ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ဒေါ်လာခြောက်ဘီလျံ နီးပါး ရှိပြီး ယခင်နှစ် ကာလတူ တင်သွင်းရန် အသုံးပြုငွေထက် ပိုများ

ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ဒေါ်လာခြောက်ဘီလျံ နီးပါး ရှိပြီး ယခင်နှစ် ကာလတူ တင်သွင်းရန် အသုံးပြုငွေထက် ပိုများ
Published 21 March 2016

ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ပမာဏမှာ ဒေါ်လာ ခြောက်ဘီလျံနီးပါး ရှိပြီး ယခင်နှစ် ကာလတူ တင်သွင်းရန် အသုံးပြုငွေထက် ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ တင်သွင်းမှုမှာ လက်ရှိ ဘဏ္ဍာနှစ် ဖြစ်သည့် ဧပြီ ၁ ရက်မှ မတ် ၁၁ ရက်အထိ ဒေါ်လာ သန်း ၅၇၈၀ ကျော် (ဒေါ်လာ ခြောက်ဘီလျံ နီးပါး) တင်သွင်းမှု ပြုလုပ်ထားပြီး ယခင် ဘဏ္ဍာနှစ် ကာလတူ တင်သွင်းမှုမှာမူ ဒေါ်လာ ၅၅၉၂ သန်းကျော် (ဒေါ်လာ ငါးဘီလျံကျော်) ရှိသည့်အတွက် ယခု ဘဏ္ဍာနှစ်တွင် တင်သွင်းမှု ပမာဏမှာ ပိုများနေခြင်းဖြစ်ကြောင်း ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများမှ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကို တင်သွင်းလျက်ရှိရာ နိုင်ငံပိုင်ပိုင်းနှင့် ပုဂ္ဂလိကပိုင်ပိုင်းဟူ၍ တင်သွင်းမှုရှိပြီး ပုဂ္ဂလိကပိုင်ပိုင်းမှ တင်သွင်းမှု ပိုများကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နံှမည့် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို သတ်မှတ်ပေးထားသည့် နှစ်အလိုက် အခွန်လွတ်ဖြင့် တင်သွင်းမှုများ ရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ များပြားလာသည်နှင့်အမျှ ရင်းနှီး မြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာကြောင်း သိရသည်။“ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ခွင့်ပြုမှု များလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာတယ်။ တင်သွင်းရာမှာ သတ်မှတ်ကာလအလိုက် အခွန်လွတ်နဲ့ တင်သွင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အခွန်လွတ်နဲ့ တင်သွင်းတာ ရာခိုင်နှုန်း ၅၀ အောက်ပဲ ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းဟု ဆိုရာ၌ ဘိလပ်မြေ၊ စက်နှင့် စက်ပစ္စည်း၊ ဆက်သွယ်ရေး ပစ္စည်း၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း စသည်တို့ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။မြန်မာနိုင်ငံတွင် နိုင်ငံသား လုပ်ငန်းရှင်များက လုပ်ငန်းပေါင်း ၁၁၂၉ ခုတွင် ကျပ် ဘီလျံ ၈၀၅၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ပြည်ပနိုင်ငံများက လုပ်ငန်းပေါင်း ၁၀၇၀ ခုတွင် ဒေါ်လာ ၅၉ ဘီလျံကျော်ဖြင့် ဝင်ရောက် မြှုပ်နှံ လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent