နယ်စပ်ကုန်သွယ်ဂိတ်များတွင် ခေတ်မီလယ်ယာထွက်ကုန် သီးနှံသိုလှောင်ရုံများ မရှိသဖြင့် ဈေးကောင်းမရ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
လက်ရှိတွင် သိုလှောင်ရုံပိုင်းဆိုင်ရာ အားနည်းသည့် အခက်အခဲများကြောင့် ကမ္ဘာ့သီးနှံဈေးကွက်တွင် ဈေးနှုန်းကျဆင်းနေပါကလည်း မြန်မာ့လယ်ယာထွက်ကုန်များကို ထိန်းမထားနိုင်ဘဲ ရောင်းချနေရပြီး သီးနှံဈေးနှုန်း မြင့်တက်ချိန်တွင် ရောင်းရန်မရှိ ဖြစ်နေကြောင်း သိရသည်။
“သိုလှောင်ရုံနဲ့ ပတ်သက်တဲ့ အခက်အခဲကြောင့် အရည်အသွေးတွေ မကောင်း ဈေးကောင်း မရပါဘူး။ ကုန်သွယ်မှု မမြှင့်တင်နိုင်ဘူး။ တိုင်းပြည်အတွက်ရော နိုင်ငံတကာအတွက်ကိုပါ အရည်အသွေးကောင်းတဲ့ လယ်ယာပို့ကုန်သီးနှံတွေ မထုတ်လုပ်နိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာ့လယ်ယာထွက်ကုန် ဈေးကွက်မှာ နယ်စပ်ကုန်သွယ်ရေးကို အထူးအားကိုးနေရပြီး ပြည်ပသို့ ဆန်တင်ပို့သည့် ရာခိုင်နှုန်း ၉၀ မှာ တရုတ်သို့ နယ်စပ်မှ တင်ပို့ခြင်းဖြစ်ကြောင်း၊ နေ့စဉ်ဆန်တန်ချိန် ပျှမ်းမျှတန် ၃၀၀၀ မှ ၄၀၀၀ ကြား၊ ပြောင်းတန်ချိန် ပျှမ်းမျှတန် ၁၅၀၀ မှ တန် ၅၀၀၀ အကြား ကုန်သွယ်မှု ရှိနေကြောင်း ၎င်းကပြောကြားသည်။
နယ်စပ်ဈေးကွက် ပီပြင်ရန်အတွက် မူဆယ်၊ ကလေး၊ တမူး၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ စသည့်ဒေသများနှင့် စီးပွားရေး အချက်အချာကျသော ဒေသများတွင် အရည်အသွေး စစ်ဆေးရန် ဓာတ်ခွဲခန်းများ ပါဝင်သော ခေတ်မီသိုလှောင်ရုံများ တည်ဆောက်ရန် လိုအပ်နေကြောင်း ၎င်းကဆိုသည်။ ထိုသို့အကောင်အထည်ဖော်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည့်အပြင် ဈေးကွက်နှင့် ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားပြီး နောင်လာမည့် အစိုးရလက်ထက်တွင်လည်း တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ဂိတ်များတွင် လယ်ယာထွက်ကုန် သီးနှံသိုလှောင်ရုံများ မရှိသဖြင့် သီးနှံများ ဈေးကောင်းမရ ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ပြောကြား










