နိုင်ငံခြားမှ သတ်မှတ်ပေါက်ဈေးထက် အဆမတန် လျှော့ချကာ တင်ပို့လာသည့် သွင်းကုန်ပမာဏ မြင့်တက်လာသောကြောင့် ထိခိုက်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အကာအကွယ်ပေးမည့် အကာအကွယ်ပေးမှု ဥပဒေကြမ်း Safeguard Law ကိုဧပြီတွင် အပြီးသတ် ရေးဆွဲသွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ အကာအကွယ်ပေးသည့် နည်းစနစ်များ ချမှတ်ရာတွင် ပြည်တွင်း value added လုပ်ငန်းများကို အားပေးသည့် သွင်းကုန်များကို အလေးပေး သတ်မှတ်ရန်၊ ပြည်တွင်းစားသုံးသူတို့၏ လိုအပ်ချက်များအပေါ် မူတည်ချိန်ညှိရန်နှင့် တိကျမှန်ကန်သော သုတေသန အချက်အလက်များအပေါ် အခြေခံကာ ရေးဆွဲနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်း ပါဝင်ပြီး ပုဒ်မ ၃၆ ခုပါဝင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ရာခိုင်နှုန်း ၈၀ ကျော်မှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်ပြီး နိုင်ငံခြားမှ သတ်မှတ်ပေါက်ဈေးထက် အဆမတန် လျှော့ချကာ တင်ပို့လာသည့် ဈေးကွက်ပြိုင်ဆိုင်မှုများကြောင့် ထိခိုက်မှုများကို အကာအကွယ်ပေးနိုင်မည့် အခွန်စည်းကြပ်သည့် စနစ်များနှင့် သွင်းကုန်စံနှုန်းများ သတ်မှတ်ခြင်း စသည့်လုပ်ငန်းစဉ်များ ပါဝင်သည့် ဥပဒေမူကြမ်းအား စီးပွားကူးသန်း ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့် ပုဂ္ဂလိကကိုယ်စားပြု ကုန်သည်စက်မှု အသင်းချုပ်တို့ ပူးပေါင်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်ကုန်ရန် နီးကပ်လာချိန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ကဏ္ဍမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး မတ် ၄ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၅၃၂၀ ဒသမ ၆၇၃ သန်းရှိနေပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၆၉ ဒသမ ၅၆၄ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။
အလားတူပင် ပို့ကုန်ဖွံ့ဖြိုးရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ပို့ကုန်ထွန်းကားလာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် တန်ဖိုးမြှင့် ပို့ကုန်ဥပဒေကို ရေးဆွဲနေပြီး ပြည်တွင်းလုပ်ငန်းများအတွက် မျှတသည့် ကာကွယ်မှုများ ပေးနိုင်ရန် Anti-Dumping-Law နှင့် Safeguard Law များကို ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး ပြည်ပနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပပေါက်ဈေးထက် အဆမတန် လျှော့ချတင်ပို့လာသော သွင်းကုန်ပမာဏ မြင့်တက်လာသောကြောင့် ထိခိုက်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို ကာကွယ်ပေးမည့် ဥပဒေကြမ်း Safeguard Law ဧပြီတွင် အပြီးရေးဆွဲမည်










