နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ နိုင်ငံတကာ ချေးငွေ ဒေါ်လာ ၁၆၉၂ သန်း ရယူထားပြီး ဒေါ်လာ ၁၅၈၈ သန်း သုံးစွဲရန် ကျန်ရှိနေသေး

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ နိုင်ငံတကာ ချေးငွေ ဒေါ်လာ ၁၆၉၂ သန်း ရယူထားပြီး ဒေါ်လာ ၁၅၈၈ သန်း သုံးစွဲရန် ကျန်ရှိနေသေး
Published 21 March 2016
စည်သူအောင်

မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ နိုင်ငံတကာချေးငွေ ဒေါ်လာ ၁၆၉၂ သန်း ရယူထားပြီး ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ဒေါ်လာ ၁၀၃ ဒသမ ၉၀၂ သန်းကိုသာ အသုံးပြုထားခြင်းကြောင့် နောက် အစိုးရများ လက်ထက်တွင် သုံးစွဲရန် ဒေါ်လာ ၁၅၈၈ သန်း ကျန်ရှိနေသေးကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏ စုစုပေါင်း ၃၄၁၃ မဂ္ဂါဝပ် (စက်တပ်ဆင်အား) ရှိရာမှ ၂၀၁၅-၂၀၁၆ ခုနှစ် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ရေအားလျှပ်စစ် ၃၁၈၅ မဂ္ဂါဝပ်၊ သဘာ၀ ဓာတ်ငွေ့ ၁၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ် ရှိလာပြီး စုစုပေါင်း စက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ် ရှိလာပြီဖြစ်သည်။ဦးသိန်းစိန် အစိုးရ လက်ထက်တွင် လျှပ်စစ်ဓာတ်အား ၁၈၂၂ မဂ္ဂါဝပ် (စက်တပ်ဆင်အား) တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ ဖြစ်သော အလယ်ပေါင်းလောင်း (၁၀၀ မဂ္ဂါဝပ်)၊ ရွှေလီ-၃ (၁၀၅၀ မဂ္ဂါဝပ်)၊ အထက်ရဲရွာ (၂၈၀ မဂ္ဂါဝပ်)၊ သူဌေး (၁၁၁ မဂ္ဂါဝပ်)၊ အထက်ကျိုင်းတောင်း (၅၁ မဂ္ဂါဝပ်)၊ အထက်နမ့်ထွမ် (၃ ဒသမ ၁ မဂ္ဂါဝပ်)၊ ဒီးဒုတ် (၆၆ မဂ္ဂါဝပ်)၊ သီလဝါ (၅၀ မဂ္ဂါဝပ်၊ မတ် ၂၀ တွင် ဖွင့်လှစ်ပြီးဖြစ်)၊ သထုံ (၁၀၆ မဂ္ဂါဝပ်)၊ မြင်းခြံ (၂၂၅ မဂ္ဂါဝပ်) တို့ရှိရာ ပြီးစီးပါက စုစုပေါင်း ၂၀၄၂ ဒသမ ၂ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၂၇၀၀ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်သေးခြင်းကြောင့် စီမံကိန်းသစ်များ မဆောင်ရွက်နိုင်ပါက ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနိုင်ကြောင်းနှင့် ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ထပ်မံတိုးချဲ့ တည်ဆောက်သွားမှသာ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက မတ် ၂၀ ရက်တွင် ပြုလုပ်သော သီလဝါ မဂ္ဂါဝပ် ၅၀ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက် ရုံဖွင့်ပွဲတွင် ပြောကြားသည်။မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် တစ်သိန်းခန့် ထုတ်လုပ်နိုင်သော်လည်း လက်ရှိ မဂ္ဂါဝပ် ၃၁၀၀ ကျော်သာ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် ရေစီးသန်သည့် သံလွင်မြစ်ကို အသုံးချပြီး အထက်သံလွင် (ကွမ်လုံ) ၁၄၀၀ မဂ္ဂါဝပ်၊ နောင်ဖ ၁၂၀၀ မဂ္ဂါဝပ်၊ မန်တောင်း ၂၂၅ မဂ္ဂါဝပ်၊ မိုင်းတုံ ၇၀၀၀ မဂ္ဂါဝပ် စသည့် ရေအားလျှပ်စစ် စီမံကိန်းတို့ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် တမံအနိမ့် နည်းပညာများဖြင့် တည်ဆောက်သွားရန် စီမံထားကြောင်း ၎င်းက ပြောကြားသည်။မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၀ သန်း (လူဦးရေ ၅၁ သန်း) ရှိသည့်အနက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု ၂ ဒသမ ၂၂ သန်းသာ မီးသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်သည်။ ငါးနှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၄၈ သန်း (လူဦးရေ ၇ ဒသမ ၄ သန်း) ကို လျှပ်စစ်ဓာတ်အား တိုးမြှင့် ပေးအပ်နိုင်ခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း ၆ ဒသမ ၈ သန်း (လူဦးရေ ၃၄ ဒသမ ၆၈ သန်း) ရှိနေဆဲ ဖြစ်သည်။မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးရေး စီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၁၂၁ မဂ္ဂါဝပ်၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ်အထိ လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။        

Most Read

Most Recent