သီလဝါဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အဆောက်အအုံများအား Puma Energy Asia Sun ကုမ္ပဏီမှ တည်ဆောက်မည်

သီလဝါဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အဆောက်အအုံများအား Puma Energy Asia Sun ကုမ္ပဏီမှ တည်ဆောက်မည်
Published 19 March 2016
ရွှန်းလဲ့ဝင်း

သီလဝါ ဆိပ်ကမ်းဒေသရှိ မြေ ၃၇ ဧကတွင် ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများကို Puma Energy Asia Sun ကုမ္ပဏီမှ BOT စနစ်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
 
သီလဝါ ဆိပ်ကမ်းမြေကွက်အမှတ် (၃) အား BOT စနစ်ဖြင့် ငှားရမ်းပြီး ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် သိုလှောင်ကန်များ တည်ဆောက်ရန် နိုင်ငံပိုင် သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခု တင်ဒါတင်သွင်းခဲ့သည်။
 
အဆိုပါ တင်ဒါတင်သွင်းသည့် ကုမ္ပဏီနှစ်ခုအနက် China Harbour Engineering Co.Ltd သည် တင်ဒါစိစစ် ရွေးချယ်ခြင်းနှင့် အခြေခံ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိသည့်အတွက် ပဏာမအဆင့် အောင်မြင်ခဲ့ခြင်းမရှိဘဲ Puma Energy Group Pte Ltd  မှပဏာမအဆင့် တင်ဒါအောင်မြင်ခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းနယ်မြေ သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၃) တွင် မျက်နှာစာအလျား ၁၆၈ မီတာ၊ အကျယ် ၂၅ မီတာရှိ ဆိပ်ခံတံတားတစ်စင်းနှင့် အလျား ၁၀၁ မီတာအကျယ် ငါးမီတာအရွယ်ရှိ ချဉ်းကပ်တံတားတစ်စင်းပါဝင်သော ကွန်ကရစ်ဆိပ်ခံတံတားများကို Puma Energy Asia Sun Company မှတည်ဆောက်ခဲ့ပြီးဖြစ်သည်။ ယင်းသို့ ဆိပ်ခံတံတားများ တည်ဆောက်ခဲ့ပြီး နောက်ခံမြေပေါ်တွင် ကတ္တရာ ၇၀၀၀ ကုဗမီတာ သိုလှောင်ထားနိုင်သည့် သိုလှောင်ကန်သုံးလုံး၊ ရေနံဆက်စပ်ပစ္စည်းများ ၈၃၇၅ ကုဗမီတာ သိုလှောင်ထားနိုင်သည့် သိုလှောင်ကန်ရှစ်လုံး တည်ဆောက်ခဲ့ပြီးဖြစ်သည်။
 
သီလဝါဆိပ်ကမ်းဒေသရှိ မြေကွက်အမှတ် (၃) ရှိ ဧရိယာ ၃၇ ဒသမ ၀၆ ဧကပေါ်တွင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း အကုန်အကျခံကာ ကတ္တရာနှင့် ရေနံဆက်စပ်ပစ္စည်းများ တင်ချဆိပ်ခံတံတားနှင့် အထောက်အကူပြု အဆောက်အအုံများ တည်ဆောက်သွားမည် ဖြစ်သည်။
 
Puma Energy Asia Sun ကုမ္ပဏီအနေဖြင့် သီလဝါဆိပ်ကမ်းဒေသရှိ မြေကွက်အမှတ် (၃) အား ငှားရမ်းခြင်းအတွက် မြေအသုံးချမှု ပရီမီယံကြေးအဖြစ် မြေတစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၆၇ နှုန်း၊ နှစ်စဉ်မြေငှားရမ်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၆၀၀၀၀၀၀ (မြေတစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၇ နှုန်း) ဖြင့်  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံ ပေးသွင်းရမည်ဖြစ်သည်။
 
Puma Energy Asia Sun ကုမ္ပဏီအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ၊ မြေငှားကာလကို ကနဦးနှစ် ၅၀ နှင့် နောက်ထပ်သက်တမ်း တစ်ကြိမ်လျှင် ၁၀ နှစ်နှင့် သက်တမ်းနှစ်ကြိမ် တိုးမြှင့်သည့် စနစ်ဖြင့် စုစုပေါင်း နှစ် ၇၀ လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဟု သိရသည်။                                               

Most Read

Most Recent