊ ပဲတီစိမ်း အချိန် ၆၀ လျှင် ကျပ် ၁၁ သိန်းကျော်နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၃ သိန်း ၇ သောင်း ပေါက်ဈေးရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။ထို့ပြင် ပြီးခဲ့သည့် မတ်လ ပထမပတ်တွင် မတ်ပဲ တစ်တန်လျှင် ကျပ် ၁၂ သိန်း ၅ သောင်း၊ ပဲတီစိမ်း အချိန် ၆၀ လျှင် ကျပ် ၁၁ သိန်း ၈ သောင်းနှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၁၂ သိန်း ၃ သောင်း ပေါက်ဈေးရှိကြောင်း သိရသည်။ဈေးကွက်၌ မတ်ပဲနှင့် ပဲစင်းငုံမှာမူ ဈေးနှုန်း ၁ သိန်း ၄ သောင်းမှ ၂ သိန်းနီးပါးထိ မြင့်တက်မှု ရှိသော်လည်း ပဲတီစိမ်းမှာမူ ပြည်ပနိုင်ငံများတွင် စိုက်ပျိုးမှုများ ရှိနေသောကြောင့် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်း အနည်းငယ် ကျဆင်းလျက် ရှိကြောင်း ပဲရောင်းဝယ်ရေး ဈေးကွက် အတွင်းမှ အချက်အလက်များအရ သိရသည်။“ပဲဈေးနှုန်း အရမ်း ထိုးတက်တာက အိန္ဒိယက များများ ဝယ်ယူရင်တော့ ဈေးများများ တက်မှာပါ။ အခုကတော့ ပုံမှန်ဈေးပေမယ့် မတ်လ ပထမပတ်ထက်စာရင် ပြန်ပြီး တက်လာပါတယ်။ ဈေးကွက်ထဲမှာလည်း တောင်သူတွေက ကုန်စည်ရဲ့ ဈေးအတက်အကျကို ကြည့်ပြီး ထိန်းရောင်းနေကြတာ ဆိုတော့ ဈေးကွက်ထဲမှာ ပစ္စည်းက မပေါဘူး။ ဈေးကတော့မြင့်တယ်။ ပဲတီစိမ်းကတော့ ဈေးကျတယ်။ သူများနိုင်ငံတွေမှာလည်း စိုက်ကြတယ်ဆိုတော့ ပြည်တွင်းဈေးက ကျပါတယ်” ဟု ဘုရင့်နောင် ကုန်စည်ဒိုင် အတွင်းရေးမှူး (၂) ဦးမြတ်စိုးက ပြောကြားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မတ် ၄ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု တန်ချိန်မှာ ၁၀၄၂၆၀၀ ကျော် တင်ပို့ထားပြီး ဒေါ်လာ သန်း ၁၀၁၀ ရရှိထားကြောင်း သိရသည်။ယခင် ဘဏ္ဍာနှစ် ကာလတူတွင် ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု တန်ချိန်မှာ ၁၀၆၉၃၀၀ ကျော် တင်ပို့ထားပြီး ဒေါ်လာ သန်း ၈၆၂ ရရှိထားကြောင်း သိရသည်။ထို့ကြောင့် ကာလတူ တင်ပို့မှု တန်ချိန် နှိုင်းယှဉ်ကြည့်ရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ တင်ပို့မှု တန်ချိန် နှစ်သောင်းကျော် လျော့နည်းသော်လည်း နိုင်ငံခြားဝင်ငွေ ရရှိမှုမှာ ဒေါ်လာ သန်း ၁၀၀ ကျော် ပိုမိုရရှိထားကြောင်း ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။
ပဲဈေးနှုန်း အတက်အကျပေါ် မူတည်ကာ တောင်သူများက ဈေးကွက်၌ ကုန်စည်ထိန်း၍ ရောင်းချမှုများကြောင့် ရန်ကုန်သို့ ကုန်အဝင်နည်းပြီး တစ်တန်လျှင် ကျပ်နှစ်သိန်း နီးပါး ပြန်လည် မြင့်တက်လာ










