၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီတင်သွင်းမှု မက်ထရစ်တန်ပေါင်း ၁၃ သန်းနီးပါးရှိ

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီတင်သွင်းမှု မက်ထရစ်တန်ပေါင်း ၁၃ သန်းနီးပါးရှိ
Published 21 March 2016
ရွှန်းလဲ့ဝင်း

၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီတင်သွင်းမှု မက်ထရစ်တန် စုစုပေါင်း ၁၃ သန်းနီးပါးရှိပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်းများအရ သိရသည်။
 
အဆိုပါ စက်သုံးဆီများအား ဘဏ္ဍာနှစ် ခြောက်နှစ်အတွင်း သင်္ဘောစင်းရေ ၂၁၇၂ စင်းဖြင့်  စက်သုံးဆီ မက်ထရစ်တန် စုစုပေါင်း ၁၂၉၄၃၇၃၈ တန် တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းနယ်မြေ သီလဝါဆိပ်ကမ်းဒေသတွင် စက်သုံးဆီ တင်ချဆိပ်ခံတံတား သုံးခုရှိပြီး အဆိုပါ ဆိပ်ခံတံတားများရှိ နောက်ခံမြေပေါ်တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး အဆောက်အအုံများ တည်ဆောက်ထားရှိသည်။ သီလဝါဒေသရှိ စက်သုံးဆီ တင်ချဆိပ်ခံတံတားသုံးခုမှာ မြတ်မေတ္တာမွန်၊Green Asia နှင့် Apex Jetty တို့ဖြစ်သည်။
 
အဆိုပါ စက်သုံးဆီတင်ချ ဆိပ်ခံတံတားများတွင် စက်သုံးဆီ သိုလှောင်ကန်များ အနေဖြင့် မြတ်မေတ္တာမွန်၌ ဓာတ်ဆီသိုလှောင်ကန် ငါးကန်တွင် မက်ထရစ်တန် ၃၀၀၀၊ ဒီဇယ်ကန် လေးကန်တွင် မက်ထရစ်တန်ပေါင်း ၃၄၀၀၀ စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၆၄၀၀၀ သိုလှောင်နိုင်ပြီး၊ သိုလှောင်ကန် သုံးကန်အား ဆောက်လုပ်နေဆဲဖြစ်သည်။
 
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့သည့် Green Asia Port Terminal  စက်သုံးဆီတင်ချ ဆိပ်ခံတံတားသစ်တွင် ဓာတ်ဆီသိုလှောင်ကန် လေးကန်၌ မက်ထရစ်တန် ၂၆၀၀၀၊ ဒီဇယ်ကန် နှစ်ကန်၌ မက်ထရစ်တန်ပေါင်း ၃၀၀၀၀ စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၅၆၀၀၀ သိုလှောင်ထားနိုင်သည်။ Apex Jetty တွင်ဓာတ်ဆီသိုလှောင်ကန် သုံးကန်တွင် မက်ထရစ်တန် ၁၆၂၀၀ သိုလှောင်ထားနိုင်ပြီး သိုလှောင်ကန်တစ်ကန်အား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ 
 
ပုဂ္ဂလိက ကုမ္ပဏီများ ရေကြောင်းဖြင့် စက်သုံးဆီ တင်သွင်းမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ကာ နှစ်စဉ်မြင့်တက်နေခြင်းဖြစ်သည်။ 

Most Read

Most Recent