မြန်မာနိုင်ငံ တင်းပြည့် EITI အဖွဲ့ဝင်ဖြစ်စေရန် ၂၀၁၇ ခုနှစ်တွင် တင်သွင်းရမည့် ဒုတိယအကြိမ် အစီရင်ခံစာ၌ ကျောက်မျက်နှင့် သတ္တုကဏ္ဍကို ထည့်သွင်းမည်

မြန်မာနိုင်ငံ တင်းပြည့် EITI အဖွဲ့ဝင်ဖြစ်စေရန် ၂၀၁၇ ခုနှစ်တွင် တင်သွင်းရမည့် ဒုတိယအကြိမ် အစီရင်ခံစာ၌ ကျောက်မျက်နှင့် သတ္တုကဏ္ဍကို ထည့်သွင်းမည်
Published 18 March 2016
အေးမြတ်မွန်

မြန်မာနိုင်ငံမှ တင်းပြည့် EITI အဖွဲ့ဝင် ဖြစ်စေရန် လာမည့် ၂၀၁၇ ခုနှစ်တွင် တင်သွင်းရမည့် ဒုတိယအကြိမ် အစီရင်ခံစာ၌ ကျောက်မျက်နှင့် သတ္တုကဏ္ဍကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း မတ် ၁၈ ရက်ကပြုလုပ်သည့် “မြန်မာနိုင်ငံ EITI ပထမအကြိမ် အစီရင်ခံစာ တင်ပြခြင်း” အခမ်းအနားမှ သိရသည်။
 
မြန်မာနိုင်ငံ၏ ပထမအကြိမ် EITI အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် နိုင်ငံတကာ အတွင်းဝန်ရုံးသို့ တင်သွင်းခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ၁၀၀ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာပြပွဲ၏ အခွန်ဘဏ္ဍာငွေ ၅၃ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ ၄၅ ရာခိုင်နှုန်းတို့ပါဝင်သည့် ကုမ္ပဏီ ၅၇ ခုတို့၏ အခွန်ငွေ တိုက်ဆိုင်စစ်ဆေးထားမှုများ ပါဝင်တင်သွင်းခဲ့ကြောင်း သိရသည်။ 
 
“ရေနံနဲ့သဘာဝဓာတ်ငွေ့က ပထမ အစီရင်ခံစာမှာ ရာနှုန်းပြည့် အကုန်ပါသွားပြီ။ အခု ဒုတိယ အစီရင်ခံစာမှာ ကျောက်မျက်နဲ့ သတ္တုကဏ္ဍမှာ ကျန်သေးတဲ့ ကုမ္ပဏီတွေကို ဦးစားပေး စစ်ဆေးမယ်။ စစ်ဆေးပြီးတော့မှ အချိန်လည်းပိုရမယ်။ အခြေအနေပေးရင် သစ်တောပေါ့။ အဲ့ဒီကဏ္ဍကို ထည့်သွင်းမယ်။ ကျောက်မျက်ရဲ့ ကျန်တဲ့အပိုင်း၊ သတ္တုရဲ့ကျန်တဲ့အပိုင်းကို တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျောက်မျက်နဲ့သတ္တုက တော်တော်ကဏ္ဍကြီးနေတော့ ပိုအရေးကြီးတဲ့ ဒီနှစ်ခုကို ဦးစားပေးလုပ်သွားမယ်။ ဒီနောက်ဆုံးအစီရင်ခံစာတင်လို့ တင်းပြည့်အဖွဲ့ဝင် ဖြစ်သွားပြီးရင်တောင် နှစ်တိုင်းအစီရင်ခံစာ တင်နေရမှာဖြစ်တယ်။ ဒီမှာမပါလည်း နောက်အစီရင်ခံစာတွေမှာ ပါမှာဆိုတော့ ဆက်ပြီးထည့်သွားလို့ရတယ်။ ဒီလုပ်ငန်းစဉ်က ဆက်တိုက်သွားနေရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
ယခုတင်သွင်းရမည့် ဒုတိယအကြိမ် အစီရင်ခံစာတွင်မူ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း၌ ရရှိခဲ့သည့် ကျောက်မျက်နှင့် သတ္တုကဏ္ဍမှ အခွန်ဘဏ္ဍာငွေများကို တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
EITI လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းဖြင့် အခွန်ဘဏ္ဍာငွေ ကောက်ယူခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ ကုမ္ပဏီ များနှင့် ပြည်သူလူထုကြားတွင်လည်း အပြန်အလှန် ယုံကြည်မှု ခိုင်မာစေမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံအနေဖြင့် EITI ၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာစေရန် အစီရင်ခံစာနှစ်စောင်ကို တင်သွင်းရမည်ဖြစ်ကာ ပထမအကြိမ် အစီရင်ခံစာကို ၂၀၁၆ ခုနှစ်တွင် တင်သွင်းခဲ့ပြီးဖြစ်သဖြင့် ယခု ဒုတိယအကြိမ် အစီရင်ခံစာကို လာမည့် ၂၀၁၇  ခုနှစ်တွင် တင်သွင်းနိုင်ပါက တင်းပြည့်အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်သည်။
 
နိုင်ငံတစ်နိုင်ငံသည် EITI လိုအပ်ချက်အားလုံးကို ပြည့်မီကြောင်း နိုင်ငံတကာဆိုင်ရာ EITI ဘုတ်အဖွဲ့က ထင်မြင်ယူဆပါက အဆိုပါနိုင်ငံအား စံချိန်မီအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး အရာရောက်သော တိုးတက်မှုများ မရှိပါက ဘုတ်အဖွဲ့က ထိုနိုင်ငံ၏ EITI အဆင့်အတန်းကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံမှ တင်သွင်းရမည့် EITI ဒုတိယအစီရင်ခံစာအတွက် လွတ်လပ်သည့် နိုင်ငံတကာမှ စာရင်းစစ်အဖွဲ့အား ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent