အစိုးရသစ် မျှော်လင့်ချက်ကြောင့် ဂျပန်ထိပ်တန်း ကော်ပိုရေးရှင်း လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ငန်းများ အပြိုင်အဆိုင် တိုးမြှင့်ရန် စီစဉ်

အစိုးရသစ် မျှော်လင့်ချက်ကြောင့် ဂျပန်ထိပ်တန်း ကော်ပိုရေးရှင်း လုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ငန်းများ အပြိုင်အဆိုင် တိုးမြှင့်ရန် စီစဉ်
Published 16 March 2016
စည်သူအောင်

လာမည့် မတ်လကုန်တွင် တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်အပေါ် ထားရှိသည့် မျှော်လင့်ချက်များကြောင့် ဂျပန်ထိပ်တန်း လုပ်ငန်းများသည် မြန်မာနိုင်ငံရှိ လုပ်ငန်းများ တိုးချဲ့ရန် အပြိုင်အဆိုင် စီစဉ်နေကြောင်း ဂျပန် သတင်းအေဂျင်စီ တစ်ခုဖြစ်သော JiJi Press ၏ သတင်းဖော်ပြချက်အရ သိရသည်။ဂျပန်နိုင်ငံ၏ ထိပ်တန်း ကော်ပိုရေးရှင်းများ ဖြစ်သော Misui & Co နှင့် Marubeni Corp တို့သည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတ်မြေသြဇာ စက်ရုံများ စီမံကိန်းများကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ Mitsui သည် ၎င်း၏ စင်ကာပူ မိတ်ဖက်နှင့် မြန်မာနိုင်ငံမှ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ ဆောက်ရန် မတ်လ အစောပိုင်းက သဘောတူညီချက် ရရှိခဲ့သည်။ Marubeni ကလည်း ပြည်တွင်းမိတ်ဖက် တစ်ဦးနှင့် ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တစ်ရုံကို လာမည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင် လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။Mitsubishi Corp၊ Itochu Corp နှင့် Sumitomo Corp တို့ကလည်း မော်တော်ယာဉ် အခြေပြု စီးပွားရေး လုပ်ငန်းများတွင် လုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ယင်းကော်ပိုရေးရှင်းများ အပါအဝင် ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ပိုမို ပီပြင်လာသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ပိုမိုလျင်မြန် သွက်လက်စွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။မော်တော်ယာဉ် ဝန်ဆောင်မှုတွင်လည်း Sumitomo က Hino Mortors Ltd အတွက် ပြုပြင်ထိန်သိမ်းရေး ဝန်ဆောင်မှု စင်တာများ ဆောင်ရွက်ခွင့် ရရှိထားပြီး Itochu ကလည်း Isuzu Motors Ltd ၏ မော်တော်ယာဉ်များအတွက် ဝန်ဆောင်မှုများ ပေးအပ်ရန် သဘောတူညီချက် ရရှိထားသည်။ အခြား ဂျပန်မော်တော်ကား လုပ်ငန်းစုများဖြစ်သော Toyota၊ Nissan၊ Suzuki၊ Mazda၊ Misubishi စသည်တို့လည်း မြန်မာဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်သည်။ထို့ပြင် ဂျပန်နိုင်ငံ အခြေစိုက် ကော်ပိုရေးရှင်း တစ်ခုဖြစ်သော Mitsubishi Estate Co သည် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ် မြေနေရာတွင် အဆင့်မြင့် အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီး ယန်း ဘီလျံ ၅၀ (အမေရိကန် ဒေါ်လာ ၄၃၉ သန်းဝန်းကျင်) ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ထင်ရှားသည့် ဗဟိုစီးပွားရေး ကူးသန်းရောင်းဝယ်ရေး ခရိုင်ဖြစ်သော Marunouchi ကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရုံးအဆောက်အအုံများ၊ အဆင့်မြင့် လူနေအဆောက်အအုံများ၊ ဈေးဝယ်စင်တာများနှင့် ဟိုတယ်များ ပါဝင်မည်ဖြစ်သည်။သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ လက်ထက် ကတည်းက ဂျပန်ကော်ပိုရေးရှင်းများ အပါအဝင် ဂျပန်စီးပွားရေး အများအပြား ဝင်ရောက်လာပြီး အဆိုပါ လုပ်ငန်းများကို ဝန်ဆောင်မှု ပေးရန်အတွက် ဂျပန် ထိပ်တန်းဘဏ် သုံးခုကို ဘဏ်ခွဲဖွင့်လှစ်ခွင့် လိုင်စင် ထုတ်ပေးခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပထမအကြိမ်အဖြစ် ဘဏ်လုပ်ငန်း ကိုးခုကို လိုင်စင်ထုတ်ပေးခဲ့ရာ ဂျပန်ဘဏ် သုံးဘဏ်ဖြစ်သည့် Bank of Tokyo-Mitsubishi UFJ Ltd၊ Sumitomo Mitsui Banking Corp၊ Mizuho Bank Ltd တို့ လိုင်စင် ရရှိခဲ့ပြီး ယခု လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။မြန်မာနိုင်ငံမှ ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုထားသော ဂျပန်လုပ်ငန်း ၈၅ ခုရှိပြီး အမေရိကန်ဒေါ်လာ ၆၁၉ သန်းကျော် မြှုပ်နှံထားသည်။ ထို့ပြင် ရန်ကုန်တိုင်း တောင်ဘက်ခြမ်းရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်စီးပွားရေး လုပ်ငန်း အများအပြား ဝင်ရောက် မြှုပ်နှံလျက် ရှိပြီး တနင်္သာရီတိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန်တွင်လည်း ဂျပန်နိုင်ငံမှ ပါဝင်ဆောင်ရွက်ရန် သဘောတူထားပြီး ဖြစ်သည်။

Most Read

Most Recent