မတ် ၂၅ ရက် စတော့အိတ်ချိန်းဈေးကွက် ဖွင့်လှစ်ချိန်တွင် အစုရှယ်ယာ အရောင်းအဝယ် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု FMI ကုမ္ပဏီထုတ်ပြန်

မတ် ၂၅ ရက် စတော့အိတ်ချိန်းဈေးကွက် ဖွင့်လှစ်ချိန်တွင် အစုရှယ်ယာ အရောင်းအဝယ် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု FMI ကုမ္ပဏီထုတ်ပြန်
Published 15 March 2016
ချမ်းမြေ့သူ

မတ် ၂၅ ရက် စတော့အိတ်ချိန်း ဈေးကွက်ဖွင့်လှစ်ချိန်တွင် အစုရှယ်ယာအရောင်း အဝယ်လုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း FMI ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် First Myanmar Investment Co.,ltd (FMI) သည် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၎င်း၏ အစုရှယ်ယာများအား စာရင်းတင်သွင်းရန် YSX ထံမှ အတည်ပြုချက်ရရှိပြီး ဖြစ်သဖြင့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက် ဈေးကွက်ဖွင့်လှစ်ချိန်၌ အစုရှယ်ယာ အရောင်းအဝယ်လုပ်ငန်းကို စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ပါရှိသည်။
လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုတွင် စာရင်းဖွင့်လှစ်ပြီးဖြစ်သည့် အစုရှယ်ယာရှင်များသည် မတ် ၂၅ ရက်တွင် ၎င်းတို့၏ အစုရှယ်ယာများကို စတင်ရောင်းဝယ်မှု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ငွေချေးသက်သေခံ လက်မှတ်စာရင်း ဖွင့်လှစ်မှု မပြုလုပ်ရသေးသည့် အစုရှယ်ယာရှင်များ အနေဖြင့် အစုရှယ်ယာ ရောင်းဝယ်ခြင်း မပြုလုပ်မီ ငွေချေးသက်သေခံလက်မှတ် စာရင်းတစ်ခု ဖွင့်လှစ်ထားရန် လိုအပ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် First Myanmar Investment, First Private Bank (ပထမပုဂ္ဂလိကဘဏ်)၊ Myanmar Citizen Bank, Myanmar Thilawa SEZ Holdings Public ကုမ္ပဏီ၊ Great HOR KHAN Public Co.,ltd, Myanmar Agribusiness Public Corporation (MAPCO) တို့ကို ရှယ်ယာစတင် ရောင်းချမည့် ကုမ္ပဏီများအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများ ရောင်းချခွင့်လုပ်ငန်း လိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံအထိ သတ်မှတ်ထားပြီး တစ်ဆင့်ခံ ရှယ်ယာများ ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်း အမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ်ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းရှိ မြဝတီဘဏ် ရုံးချုပ်ဟောင်း နေရာတွင် စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး အစုရှယ်ယာ အရောင်းအဝယ်ကိုမူ မတ် ၂၅ ရက်တွင် စတင်ပြုလုပ် နိုင်မည်ဖြစ်ကြောင်း သိရသည်။                                             

Most Read

Most Recent