ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် မဟာဗျူဟာကျသော အားနည်းချက်များ ရှိနေသည်ဟု သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့မှ လာရောက်စစ်ဆေးပါက ကင်းလွတ်နိုင်သည့် အခွင့်အရေး ရနိုင်ဟု GovRisk သုံး

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် မဟာဗျူဟာကျသော အားနည်းချက်များ ရှိနေသည်ဟု သတ်မှတ်ခံထားရသည့် မြန်မာနိုင်ငံကို ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့မှ လာရောက်စစ်ဆေးပါက ကင်းလွတ်နိုင်သည့် အခွင့်အရေး ရနိုင်ဟု GovRisk သုံး
Published 17 March 2016
ဖြိုးဝေ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် မဟာဗျူဟာကျသော အားနည်းချက်များ ရှိနေသည်ဟု ငွေကြေးဆိုင်ရာ လှုပ်ရှားရေးတပ်ဖွဲ့ (Financial Action Task Force - FATF) က မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် တန်းတူသတ်မှတ် ခံထားရသည့် မြန်မာနိုင်ငံအနေနှင့် FATF က မကြာမီလာရောက် စစ်ဆေးမည် ဖြစ်သည့်အတွက် ကင်းလွတ်နိုင်သည့် အခွင့်အရေး ရနိုင်မည်ဖြစ်ကြောင်း The International Governance and Risk Institute - GovRisk က မတ် ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးကလပ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာပြစ်မှုနှင့် ငွေကြေးခဝါချမှုများ တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
"FATF ရဲ့စာရင်းက ပယ်ဖျက်ပေးမယ်ဆိုရင် ထိရောက်တဲ့ ငွေကြေးခဝါချမှု/အကြမ်းဖက်မှု အပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး စနစ်အတွက် အခြေခံအုတ်မြစ် ရှိနေပြီဆိုတဲ့ လက္ခဏာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၇ ခုနှစ်မှာ အပြန်အလှန် အကဲဖြတ် သုံးသပ်မှုနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုစနစ် ထိရောက်ကြောင်း ပြသရေးက အဓိကစိန်ခေါ်မှု ဖြစ်နေတဲ့အတွက် ဆက်ပြီးလုပ်ဆောင်စရာတွေ အများကြီး ရှိနေပါသေးတယ်" ဟု UK-FIU တွင် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာ မားကပ်စ်စတီးဝပ်က GovRisk ၏ ထုတ်ပြန်ချက်ကို ရှင်းလင်းဖတ်ကြားသည်။
နိုင်ငံများအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးများ လုပ်ဆောင်ရန် အစီအမံများဖြစ်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရန် ကျယ်ပြောသော ဥပဒေမူဘောင်၊ ပြစ်မှု သို့မဟုတ် အကြမ်းဖက်မှုမှ ရရှိသော ငွေကြေးများကို နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ဝင်ရောက်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းတို့ကို တားဆီးကာကွယ်ရန် တောင့်တင်းခိုင်မာသည့် အစီအမံများ ချမှတ်ထားသည့် ငွေကြေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကဏ္ဍများ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ လိုက်နာမှု သေချာစေရန် အားကောင်းသည့် အစီအမံများ ချမှတ်သည့် ကြီးကြပ်ရေး အဖွဲ့အစည်းများနှင့် ယင်းပြစ်မှုများတွင် ပါဝင်သည့် လူများ၊ အဖွဲ့အစည်းများအပေါ် စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲဆိုခြင်းနှင့် တားဆီးနှိမ်နင်းခြင်းများ လုပ်ဆောင်ရန် သင့်တော်သည့် လုပ်ပိုင်ခွင့် အာဏာကျင့်သုံးသည့် တရားဥပဒေစိုးမိုးရေး အဖွဲ့များရှိရန် လိုအပ်သည်။            
မြန်မာနိုင်ငံသည် FATF နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသော နိုင်ငံအဖြစ် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံကို ထည့်သွင်း သတ်မှတ်လိုက်ပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ နည်းဥပဒေနှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ပြဋ္ဌာန်းရန် ပျက်ကွက်လျက် ရှိခြင်းကြောင့် Counter Measure ဖြင့် စတင်အရေးယူခဲ့ပြီး လက်ရှိအချိန်အထိ အရေးယူမှု အဆင့်ဆင့်ဖြင့် ဆက်လက်လုပ်ဆောင် ခံရမှုများ ရှိနေသည်။
နိုင်ငံများအနေနှင့် မိမိတို့နိုင်ငံအပေါ် ကျရောက်နိုင်သည့် အန္တရာယ်များကို အကဲဖြတ် သုံးသပ်မှု ပြုလုပ်သည့်အခါ ယင်းအန္တရာယ်များကို နားလည်သဘော ပေါက်နိုင်ရန် FATF စံနှုန်းများအရ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်းလုပ်ငန်း ပြုလုပ်ထားရှိရန် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါ အကဲဖြတ်လုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီဖြင့် စတင်လုပ်ဆောင်နေသည်။
အဆိုပါလုပ်ငန်း လုပ်ဆောင်ရန် နိုင်ငံတွင်းရှိ ပုဂ္ဂလိကကဏ္ဍ အပါအဝင် သက်ဆိုင်ရာ အကျိုးဆက်စပ်သူ အားလုံး၏ ထည့်ဝင်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန်လိုအပ်ပြီး အမျိုးသားအဆင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ် မတိုင်မီ ပြီးစီးရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အမျိုးသားအဆင့် အန္တရာယ်ဖြစ်နိုင်ခြေ အကဲဖြတ်ခြင်း လုပ်ငန်းမှ ထုတ်ဖော်ရမည့် အန္တရာယ် ဖြစ်နိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရက အမျိုးသားအဆင့် မဟာဗျူဟာ အစီအစဉ်တစ်ရပ် ရေးဆွဲရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခဝါချမှုပေါင်း ၇၀ ကျော်ကို အရေးယူစစ်ဆေးခဲ့ပြီး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်း အရေးယူနိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်နှင့် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းမှ ပြီးခဲ့သည့် စစ်အစိုးရနှင့် လက်ရှိအစိုးရ လက်ထက် ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံမှ တရားမဝင် စီးထွက်သွားသည့် ငွေကြေးစီးဆင်းမှုများနှင့် စီးဝင်လာခဲ့သည့် တရားမဝင် ငွေကြေးစီးဆင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထက်မနည်း ရှိခဲ့သည်ဟု မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း တရားမဝင်  ငွေကြေးစီးဆင်းမှုများနှင့် ပတ်သက်၍ အမေရိကန်၊ ဝါရှင်တန်အခြေစိုက် Global Financial Integrity အဖွဲ့က ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် သတင်းထုတ်ပြန်ခဲ့သည်။   
 

Most Read

Most Recent