ဦးအောင်ကျော်ခိုင်အား The Daily Eleven သတင်းဂျာနယ်က တွေ့ဆုံ၍ လာမည့် NLD အစိုးရသစ်လက်ထက် အစိုးရနှင့် လွှတ်တော်ကြား ထိန်းညှိဆောင်ရွက်သွားနိုင်မည့် အလားအလာ၊ တိုင်းဒေသကြီးလွှတ်တော် အနေဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကိစ္စများ၊ တိုင်းဒေသကြီးအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူတို့၏ ပြဿနာများနှင့် စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို မေးမြန်းမှုများအား ကောက်နုတ်ဖော်ပြလိုက်ပါသည်။
“အစိုးရအဖွဲ့ကို ထိန်းညှိမှုတော့ လုပ်ရမယ်။ သို့သော်လည်း ပြဿနာပဲရှာနေတဲ့ လွှတ်တော်လည်း မဖြစ်စေချင်ဘူး။ ပြည်သူ့မျက်နှာပဲ ကြည့်ရမယ်လေ”
ဧရာတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တွေ့ဆုံခြင်းမေး ။ ။ အခု ဒုတိယအကြိမ်လွှတ်တော်ဟာ ပြည်သူတွေရွေးချယ်မှုနဲ့ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဖြစ်တာကြောင့် ပြည်သူ့အစိုးရနဲ့ ပြည်သူရွေးချယ်တဲ့ လွှတ်တော်အနေနဲ့ ဘယ်လိုများ ထိန်းညှိလုပ်ဆောင်ဖို့ မျှော်မှန်းထားပါသလဲ။ဖြေ ။ ။ မျှော်မှန်းချက်ဆိုတာက လမ်းစဉ်ဖော်ဆောင်ရေးအတွက် ပါတီရှိမယ်။ ပါတီက ချမှာပဲ။ ဒီဟာတွေက နည်းနည်းကျယ်ပြန့်တယ်။ အဲဒီဟာမှာ အစိုးရပေါ်လာရင် အဲဒီအစိုးရမှာ ပါဝင်မယ့် ဝန်ကြီးဌာနတွေတောင် မသိသေးဘူး။ တိုင်းတွေမှာပေါ့ ဖွဲ့ပြီဆိုမှ အဲဒါက သိပ်တော့မကြာဘူး။ ဒီရက်ပိုင်းအတွင်း သိမယ်။ အဲဒါနဲ့ လိုက်လျောညီထွေမှု ရှိမယ့် ရေးရာကော်မတီတွေကို စဖွဲ့ရမယ်။ ပထမကတော့ မဖွဲ့မနေရ ကော်မတီတွေတော့ ဖွဲ့ပြီးသား။ ကော်မတီသုံးခု ငါးခု ဖွဲ့ထားတယ်။ ဒါတွေက ပုံမှန်ကော်မတီတွေ။ ပေါ်လာတဲ့ ဝန်ကြီးဌာနတွေနဲ့ ဟန်ချက်ညီညီ ထိန်းညှိနိုင်ဖို့ ရေးရာတွေ အဲဒီမှ ဖွဲ့ရမယ်။ အဲဒီလိုဖွဲ့ရင် တိုင်းအစိုးရမှာ ပါသွားမယ့် ကိုယ်စားလှယ်တွေကို အစားထိုးရဦးမယ်။ လူစားထိုးရဦးမယ်။ အဲဒီလို သွားရမယ်။ သွားပြီးမှ ဟန်ချက်ညီညီ သွားလို့ ရမှာ။ ဘာလို့လဲဆိုတော့ ကိုယ့်လူကိုယ်ပြန်ထိန်း ဇာတ်လမ်းစပြီလေ။ အဲဒီမှာမှ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ တပ်မတော်ရော ပြည်ခိုင်ဖြိုးရော သူတို့ထဲကနေပဲ ပြဿနာ ကလာတာပဲ။ဧရာဝတီဆို နာမည်ကြီးသွားတာပဲလေ။ ပြည်ထောင်စုမှာလဲ ဒီလိုပဲ။ အဲဒီလိုမျိုး ဒီမှာလဲဖြစ်မှာ စိုးတယ်။ ဖြစ်မှာစိုးတယ်ဆိုတာ အစိုးရအဖွဲ့ကို ထိန်းညှိမှုတော့ လုပ်ရမယ်။ သို့သော်လည်း ပြဿနာပဲရှာနေတဲ့ လွှတ်တော်လည်း မဖြစ်စေချင်ဘူး။အသေးအမွှားကစပြီးတော့ လိုက်ပြီးထောက်နေတာမျိုးလည်း မဖြစ်စေချင်ဘူးလေ။ ထိန်းညှိရမှာတော့ အမှန်ပဲ။ အကုန်ပေါင်းပြီးတော့ မဟုတ်တာလုပ်ဖို့ဆိုတဲ့ သဘောလည်း မဟုတ်ဘူး။ ပြည်သူ့မျက်နှာပဲ ကြည့်ရမယ်လေ။ ပေါ်လာမယ့် ဝန်ကြီးဌာနနဲ့ ကျွန်တော်တို့နဲ့ ထိန်းညှိပြီးတော့ စနစ်တကျလုပ်ဖို့ တကယ်ပြည်သူ လိုအပ်နေတဲ့အရာကိုလည်း အကောင်အထည်ဖော်ဖို့ အစိုးရအဖွဲ့ကိုလည်း လမ်းကြောင်းမှန်ဖို့ ကိုယ်ကလည်း ကူညီရမယ်။ လွှတ်တော်အနေနဲ့ရော တစ်မြို့နယ်ကို နှစ်ယောက် နှစ်ယောက်ရှိနေတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ရော တကယ်ပြည်သူတွေ လိုနေတဲ့အရာတွေကို တွန်းအားပေးဖို့၊ အစိုးရကို ပြဿနာလိုက်ရှာနေတာမျိုးပဲလည်း မဖြစ်စေချင်ဘူး။ အမှန်ကတော့ဗျာ အလယ်အလတ်လမ်းကို သွားနိုင်ဖို့ပေါ့။ ပြည်သူ့မျက်နှာကြည့်ဖို့ပေါ့ဗျာ။မေး ။ ။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။ ပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မယ်လို့ ထင်ပါသလဲ။ဖြေ ။ ။ ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကတော့ လုပ်ရင်းနဲ့မှ သိမယ်။ ဒီဟာက အမြန်ကြီး ပြောင်းနိုင်ဖို့ဆိုတာက ပြီးခဲ့တဲ့လူတွေ သွားတဲ့မူကတော့ သူတို့လက်ထက်မှာ ပြောလို့သာ ပြောတာ တကယ်ပြောင်းလဲသွားတာတွေ ရှိတယ်။အမှန်ကို မျက်လုံးစုံမှိတ်ပြီးတော့ အလကားပါလို့ ပြောလို့မရဘူး။ ဒါပေမဲ့ ပြည်သူအများစုကတော့ သိပ်မထိရောက်ဘူး တိုးတက်ခဲ့တာတော့ မှန်ပါတယ်။ သူတို့လက်ထက်မှာ ကံကောင်းတာက သဘာဝဓာတ်ငွေ့တွေလဲ အများကြီးထွက်တော့ အပေါ်မှာ စည်းလွတ်ဝါးလွတ်နဲ့ သဘာဝသယံဇာတတွေကို စည်းလွတ် ဝါးလွတ်တွေနဲ့ လုပ်ချင်တာလုပ်ပြီး တော့ ငွေရနည်းပေါ့။ သူတို့ကငွေရနည်းတွေက ပိုင်တော့ မရရအောင် လုပ်သွားတာ။ နိုင်ငံမှာတော့ အများကြီး သဘာဝပတ်ဝန်းကျင် ထိခိုက်တာတို့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အောက်ခြေပြည်သူတွေကတော့ မခံစားရဘူး။ လာမယ့် အစိုးရသစ်လက်မှာတော့ ဧရာဝတီတိုင်းဟာ လူဦးရေလည်း များတယ် စိုက်ပျိုးနေရာလည်း ဖြစ်တယ်လေ။ဒီမှာက စိုက်ပျိုးရေးရယ် ငါးရယ် ရေချိုရေငန်တွေ ရှိတာပေါ့။ ဒီဇာတ်လမ်းတွေနဲ့ ဆက်နွှယ်ပြီးတော့ ဒီငါးနှစ်အတွင်းကို ဝုန်းခနဲ အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ချင်မှတော့ လုပ်နိုင်မယ်။ အထိုက်အလျောက်တော့ လုပ်နိုင်ပြီး ကျေးလက်ဖွံဖြိုးရေးကို အဓိကလုပ်ရမယ် အရင်လက်ထက်က ကျေးလက်ဖွံ့ဖြိုးရေး မလုပ်ခဲ့တာတော့ မဟုတ်ဘူး။ လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ သူတို့လုပ်တာက ပိုက်ဆံထုပ်ကြီး ကိုင်ပြီးတော့ ကြဲလိုက်တာပဲလေ။ နောက် စိုက်ပျိုးရေးမှာလည်း အခု ဓာတ်ဆား၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအထိ သွင်းအားစုတွေ စိုက်စရိတ်တွေကို စီးပွားရေးပေါ်လစီတွေကို ပါတီက လမ်းစဉ်ချပြီးတော့ ဆောင်ရွက်မှာပေါ့။ နိုင်ငံတကာ အကူအညီတွေကအစ ဝင်လာမယ့်လမ်းကြောင်းတွေကို တကယ် ပြည်သူတွေ ထိရောက်အောင်လုပ်ရမယ်။မေး ။ ။ ပြီးဆုံးသွားတဲ့ လွှတ်တော်မှာ ပြည်သူတွေရဲ့ တိုင်ကြား သနားခံမှုတွေနဲ့ ပတ်သက်လို့ အရေးတယူ ဆောင်ရွက်မှုတွေမရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒုတိယအကြိမ် လွှတ်တော်မှာရော ဘယ်လိုဆောင်ရွက်ဖို့များ ရှိလဲ။ဖြေ ။ ။ တိုင်ကြားစာကော်မတီဆိုတာက အရေးကြီးပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်မှာကတော့ ကျန်ခဲ့တဲ့ တိုင်ကြားစာတွေ အခု အထပ်လိုက် ကျန်ခဲ့တယ်။ တိုင်ကြားစာကော်မတီဆိုတာ လွှတ်တော်ကကိုင်ပေမယ့် အစိုးရအဖွဲ့က လုပ်ရတာ။ လွှတ်တော်ရော အစိုးရက အချင်းချင်းတွေဖြစ်နေတော့ လုပ်မရဘူး ဖြစ်နေတာ။ ကျွန်တော်တို့ လက်ထက်မှာတော့ ဒီတိုင်ကြားစာကိစ္စတွေကို အခုပဲ တိုင်ကြားစာတွေ အများကြီးဝင်နေပြီ။ အခု ခရိုင်အလိုက် ခွဲနေတာ။ နေရာပြန်ရောက်တာနဲ့ နယ်မြေဆင်းပြီးတော့ အောက်ခြေမှာရှင်းလို့မရတဲ့ဟာကမှ အပေါ်ပြန်တက်ပေါ့။ မြေပြင်ကလူတွေကလည်း မလုပ်နိုင်သေးတဲ့ အနေအထားကို အားမရတော့ အောက်ခြေမှာပဲ ရအောင် ရှင်းရမယ်။ ဒါပေမဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတာက အာဏာပိုင်မဟုတ်ဘူးလေ။ အာဏာပိုင်က ရှင်းမှ ရမှာဆိုတော့ ဌာနဆိုင်ရာတွေက သွေးတိုးစမ်းတဲ့ဟာတွေလဲ ရှိလာနိုင်တယ်။ ဌာနဆိုင်ရာတွေက ရိုးရိုးသားသား တကယ်ကူညီဖို့ ကိုယ်က စည်းရုံးရေးနဲ့ သွားမလား၊ တိုက်ခိုက်ရတဲ့ပုံစံ သွားရမလား အဲဒီဟာတစ်ချက် လုပ်ရင်းနဲ့တော့ သိလာရမှာပဲ။မေး ။ ။ ဒုတိယအကြိမ်လွှတ်တော်ကို လွှဲပြောင်းပေးခဲ့တဲ့ အစိုးရကတိကဝတ်များကိုရော ဘယ်လိုဆောင်ရွက်ဖို့ ရှိပါသလဲ။ဖြေ ။ ။ ပထမအကြိမ်လွှတ်တော်က ထားခဲ့တဲ့ အစိုးရ ကတိကဝတ်တွေရှိတယ်။ အဲဒါတွေကို ပြန်စိစစ်ပြီးတော့ တကယ်လုပ်ရမယ့်ဟာတွေကို ဆွဲထုတ်ပြီးတော့ ကျွန်တော်တို့က ဆက်လုပ်ရမှာပေါ့။ သူ မလုပ်ခဲ့တာကိုတော့ သွားပြောလို့ မရတော့ဘူး သူကပြီးသွားပြီ။ အဲဒါတွေ ကျွန်တော်မကောက်သေးဘူး။ ပထမ ကတိကဝတ်မှာ ကျန်ခဲ့တဲ့ အဲဒီထဲက ဘယ်ဟာကို လုပ်ရမယ်ဆိုတာကို ပြန်စိစစ်တဲ့ဟာ မစသေးဘူး။ လုပ်ရမယ့်တွေက အဲဒီထိကို မသွားနိုင်သေးဘူး။ အကုန်ရပ်ကြည့်နေရတာ။မေး ။ ။ ဧရာဝတီတိုင်းဒေသကြီးဟာ မြေယာပြဿနာ များ ရှုပ်ထွေးလွန်းတဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို ဘယ်လိုမျိုးဖြေရှင်းပေးဖို့ ပြင်ဆင်ထားပါသလဲ။ဖြေ ။ ။ ဒါတွေက လုပ်ကိုလုပ်ရမှာ။ အခုက ဒေတာတွေ စုနေရတုန်း။ စုနေတယ်ဆိုတာ ကျွန်တော်တို့တင် မဟုတ်ဘူး မီဒီယာအပိုင်းရလည်း စုနေတာပဲ။ စုထားတဲ့ဟာတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ လူတိုင်းက အခက်အခဲဖြစ်မှာပဲ။ဘာလို့လဲဆိုတော့ တကယ်ကို မြေယာဇာတ်လမ်းတွေက ဧရာဝတီမှာ များတာကိုး။ အဲဒီထဲမှာ တစ်ခါကိုင်တွယ်ရခက်တဲ့ဟာလည်း ရှိလာနိုင်တယ်။ လွယ်တဲ့ဟာလည်း ရှိလာနိုင်တယ်။ ဒါတွေကြည့်ရမှာပဲ။ အခု ရေးရာကော်မတီတွေ ဖွဲ့တဲ့ဟာမှာလည်း အဲဒီကိစ္စတွေကို မဖွဲ့သေးဘူး။ အစိုးရအဖွဲ့ ပေါ်လာမှ ဖွဲ့လို့ရမယ်။မေး ။ ။ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိဘဲ လက်ရှိဖော်ဆောင်နေတဲ့ စီမံကိန်းများအပေါ်ရော ဘယ်လိုဆောင်ရွက်ဖို့များ ရှိမလဲ။ဖြေ ။ ။ ပထမအကြိမ်လွှတ်တော် ပြီးဆုံးခါနီးမှာ လွှတ်တော်မှာ မှတ်တမ်းတင်ထားတဲ့ စီမံကိန်းတွေရှိတယ်။ မြကျွန်းသာတို့ ပလက်တီနမ်စီမံကိန်းတို့ ဒါတွေနဲ့ပတ်သက်လို့ အချက်အလက်တွေ ကျွန်တော်တို့ တောင်းရတော့မယ်။ လွှတ်တော်မှာလည်း တင်ထားတာတော့ ရှိတယ်။ ဒါတွေကို ဘယ်လိုတွေလုပ်ပြီးတော့ ဘယ်လိုတွေ စခန်းသွားလဲဆိုတာ လိုအပ်ရင် ဒါနဲ့ပတ်သက်ပြီးတော့ မေးရတော့မယ်။ ဒီရက်ပိုင်းအတွင်း တစ်လလောက် အတွင်းမှာပဲဗျာ ပိုတိုးလုပ်နေတယ်။ ကျွန်တော် အဲဒီစီမံကိန်းတွေဘက်ကို ရောက်တယ်။ ရောက်တော့ မြေသယ်ကားတွေ အစီးပေါင်းရာနဲ့ ချီပြီးတော့ မြေတွေကို အတင်းတွေဖို့နေတာ။ ဒီဟာက ဒီရက်ပိုင်းလေး ကျန်တော့ချိန်မှာမှ ဘယ်လိုလုပ် အတင်းတွေလုပ်နေတာလဲဆိုတာ အများကြီးပဲ။ အခုနောက်ထပ်ကိုပဲ စားကျက်မြေတွေကို ထပ်လျှောက်ခိုင်းတာလို့ ဘာလို့ ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာပဲ အတင်းအားစိုက် လုပ်နေတာရှိတယ်။မေး ။ ။ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ အရည်အသွေး မပြည့်မီမှုတွေရှိတယ်လို့ ဝေဖန်မှုများအပေါ်ရော ဘယ်လိုမျိုး လုပ်ဆောင်မလဲ။ဖြေ ။ ။ ဌာနဆိုင်ရာတွေက လုပ်ငန်းတွေလုပ်နေတာမှာ အရည်အသွေးစစ်ဆေးချက်တွေ မမီတာတွေ ရှိတယ်။ ဒါတွေကို အရင်တုန်းကတည်းက ကျွန်တော်တို့ စစ်ဆေးဖူးတယ်။ အခုလဲ ဒါတွေကို အဖွဲ့ဖွဲ့ပြီးတော့ ထပ်ကောက်နေတယ်။ စနစ်တကျ ထပ်စစ်ရမယ်။ နောက်ပိုင်းမှာ မြို့နယ်အလိုက် ကိုယ်စားလှယ်တွေ ရှိနေပြီဆိုတော့ ပြန်ခွဲပြီးတော့ အသေးစိတ် ထပ်လုပ်ရမယ်။ ဒါပေမဲ့ တစ်ခုရှိတာက ပြီးပြီးသားကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြောရမလဲ။ ကျွန်တော်ကိုယ်တိုင်ပဲ တွေ့ထားတာတွေ ရှိတယ်။ အဆောက်အအုံတွေမှာဆို လိုတာတွေအများကြီးပဲ။ ကျွန်တော်တို့အလှည့်မှာတော့ ဒါတွေမဖြစ်အောင် အသေအချာစစ်ဆေးပြီးတော့ လုပ်မယ်။ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၏ ကိုယ်ရေးအကျဉ်းဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အား ၁၄ ရက် ဇွန်လ ၁၉၅၉ ခုနှစ်တွင် အဖ ဦးအုန်းအောင်၊ အမိ ဒေါ်ခင်ရီတို့မှ ဖွားမြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ဥပဒေဘွဲ့ ရရှိခဲ့သည်။ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၏ မြေးတော်စပ်သူဖြစ်ပြီး ၁၉၈၈ သပိတ်စခန်းနှင့် ၁၉၉၀ ရွေးကောက်ပွဲအောင်နိုင်ရေးတို့တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်ကာ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်ခဲ့သည်။ မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေအထောက်အကူပြုအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့တွင် ပါတီတာဝန်များ ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ၌ ပြည်ခိုင်ဖြိုးပါတီမှ လက်ရှိဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်အား ယှဉ်ပြိုင်အနိုင်ရခဲ့သူ ဖြစ်သည်။